Thursday, 9 April 2015

ရခိုင်သင်္ကြန် ရိုးရားဓလေ့အစဉ်အလာ စည်စည်ကားကား ကျင်းပခြင်း



ဂစ္ဆပသတင်းဌာန
ဧပြီလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ရိုးရာဓလေ့ မဟာသင်္ကြန် နှစ်သစ်ကူ အခါသမယနေ့များကို တကမ္ဘာလုံးရှိ ရခိုင်အမျိုးများက ယဉ်ကျေးမှု အစဉ်အလာမပျက် ထုံးစံအတိုင်း စည်စည်ကားကား ကျင်းပကြသည်။
ရခိုင်သင်္ကြန်ပွဲတော်မှာ ဗုဒ္ဓဘာသာကို အခြေခံသော ပွဲတော်ဖြစ်သဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ တရက်အလိုတွင် ရပ်ကွက်အလိုက် ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အဦးများကို ဆေးကြောသန့်စင်ခြင်း၊ ညနေပိုင်းတွင် ရပ်ကွက်ရှိ ဓမ္မာရုံ (သို့) ယာယီမဏ္ဍပ်၌ မိန်းမပျိုလေးများက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် အမွှေးနံသာတုံးများကို ယူဆောင်လာကြပြီး ကျောက်ပျဉ်ကိုယ်စီဖြင့် စုပေါင်းနံ့သာသွေးကြလေသည်။ စုပေါင်းနံသာသွေးနေချိန်မှာ ရခိုင်လူပျိုကာလသားများမှ တေးသခြင်းများဖြင့် သီဆိုကူညီ ဖြေဖျော် ပေးကြပြီး အမွှေးနံ့သာရည်များသွေးပြီး စုပေါင်းသိမ်းဆည်းထားခြင်းကို နံ့သာသွေးပွဲဟု ခေါ်ဆိုလေ့ ရှိကြသည်။
ရခိုင်ရိုးရာ ထုံးတမ်းစဉ်လာများအရ ဆင်နွဲခဲ့ကြသကဲ့သို့ လှူဖွယ်ပစ္စည်းများနှင့်အတူ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ဘုန်းတော်ကြီးကျောင်း များသို့ သွားကြပြီး ငါးပါးသီလခံယူကြကာ မိန်းမပျိုများ ယူဆောင်လာသော နံ့သာရေမွှေးများဖြင့် လူပျိုယောင်္ကျားများက ဘုရားဆင်းတု တော်များအား ရေသပ္ပါယ်ကာ နံ့သာရေများနှင့် ပက်ဖျန်းပူဇော်ခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့က ကျောင်းသား၊ လူငယ်များက မြို့ရွာအလိုက် စုပေါင်းပြီး ဘုရားရေသပ္ပါယ်မှုများ ပြုလုပ့်ကြကာ ၁၄ ရက်နေ့တွင် မြို့မိမြို့ဖများနှင့်အတူ မြို့လုံးကျွတ် ဘုရားရေသပ္ပါယ်မှုများဖြင့် စတင်ဖွင့်လှစ်ခဲ့ကာ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာမပျက် သင်္ကြန်ကို စည်စည်းကားကား ကြိုဆိုကြသည်။

တခြားတဘက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ခေတ်နှင့်လျော်ညီစွာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ရခိုင်ပြည်မှ အဆိုကျော်များအား ဖိတ်ကြားခဲ့ကြပြီး တေးဆိုစင်များဆောက်လုပ်ကာ ခေတ်မီတေးသခြင်းများဖြင့် နေရာအနှံတွင် ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

ရခိုင်ရိုးရာဓလေ့ သင်္ကြန်ကို နံသာသွေးပွဲ၊ ဘုရားရေသတ်ပယ်ပွဲနှင့် သင်္ကြန်ရေလောင်းပွဲအပြင် စုပေါင်းခရီးထွက် ထမင်းပေါင်းချက်စား ကြသည့် အဆင့်(၃)ဆင့်တို့ဖြင့် ကျင်းပကြခဲ့သည်။

(
က) သင်္ကြန်ဖြစ်ပေါ် လာရခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
သင်္ကြန် = ကူးပြောင်းခြင်း၊ မာဂဓဘာသာ သင်္ကန္တနှင့် သက္ကဋဘာသာ သင်္ကြန်တ မှ ဆင်းသက်လာခြင်းဖြစ်သည်။
ရခိုင် = မြန်မာပြက္ခဒိန်နှစ်၏ ပထမဆုံးလဖြစ်သော တန်းခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် သင်္ကြန်ရက်ကို ကျင်းလေ့ရှိသည်။
ရခိုင်အမျိုးသားများက အတာသင်္ကြန်ကူးသောလဖြစ်၍ တန်ခူးလကို တာကူးလ ဟုခေါ်ဆိုသည်။

