မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးနေဟု ဆို
ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးခဲ့သည့် မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံးကို တွေ့ရစဉ်
ကရင်ပြည်နယ် မြ၀တီမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)
မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းများ ထည့်ထားသည့်ဖိုင်တွဲ
ပျောက်ဆုံးနေကြောင်း မြို့နယ် (NLD) အတွင်းရေးမှူး ဦးသန့်ဇင်အောင်က
ပြောကြားသည်။
NLD မြို့နယ်ရုံး ဖောက်ထွင်းခံရသည်ကို အောက်တိုဘာ ၁၂ ရက် နံနက်က
သိရှိခဲ့ခြင်းဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ခံနေသည့်အတွက်
မည်သည့်အချိန်က ဖြစ်ပွားခဲ့သည်ကို တိတိပပ မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
မြ၀တီမြို့ NLD မြို့နယ်ရုံး အနောက်ဘက် အိမ်သာ တံခါးအား ဖောက်ထွင်း
ဝင်ရောက်ခဲ့သော်လည်း အပိတ်ဖြစ်နေ၍ နောက်တံခါးပေါက်ကို
ဖျက်ဆီးဖောက်ထွင်းခဲ့သည်။ နောက်တံခါးပေါက်အနီး ဗီရိုပေါ်ရှိ
စာရွက်စာတမ်းများ ထည့်ထားသည့် ဖိုင်တွဲမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
“ပြည်သူတစ်ရပ်လုံး NLD ကို အားပေးနေချိန်မှာ လုံခြုံရေးအရ ယုံကြည်
စိတ်ချရမှုကတော့ လက်ရှိအစိုးရမှာ တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကို အလေးထား
ဆောင်ရွက်နေချိန်မှာ ရုံးပိုင်းဆိုင်ရာမှာ ဒီလိုတွေဖြစ်တာတော့
မကောင်းပါဘူး။ အားလုံး ၀ိုင်းဝန်း စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။
လုံခြုံရေး အတွက် ပါတီအနေနဲ့ ဆောင်ရွက်နေပေမယ့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေ
အနေနဲ့ ပူးပေါင်း ပါဝင်စေချင်ပါတယ်” ဟု မြ၀တီမြို့ NLD မြို့နယ်
အတွင်းရေးမှူး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်အောင်က
ပြောကြားသည်။
EMG
Writer:
ကိုရွှေသိန်း


0 comments:
Post a Comment