ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ချက်ချင်းရပ်တန့်ရန် ရက္ခိုင့်တပ်မတော်ကို CNF တောင်းဆို
Ref: khonumthungburmese
ရက္ခိုင့်တပ်မတော် (AA) အနေဖြင့်
ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်
ချင်းအမျိုးသား တပ်ဦး CNF က တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့်
နယ်စပ်ဒေသတစ်လျှောက်တွင်ရက္ခိုင့်တပ်မတော်၏စစ်ရေးလှုပ်ရှားမှုကြောင့်
လူမှုဒုက္ခအထွေထွေကြုံတွေ့နေကြရသော စစ်ဘေးရှောင်ချင်းပြည်သူများအတွက်
အထူးစိုးရိမ်ပူပန်မိကြောင်း၊ ထို့ကြောင့် ရက္ခိုင့်တပ်မတော်အနေဖြင့်
ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ပြီး
ဒေသခံပြည်သူများအား အနှောက်အယှက်မပေးရန် အလေးအနက်တောင်းဆိုသည်ဟု
ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သော ဆဌမအကြိမ် မြောက် CNF ပါတီညီလာခံ၏
ကြေညာချက်ထဲတွင်ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦး CNF ၏
ဆဋ္ဌမအကြိမ်ပါတီညီလာခံကို ဇန္န၀ါရီလ (၂၆) ရက်နေ့မှ (၃၀) ရက် နေ့အထိ
ဗဟိုဌာနချုပ်၊ ၀ိတိုရိယစခန်းတွင် ကျင်းပခဲ့ကြပြီး အဆိုပါညီလာခံအပြီးတွင်
ချင်းပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်၏ စစ်ရေးလှုပ် ရှားမှုအပေါ် ယခုကဲ့သို့
တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
ပလက်ဝဒေသတွင် ခြေကုပ်ယူထားသော
ရက္ခိုင့်တပ်မတော်သည် မြန်မာ့တပ်မတော် နှင့် မကြာခဏတိုက်ပွဲများဖြစ်ပွား
လေ့ရှိပြီး ယင်းတိုက်ပွဲများကြောင့် ပြင်စို နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ
၅ ရွာမှ ဒေသခံပြည်သူ ၃၀၀ ကျော်တို့သည် ယနေ့ချိန်ထိ ၎င်းတို့ကျေးရွာသို့
မပြန်ရဲကြဘဲ ယာယီဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။


0 comments:
Post a Comment