(
ခ) သင်္ကြန်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်းချုပ်
ဘီစီ(၅၆၈)တွင် ရခိုင်ဓည၀တီပြည်ရှင် စန္ဒာသူရိယမင်းကြီးသည် မြတ်စွာဘုရားသျှင်နှင့် အတိတ်ဘ၀က သူငယ်ချင်းဟောင်းဖြစ်ဖူးသည့် အားလျှော်စွာ မနောအဓိဌာန်ဖြင့် ပင့်ဖိတ်လျှောက်ချက်အရ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် နောက်ပါ သံဃာတော်အပါး(၅၀၀)ဖြင့် ကြွချီလာကာ မောရပဗ္ဗတ သေလာဂီရိကျောက်တော် တောင်ပေါ်၌ သက်ဆင်းတော်မူခဲ့ကြောင်း မှတ်ဖူးသည်။
ယင်းအချိန်၌ပင် ဘုရင်နှင့် တိုင်းသူပြည်သားများ ကိုးကွယ်နိုင်ရန် ပုံစံတူ ကိုယ်ပွါးတော် မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ် စေခဲ့သည်။ ရခိုင်ပြည်သူပြည်သားများသည် ဆင်းတုတော်ကြီးအား အမွှေးနံ့သာရည်များဖြင့် ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ရေသပ္ပါယ် ပူဇော်ကြသည့် အလေ့အထမှာ ထုံးစံရိုးရာဓလေ့ ဖြစ်လာခြင်းဖြစ်သည်။
နောင်ခါနှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်သူပြည်သားများသည် ဗုဒ္ဓဆင်းတုတော်များအား အမွှေးနံ့သာရည်များဖြင့် ရေသပ္ပါယ်ပူဇော်သော ဓလေ့ဖြစ်ထွန်းလာခဲ့ပါသည်။ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ရာမှကျန်သော အမွှေးနံ့သာရည်များကို အချင်းချင်းပက် ဖျန်းလောင်းကြရာမှ ရေလောင်းကစားသောဓလေ့ ဖြစ်ထွန်းလာသည်ဟု အဆိုရှိကြပါသည်။ ထိုအချိန်ကာလမှ စတင်ကာ ယနေ့ အချိန်အထိ ဘာသာရေးပွဲတော်ဖြစ်သော ဘုရားရေသပ္ပါယ်ခြင်း ဓလေ့ရိုးရာများနှင့်အတူ အချင်းချင်း တယောက်ကိုတယောက် ရေလောင်းကစားခြင်းများမှ တနေ့ထက်တနေ့ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာကာ ယနေ့ခေတ်နှင့်အညီ မဟာရခိုင်သင်္ကြန် ပွဲတော်ကို နေရာအနှံ၊ ကမ္ဘာ့အနှံတွင် ကျင်းပကြခြင်းဖြစ်သည်။

ရခိုင်အမျိုးသားများမှာ မိမိတို့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ထိုအချိန်အခါက ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့မှုများကြောင့် သတိလစ်နေခဲ့ကြသော်လည်း ယခုအခါ ပြန်လည်၍ ကမ္ဘာတည်သရွေ့ မဟာရခိုင်သင်္ကြန် ဘာသာရေးပွဲတော်နှင့်အတူ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေရသည့် အခြေအနေတွင် တည်ရှိနေသည်။

ရှေးရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုများကို ထိမ်းသိမ်းစောင့်ရှောက်ကာ မျိုးဆက်သစ်များအား သမိုင်းမှန်နှင့် တရားသဖြင့် သော လမ်းစဉ်များကို လက်ဆင့်ကမ်း ပေးခြင်းဖြင့် လူ့ဖြစ်ရကျိုးဂုဏ်ကို အားလုံးသော ရခိုင်အမျိုးသားများ ဖန်တီးပျိုးထောင် ထိမ်းသိမ်း နိုင်ကြပါစေလို့ ယခုနှစ် ၁၃၇၂-၁၃၇၃ နှစ်သစ်မင်္ဂလာ သင်္ကြန်ဘာသာရေးပွဲတော်နှင့်အတူ ဆုမွန်ကောင်းဖြင့် တိုက်တွန်းလိုက်ရ ကြောင်းကို ရခိုင်အချင်းအချင်းအကြား ဆိုလေ့ရှိကြပါသည်။

စင်္ကာပူနိုင်ငံရောက် ရခိုင်အမျိုးသားများက မဟာရခိုင်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက်ရအောင် ထိမ်း သိမ်းခြင်း အနေဖြင့် ဧပြီလ (၁၀)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပခဲ့ကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် တတိယအကြိမ်မြောက် ကျင်းပသော ရခိုင်သင်္ကြန်သို့ ဒက္ကားအခြေစိုက် စစ်အုပ်စု သံအမတ် ဦးမင်းလွှင်နှင့်ဇနီး ထူးခြားစွာတက်ရောက်ပြီး စိတ်ဝင်စားစွာဖြင့် ရခိုင်သင်္ကြန်ရေကစားခြင်းကို ကြည့်ရှုနေခဲ့သည်။ ထို့အပြင် တခြားနိုင်ငံ များတွင်လည်း စည်စည်ကားကား ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုး လက်အောက်တွင် နည်းမျိုးစုံဖြင့် ရိုးရာဓလေ့အစဉ်အလာများကို ပုံစံစနစ်မျိုးစုံဖြင့် ဖျက်ဆီးခံနေကြရသော်လည်း ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လူမျိုးများမှာ လွတ်လပ်မှုမရှိသည့်ကြားထဲမှ ယခုကဲ့သို့ အားကြိုးမာန်တက်ဖြင့် စည်းစည်းကားကား ကျင်းပရခြင်းမှာ ဂုဏ်ယူစရာပင် ဖြစ်သည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate