မြဝတီ-ကော့ကရိတ်လမ်းတွင် ခရီးသည်တင်ကား တိမ်းမှောက်မှုဖြစ်
အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ် လမ်းပိုင်းတွင် ယနေ့ နံနက် ၁၁ နာရီခန့်က မြ၀တီမှ ဖြူးသို့ ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး လူဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ကားပေါ်တွင်လိုက်ပါလာသော ခရီးသည်အားလုံးဖြစ်သည့် လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး ဆယ်ဦးနှင့် အထက်မှာမူ ဒဏ်ရာအနည်းငယ်ပြင်းထန်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။
" အာရှလမ်း အလယ်ဂိတ် ကုန်းဆင်းမှာ ဖြစ်တာ။ ကုန်းတက်မှာ ကားကလပ်ကြွေပြီး ဆင်းတော့ ဘရိတ်ပေါက်၊ ကျောက်နံရံနဲ့ဆောင့်တာ" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။
ဒဏ်ရာပြင်းထန်သူ ၆ ဦးကို ကော့ကရိတ်ဆေးရုံတွင် ကုသပေးနေကြောင်း ဒေသခံများ က ပြောသော်လည်း ရဲတပ်ဖွဲ့ကမူ စစ်ဆေးနေဆဲအခြေအနေဖြစ်သောကြောင့် အတည်မပြုနိုင်သေးကြောင်း တုံ့ပြန်သည်။
ဒဏ်ရာရလူနာအချို့ကိုမူ မြ၀တီဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။
အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ် လမ်းပိုင်းကို အသုံးပြုသည်မှာ လေးလခန့်သာ ရှိသေးသော်လည်း အိမ်စီးကား တိမ်းမှောက်မှု ငါးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယခု ခရီးသည်တင်ကား တိမ်းမှောက်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ - မောင်ကျော်(ကော့ကရိတ်)



0 comments:
Post a Comment