Tuesday, 10 March 2015

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၆)


မွန်အမျိုးသား လှုပ်ရှားမှုအစ

မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့သမား လက်အောက်ရှိပြီးနောက် အင်္ဂလိပ်စာသည် အရေးပါသောစာပေ၊ မသင်မနေရသောစာပေ၊ အင်္ဂလိပ်စာ တတ်မှ အုပ်ချုပ်ရေးတွင် အရာထမ်း၊ အမှုထမ်းများ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အင်္ဂလိပ်ကုမ္ပဏီနှင့် ဆက်ဆံရာတွင် အင်္ဂလိပ်စာသည် မတတ်မဖြစ်သည့်စာပေ ဖြစ်လာသည်။ မြန်မာစာပေသည် မြန်မာပြည်တွင် အင်္ဂလိပ်စာပေလောက် အရေးပါသော စာပေ မဟုတ်တော့ပေ၊ မြန်မာစာတတ်လျှင် အမြင့်ဆုံး တိုင်းရင်းသား ဘာသာ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ကျောင်းဆရာနှင့် မြေတိုင်းစာရေးလောက်သာ ဖြစ်နိုင်သော
အခြေအနေ ရှိသည်။ ထိုကြောင့် မြန်မာစာသင်ကြားလိုသူများ လျော့နည်းလာပြီး၊ မိမိတို့အသက်ရှင်ရေးအတွက် ကျွန်ပညာ ဟု ခေါ်သော ရာထူး၊ ရာခံရရှိရေးအတွက် အင်္ဂလိပ်စာကို သင်ကြားရသဖြင့် မျက်နှာငယ်လျှက် ရှိသည်၊ ပျောက်ပျက်သွားမည်ကို မျိုးချစ်ပညာတတ်များ၊ မြန်မာများက စိုးရိမ်လာကြသည်၊ စာပျောက်လျှင် လူမျိုးပျောက်မည်ကို သမိုင်းအရ သိကြရ၍၊ မြန်မာစာ၊ စကားကို ထိန်းသိမ်းရန်အတွက် ဒို့ဗမာအစည်းအရုံးက အမျိုးဘာသာစာပေ ရှင်သန်တိုးတက်ရန်အတွက် -

(၁)  မြန်မာလူမျိုးသည်  - တို့လူမျိုး
(၂)  မြန်မာစာသည်  - တို့စာ
(၃)  မြန်မာစကားသည်  - တို့စကား

တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကားကို ပြောကြပါ ဟု ကြွေးကြော်လှုံ့ဆော်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးဝင်များ ရှေ့တွင် မိမိတို့သည် ကျွန်မဟုတ်၊ သခင်လူမျိုးဖြစ်ကြောင်း သိကြရန်၊ မိမိတို့နာမည်ရှေ့တွင် သခင်တပ် ခေါ်ကြသည်၊ တပ်ခေါ်ရန်လည်း လှုံ့ဆော်ခဲ့သည်။

ဒို့ဗမာအစည်းအရုံး၏ အမျိုးသားကြွေးကြော်သံဂယက်သည် မွန်အမျိုးသားတို့ထံသို့  ရိုက်ခတ်လာပြီး မွန်အများအတွက် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရန် အဖွဲ့အစည်းတရပ် လိုလာသည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ ယုံကြည်သည့်အလျောက် မွန်ရဟန်းတော်များနှင့် ပညာတတ် မွန်အမျိုးသား၊ မျိုးချစ်များ စုပေါင်းပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ကို ၁၉၃၉ -ခုနှစ် သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့ပေါ်ရှိ မွန်သံဃာတော်များ၊ မွန်ပုဂ္ဂိုလ်များအား ပင့်ဖိတ်၍ ဖွဲ့စည်းသည်။


ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်

ရာမညတိုင်းလုံးဆိုင်ရာအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး၊ ဥက္ကဌအဖြစ် ဦးကျန် (ပဲခူး)  ရိက္ခာတော်ရ၊ ဒု-ဥက္ကဌများအဖြစ် ဦးဘသော် ရိက္ခာတော်ရ (ပဲခူး)၊ ဦးဘသိန်း (ရေး) ပါလီမန်အမတ်၊ ပါလီမန်အတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန ဖြစ်ပြီး၊ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဦးဒွေး (ပဲခူး) (ကျောင်းဆရာ)၊ ဆရာ ဦးချစ်သောင်း၊ ငွေထိန်း (ဓါတုဗေဒမင်းကြီး)၊ ဦးမောင်ကလေး (မွန်ခရစ်ယာန်အသင်း)၊ မွန်ဦးဘိုးချို စသောပုဂ္ဂိုလ်များ ပါဝင်ကြပြီး၊ မွန်သံဃာတော်များမှာ အဖွဲ့ချုပ်၏ နာယကဆရာတော်များအဖြစ် ပါဝင်ကြသည်၊ ဦးကျန်သည် နာမကျန်းတော့၍ တနှစ်သာ တာဝန်ယူနိုင်ပြီး ၁၉၄၀ -ခုနှစ်တွင် အနားယူသည်၊ ၎င်းနေရာကို ဒု-ဥက္ကဌ ဦးဘဘော် ဆက်၍ တာဝန်ယူသည်။

ရာမညအဖွဲ့သည် မိမိတို့၏အမျိုးဘာသာစာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်း လုပ်ရာတွင် တခြားတိုင်းရင်းသားများနှင့် အထူးသဖြင့် မြန်မာများက သံသယ ကင်းစေရန် ရာမညအဖွဲ့ချုပ်သည် မည်သည့် ပါတီ နိုင်ငံရေးကိုမျှ မလုပ်ကြောင်း ကြေညာထားသည်၊ ထိုသို့ ကြေညာသည်မှာ အချို့မြန်မာများသည် မွန်တို့သည် နယ်ချဲ့သမားသဘောကျ လူမျိုးသွေးကွဲစေရန် မြှောက်ပင့်ပေးသည်ဟု စွပ်စွဲသောကြောင့် ဖြစ်သည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ ဖွဲ့စည်းအုပ်ပုံ ဥပဒေတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၁၇ တွင် “ဤရာမညအသင်းအမည်ဖြင့် မည်သူမျှ နိုင်ငံရေး မလုပ်ရ” ဟု ပြဌာန်းထားသည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ မွန်လူမျိုး ဟူသော ရှင်းလင်းချက်မှာ -

မွန်လူမျိုး ဆိုသည်မှာ မွန်လူမျိုးတို့မှ ဆင်းသက်သည်ဖြစ်စေ (သို့မဟုတ်) မွန်လူမျိုး၊ ဇာတိသွေး၊ အမိမှဖြစ်စေ၊ အဘမှဖြစ်စေ ပါ၍၊ မွန်စကားမပြောတတ်သော်လည်း မွန်လူမျိုးတို့အကျိုးကို သယ်ပိုးဆောင်ရွက်သော လူများကို ဆိုသည်။

ရည်ရွယ်ချက်။  ။ မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာ၊ သာသနာတို့ကို မတိမ်ကော၊ မပပျောက်စေဘဲ တိုးတက်ကြီးပွားရေးအတွက် ဆောင်ရွက်ရန် အဓိက ဖြစ်သည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် စကား၊ စာပေ ပျောက်လျှင် လူမျိုးပျောက်မည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ရှေးက ပျူလူမျိုး ရှိခဲ့သော်လည်း ပျူစာပေ၊ စကား ပျောက်သွားသဖြင့် ပျူလူမျိုးလည်း ပျောက်သွားခဲ့သည်၊ ထို့ကြောင့် အဖွဲချုပ်၏ကြွေးကြော်သံကို တို့ဗမာအစည်းအရုံးအား တုယူကာ -

မွန်လူမျိုးသည်  - တို့လူမျိုး
မွန်စာသည်  - တို့စာ
မွန်စကားသည်  - တို့စကား

တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစာပါ၊ တို့စကားကို ပြောကြပါ၊ မွန်အမျိုးသားရှေ့တွင် တလိုင်း မဟုတ်ကြောင်း သိရန်နှင့် မွန်အမျိုးသားမှန်း သိအောင် မွန် တပ်ခေါ်ရန် လှုံ့ဆော်ခဲ့သည်။

မွန်လူမျိုး ရှေ့တွင် မွန်ထည့်ရခြင်း အကြောင်းအရင်းမှာ -

“မွန်အမျိုးသားများသည် မိမိတို့သည် ရာမညဒေသတွင် နေထိုင်သူများ ဖြစ်ပြီး မွန်လူမျိုး ဖြစ်သည်၊ သမိုင်းဆရာများ ရေးသားသော တလိုင်း မဟုတ်ပါ၊ တလိုင်း ဟူသော ဝေါဟာရမှာ မွန်ဘာသာအားဖြင့် မွန်တို့နားလည် သဘောပေါက်ခံယူထားသည်မှာ အမိမဲ့သား - မျိုးမစစ် ဖြစ်သသည်”။

၎င်းကိစ္စနှင့်ပတ်သက်၍ ၁၉၃၀ -ခုတွင် မြန်မာနိုင်ငံ၏ ခေတ္တဘုရင်ဖြစ်ခဲ့သူ မွန်အမျိုးသား ဆာ - ဂျေ အေမောင်ကြီးသည် တလိုင်းအစား မွန်ကို သုံးရန် ပြည်ထဲရေးဌာန ၂၉၊ ၇၊ ၃၀ နေ့စွဲပါ ဆာကြုလာအမှတ် ၁၄၇ / ဒီ - ၃၁ အရ အစိုးရဌာနများသို့ ညွန်းကြားစာ ထုတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်ထက်တွင်၎င်း၊ ဆာကြုလာကိုပင် ၁၅-၇-၄၇ နေ့စွဲဖြင့် အမှတ် ၅၉၊ အိတ်(ဖ်) -၄၇ (၁၇၁၃) အရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံညွန်ကြားခဲ့သည်။

ပဒေသရာဇ်ခေတ်တွင် စစ်ရှုံးခဲ့ပြီး ခေါင်းဆောင်မဲ့သောဘဝ ရောက်ရှိနေသော မွန်လူမျိုးတို့သည် မိမိတို့မျိုးရိုး ဇာတိကိုပင် မဖော်ပြောရဲသောကာလတွင် ရှိနေသည်။ အစိုးရအမှုထမ်းသော မွန်သည် မိမိကိုယ်ကို မွန် ဟု ပြောလျှင် ရာထူးတိုးတက်ရေးအတွက်၎င်း၊ တခြားလူမျိုးကိစ္စတွင်၎င်း၊ အနှိမ်ခံရမည်ကို ကြောက်၍ မွန် ဟု အမည်ခံလိုကြ၊ မခံရဲကြ၊ နာမည်ခံရဲလာအောင် သွေးသစ်လောင်းပေးခြင်း ဖြစ်သည်။

၁၉၃၀ -ခုနှစ် သန်းခေါင်စာရင်းတွင် မွန်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် မွန် (၃၃၆၇၂၈) ယောက်သာ ပါရှိသည်။ စင်စစ် ထိုလူဦးရေးသည် များစွာ လျှော့နည်းလျှက် ရှိသည်၊ သန်းခေါင်စရင်း ကောက်ယူရာတွင်၊ သန်းခေါင်စာရင်း ကောက်သူများသည်၊ မွန်ကို မြန်မာ ဟု ရေးသားခြင်း တခါတရံ မွန်- မြန်မာ အတူတူဘဲ၊ မြန်မာ ရေးလျှင်လည်း ပြီးတာဘဲ ဟု ယူဆကြသည်၊ မွန်အမျိုးသားများလည်း သန်းခေါင်စာရင်း ကောက်ရာတွင် မွန်လူမျိုးနေရာတွင် မိမိတို့ လူမျိုး၊ မွန် ထည့်သွင်းရမှန်း မသိခြင်း၊ သိသော်လည်း ပြောရန် ကြောက်ရွံ့နေခြင်းတို့ကြောင့် လျှော့နည်းနေသည်ဟု ယုံကြည်သည်။

ထို့ကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်က အထက်ပါကြွေးကြော်သံအရ အကောင်အထည် ဖော်ရန် လုပ်ဆောင်ကြသည်။ မွန်စာပေပြန့်ပွားရေးအတွက် မွန်ဘူလက်တင် (Mon Bulletin) ကို၊ မွန်-မြန်မာနှစ်ဘာသာဖြင့် လစဉ်မှန်မှန် ထုတ်ဝေဖြန့်ချီခဲ့သည်။


ဗြိတိသျှ နယ်ချဲ့သမားခေတ် မွန်အမျိုးသားတို့၏ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှု

ဗြိတိသျှ အစိုးရအောက်တွင် မွန်အများစုဖြစ်သော လယ်သမားတို့မှာ ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီကြီးများ၊ ၎င်းတို့၏လက်ဝေခံချစ်တီးနှင့် မြေပိုင်ရှင်ကြီးများ၏ ဖိနှိပ်မှုကို မြန်မာတိုင်းရင်းသားများ နည်းတူ ခံရသည်။ လယ်ပိုင်ရှင်သားများ၊ ကုန်သည်ပွဲစားသားများ၊ အမှုထမ်း၊ အရာထမ်းသားများသည် အင်္ဂလိပ်စာ သင်ကြားပြီး ဗြိတိသျှ အစိုးရ၏ အမှုထမ်း၊ အရာထမ်းများ ဖြစ်လာကြသည်။ ထိုသို့ ခေတ်ပညာတတ်သော လူငယ်များသည် ကျယ်ပြန့်သော ဗဟုသုတကို အင်္ဂလိပ်စာမှတဆင့် ရရှိလာကြသဖြင့် မိမိတို့ အမျိုးသားရေးလုပ်ငန်းများကို စတင်လုပ်လာကြသည်။ အထူးသဖြင့် စီးပွားရေး ကပ်ဆိုက်ရောက်သော ၁၉၃၀ ခုနှစ် နောက်ပိုင်းတွင် တခြားတိုင်းရင်းသားများ နည်းတူ မိမိတို့ အမျိုးသားရေးကို ပညာတတ် လူတန်းစားများက လှုပ်ရှားလာသည့်အတွက် ၁၉၃၉ ခုနှစ်တွင် ရာမညတိုင်းလုံးဆိုင်ရာ အဖွဲ့ချုပ် ပေါ်လာသည်။

ဗြိတိသျှခေတ်တွင် မွန်စာပေ သင်ကြားရေးနှင့် ပတ်သက်၍ (Culture Rights) ယဉ်ကျေးမှု အခွင့်အရေးကို ခွင့်ပြုသယောင်ယောင် ပြုခဲ့သည်။ ၎င်းမှာ မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်စာသင်လိုပါက မွန်စာကို သင်ခွင့်ပြုသည်။ ထိုကျောင်းကို မွန်စာရင်းဝင်ကျောင်း ဟု အသိအမှတ်ပြုသည်။ သို့သော် မွန်စာသင်ရန် သင်ရိုးညွှန်းတမ်း၊ မွန်ဆရာ၊ မွန်စာတတ်သူများကို မိမိတို့ဘာသာ ရေးဆွဲပြုစု ရေးသားရမည် ဖြစ်ပြီး စာသင်ချိန်မှာလည်း ကျောင်း၏ စာသင်ချိန်မှအပ ဖြစ်ရမည်။ ဆရာမှာလည်း မွန်စာတတ်သော ဆရာတစ်ဦးဦးက တာဝန်ယူ သင်ကြားပေးရန် ဖြစ်သည်။ မွန်စာသည် စာမေးပွဲ ဖြေဆိုရမည် မဟုတ်ဘဲ မိမိတို့လူမျိုးအတွက် မိမိတို့ဆန္ဒအရပင် ယူရသည့် အပိုဘာသာ ဖြစ်သည်။ မွန်စာရင်းဝင်ကျောင်းများကို ကြည့်ရှုကြပ်မတ်ရန် မွန်ပညာအုပ်တစ်ယောက် ခန့်ထားသော်လည်း မွန်ပညာအုပ်မှာ မွန်စာပေ သင်ကြာရေးကို ထိရောက်စွာ မဆောင်ရွက်နိုင်၊ မဆောင်ရွက်ခဲ့ချေ။ ထို့ကြောင့် ၎င်းမွန်စာရင်းဝင် ကျောင်းများ လျော့နည်းလာသည်။

သို့သော် မွန်လယ်သမား သားသမီးများသည် လယ်ယာလုပ်ငန်းများတွင် မိမိတို့အမျိုးသားအချင်းချင်း စုစည်းနေထိုင်ကြသဖြင့် မွန်စာပေ ပရိယတ္တိ သင်သော မွန်ဘုန်းကြီးကျောင်းများတွင် စာပေ ပရိယတ္တိကို သင်ကြားကြသဖြင့် မွန်စာပေသည် အသက်ရှင်လျှက် ရှိသည်။ မွန်ရဟန်းတော်များသည်လည်း မွန်စာပေဖြင့် ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုရသဖြင့် မွန်စာပေမှာ စုံးစုံး မမြုပ်ခဲ့ပေ။ မွန်ရဟန်းတော်တို့၏ စွမ်းဆောင်ချက်ကြောင့် ဖြစ်သည်ဟု လက်ခံရမည်ဖြစ်သည်။
ref:  http://www.kaowao.org/b/index.php 

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate