Tuesday, 21 June 2016

★ ကရင်နီအမျိုးသားနေ့၏ နောက်ခံသမိုင်း ★


ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သော တိုင်းပြည် ဖြစ်သည်။ ဗမာဘုရင်အဆက်ဆက်တို့သည် ရှမ်းစော်ဘွားများနှင့် ပူးပေါင်းပြီး ကရင်နီပြည်ကို အမြဲတစေ ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ကရင်နီစောဖျာများမှလည်း ဤပြည်ပရန်များကို အစဉ်သဖြင့် ပြန်လည် ခုခံ တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့သည်။ ရံဖန်ရံခါ အခွင့်သာသည့်အခါများတွင် ကရင်နီတပ်များသည် ရှမ်းပြည်၊ ဗမာပြည်သို့တိုင် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ဤကဲ့သို့ တိုက်ခိုက်ကြရာတွင် ဗမာဘုရင်ဘက်မှ အင်အား ကြီးသောကြောင့် ကရင်နီစောဖျာများအနေဖြင့် မိမိကို ထောက်ခံမည့် မဟာမိတ် လိုအပ်ကြောင်း သိရှိလာကြသည်။ ဤကဲ့သို့ သိရှိလာသည်နှင့်အလျှောက် မဟာမိတ်ကို အမြဲတစေ ရှာဖွေခဲ့သည်။
၁၈၂၄-ခုနှစ်တွင် အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲ ဖြစ်ပွားပြီး အင်္ဂလိပ်က ရခိုင်ပြည်နှင့် မော်လမြိုင် အပါအဝင် တနင်္သာရီတိုင်းကို အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဤသတင်းကို ကရင်နီစောဖျာများ ကြားသိသည့်အခါ အနောက်ကရင်နီ စောဖျာကေးဖိုးဒူသည် မိမိသားတော် ခွန်ထီးကို မော်လမြိုင်သို့ဆင်း၍ အင်္ဂလိပ်တို့နှင့် မဟာမိတ်ဖွဲ့ရန် တာဝန်ပေးလိုက်သည်။ သားတော်ခွန်ထီးလည်း နွားထီး အကောင် (၉၀)၊
မကျည်းတောင့်ရွှေ (ကရင်အခေါ် ထဲသီးသော) (၁) တင်း ယူဆောင်၍ လူအင်အား တစ်ရာကျော်ဖြင့် ဆင်၊ မြင်း စီးပြီး မော်လမြိုင်မြို့သို့ ၁၈၂၆-ခုနှစ်တွင် ဆင်းခဲ့သည်။ မော်လမြိုင်မြို့သို့ အရောက်တွင် အင်္ဂလိပ်နှင့် မဟာမိတ်ဖွဲ့ပြီး ခွန်ထီးက ဗမာဘုရင်မှ ကရင်နီပြည်အား ကျူးကျော်တိုက်ခိုက်ခြင်းကို အင်္ဂလိပ်အနေဖြင့် ကန့်ကွက်ပေးပါရန်၊ ဗမာဘုရင်မှ ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုရန် အင်္ဂလိပ်အနေဖြင့် ဗမာဘုရင်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် အင်္ဂလိပ်ထံမှ တူမီးသေနတ် အလက် တစ်ရာကျော် ဝယ်ယူပြီး ကရင်နီပြည်သို့ ပြန်လာခဲ့သည်။
၁၈၅၂-ခုနှစ်တွင် အင်္ဂလိပ်-ဗမာ ဒုတိယစစ်ပွဲ ဖြစ်ပွားပြီး အင်္ဂလိပ်တို့က တောင်ငူမြို့ အပါအဝင် အောက်ဗမာပြည်ကို သိမ်းပိုက်ခဲ့သည်။
အနောက်ကရင်နီ စောဖျာကေးဖိုးဒူလည်း တောင်ငူမြို့သို့ ကိုယ်စားလှယ် စေလွှတ်ပြီး အင်္ဂလိပ်-ကရင်နီ မဟာမိတ်ဆက်ဆံရေးကို ဆက်လက်အသိအမှတ်ပြုလိုကြောင်း၊ အင်္ဂလိပ်အနေဖြင့် ဗမာဘုရင်က ကရင်နီပြည်အပေါ် ကျူးကျော်တိုက်ခိုက်ခြင်းကို ကန့်ကွက်ပေးရန်နှင့် အင်္ဂလိပ်အစိုးရအနေဖြင့် ဗမာဘုရင်အား ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုရန် ဗမာဘုရင်အပေါ် ဖိအားပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ-အိန္ဒိယ ဘုရင်ခံ လော့ဒ်ဒါလ်ဟိုစီ (Lord Dalhosie) က ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာပြီး ဗမာဘုရင်က ကရင်နီပြည်ကို တိုက်ခိုက်ရန်အတွက် တပ်များ စေလွှတ်သည်ကို ကန့်ကွက်ခဲ့သည်။
၁၈၅၇-ခုနှစ်တွင် တောင်ငူကော်မရှင်နယ်မင်းကြီး မစ္စတာအီအိုရီလေး (Mr. 'O' Rilay) သည် အနောက်ကရင်နီ၊ ကြယ်ဖိုးကြီးမြို့သို့ ရောက်ရှိလာပြီး စောဖျာကေးဖိုးဒူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ခိုင်မာသည့် မဟာမိတ်ဖွဲ့ရန်အတွက် ကြယ်ဖိုးကြီး ဟိုးဒူ အောက်တွင် စုရုံးကြသည်။ မစ္စတာအီးအိုရီလေးက ကေးဖိုးဒူအား ကရင်နီပြည်တွင် လွတ်လပ်စွာ ခရစ်ယာန်သာသနာပြုခွင့် ရရှိရန်၊ သတ္တုတူးဖော်ခွင့်ပြုရန်၊ ကျွန်းသစ်ထုတ်လုပ်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ စောဖျာ ကေးဖိုးဒူ က သဘောတူ ခွင့်ပြုခဲ့သည်။ ထိုနောက် စောဖျာကေးဖိုးဒူက ဗမာဘုရင်တပ်က ကရင်နီပြည်ကို တိုက်ခိုက်လာသည်ကို ကန့်ကွက်ပေးရန်၊ ဗမာဘုရင်အား ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေး အသိအမှတ်ပြုရန်အတွက် ဗမာဘုရင်အား ဖိအားပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ ထို့နောက် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။
၁၈၆၃-ခုနှစ်တွင် အရှေ့ကရင်နီကိစ္စနှင့် ပတ်သက်၍ မစ္စတာအီးအိုရီလေး (Mr. 'O' Rilay) သည် ဒုတိယအကြိမ် အနောက်ကရင်နီ၊ ကြယ်ဖိုးကြီးမြို့သို့ ထပ်မံရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ကေးဖိုးဒူမှာ အသက် တစ်ရာကျော်ပြီဖြစ်၍ မည်သို့မျှ ဦးဆောင်နိုင်ခြင်း မရှိတော့ပါ။ သားတော်ခွန်ထီးသာလျှင် တိုင်းပြည်ကို အစစအရာရာ ဦးဆောင် အုပ်ချုပ်ခဲ့သည်။ ကေးဖိုးဒူမှာ ကြယ်ဖိုးကြီး၊ ဟိုးဒူကူးတွင်သာ နေထိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် မစ္စတာ အီးအိုရီလေးနှင့်အတူ ရွှေကျင် ကော်မရှင်နယ်မင်းကြီးနှင့် အင်္ဂလိပ်စစ်သား (၂၅)ဦး ပါလာခဲ့သည်။
ဤတစ်ကြိမ်တွင် ၁၈၅၇-ခုနှစ်၌ ချုပ်ဆိုခဲ့သည့် အင်္ဂလိပ်-ကရင်နီ မဟာမိတ်စာချုပ် အထိမ်းအမှတ်ကို ပိုမိုခိုင်မာစေရန် ကရင်နီထုံးစံအရ ထပ်မံပြုလုပ်ခဲ့သည်။
ပြုလုပ်ပုံမှာ စောဖျာခွန်ထီးက အပြစ်အနာအဆာကင်းသည့် နွားထီးတစ်ကောင်ကို ရှာပြီး အထိမ်းအမှတ်ပြုလုပ်သည့် နေရာသို့ ဆွဲခေါ်ခဲ့သည်။ စောဖျာခွန်ထီးနှင့် မစ္စတာအီးအိုရီလေးတို့သည် နွားဘေး တစ်ဘက်တစ်ချက်စီတွင် မတ်တပ်ရပ်ပြီး လက်တစ်ဖက်စီကို နွားဘို့ပေါ်သို့ တင်ထားခဲ့ကြသည်။ နွားရှေ့တည့်တည့်တွင် ခွန်ထီး၏ မိဒွေးတော် အီမာက ကျိန်ဆိုရန်အတွက် ရပ်လျှက်ရှိသည်။ ထိုနောက် မစ္စတာအီးအိုရီလေးက ကရင်နီပြည်တွင် လွတ်လပ်စွာ ခရစ်ယာန် သာသနာပြုခွင့်ပြုရန်၊ သတ္တုတူးဖော်ခွင့်ပြုရန်၊ ကျွန်းသစ်ထုတ်လုပ်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ခွန်ထီးလည်း ခွင့်ပြုကြောင်း အော်ပြောခဲ့သည်။ ထို့နောက် ခွန်ထီးက ဗမာဘုရင်တပ် ကရင်နီပြည်ကို လာရောက် တိုက်ခိုက်သည်ကို ကန့်ကွက်ပေးရန်၊ ဗမာဘုရင်အနေဖြင့် ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုဖို့ ဖိအားပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ မစ္စတာအီးအိုရီလေးလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပြောခဲ့သည်။ ထို့နောက် နွားရှေ့တည့်တည့်တွင် ရပ်နေသော မယ်တော် အီမာကေးဖိုးက သင်တို့ပြုသည့် ဂတိအတိုင်း ဆောင်ရွက်ကြပါ၊ ဤဂတိကို ဖောက်ဖျက်သူသည် ဤနွားကဲ့သို့ သေပါစေဟု ကျိန်ဆိုကာ နွားသတ်သမားလည်း နွားခေါင်းအား ပေါက်ဆိန်ဖြင့် တချက်တည်းထု၍ နွားလည်း ချက်ချင်း သေသွားခဲ့သည်။ နွားကို နှစ်ခြမ်းခွဲ၍ တစ်ခြမ်းကို အင်္ဂလိပ်တို့အား ပေးပြီး တစ်ခြမ်းကို ခွန်ထီးနှင့် သူ့လူများကို ပေးခဲ့သည်။ နွားချိုတစ်ချောင်းကို အင်္ဂလိပ်အား ပေးပြီး တစ်ချောင်းကို ခွန်ထီးက ယူထားခဲ့သည်။ ထိုအချိန်မှစ၍ နွားချိုစာချုပ် (;yglkHskKg) ဟု ခေါ်လာခဲ့သည်။
၁၈၆၈-ခုနှစ်တွင် ကေးဖိုးဒူ ကွယ်လွန်ပြီး သားတော် နှစ်ပါးဖြစ်သော ခွန်ထီး၊ ခွန်သျှ တို့က အနောက်ကရင်နီကို ပူးတွဲအုပ်ချုပ်ခဲ့သည်။ ၁၈၆၉-ခုနှစ်တွင် ခွန်ထီးသည် အင်္ဂလိပ်အစိုးရထံသို့ သံတမန်တစ်ဖွဲ့ စေလွှတ်ပြီး မိမိဖခမည်းတော် လက်ထက်က ချုပ်ဆိုခဲ့သည့် အင်္ဂလိပ်-ကရင်နီ မဟာမိတ်စာချုပ်ကို ဆက်လက် အသိအမှတ်ပြုကြောင်း အကြောင်းကြားပြီး တဆက်တည်းတွင် ဗမာဘုရင်တပ်က ကရင်နီပြည်ကို လာရောက်တိုက်ခိုက်နေသည်ကို ဆက်လက်ကန့်ကွက်ပေးရန်နှင့် ဗမာဘုရင်က ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုရန်အတွက် ဆက်လက် ဖိအားပေးရန် ထပ်မံ တောင်းဆိုခဲ့သည်။
ထို့ကြောင့် ၁၈၇၅-ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်သည် အနောက်ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုရေးကိစ္စနှင့်ပတ်သက်၍ ဆာဒေါ့ကလပ်ဖောဆစ်(သ်) (Honorable Sir Dauglas Fodyth e.b.k.e.di) ဦးဆောင်သံတမန် (မစ်ရှင်)အဖွဲ့တစ်ဖွဲ့ကို ဗမာဘုရင် မင်းတုန်းမင်းထံသို့ စေလွှတ်ခဲ့သည်။ ဤသံတမန်အဖွဲ့၏ စွမ်းဆောင်မှုကြောင့် အင်္ဂလိပ်အစိုးရနှင့် ဗမာဘုရင်တို့သည် အနောက်ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ် ပြုကြောင်း စာချုပ်တစ်ရပ်ကို ၁၈၇၅-ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် လက်မှတ်ရေးထိုးကြသည်။ ဗမာဘုရင်ဘက်မှ ကင်းဝန်မင်းကြီးက လက်မှတ်ရေးထိုးပြီး အင်္ဂလိပ်အစိုးရဘက်တွင် ဆာဒေါ့ကလပ်ဖောဆစ်သ်က လက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်ပါ အချက်အလက်မှာ -
နှစ်ဦးနှစ်ဘက် သဘောတူချုပ်ဆိုသည့် ဤစာချုပ်အရ ကရင်နီပြည်ကို မည်သူတဦးတယောက်ကမျှ စီမံခန့်ခွဲ စိုးမိုး ချုပ်ချယ်ခြင်း မပြုလုပ်ရဘဲ သီးသန့်လွတ်လပ်သော အင်ဒီပင်းဒင့် အခွင့်အရေးပေးရန် မြန်မာဘုရင်အစိုးရနှင့် ဗြိတိသျှအစိုးရတို့ နှစ်ဦးနှစ်ဘက် သဘောတူကြကြောင်း၊ ယင်းသို့သော ပဋိဉာဉ်ဝန်ခံချက်ဖြင့် ခရစ်သက္ကရာဇ် ၁၈၇၅-ခုနှစ်၊ ဇွန်လ (၂၁) ရက်၊ မြန်မာသက္ကရာဇ် ၁၂၃၇-ခုနှစ်၊ နယုန်လဆုတ် (၃) ရက်နေ့တွင် ကျွန်ုပ်တို့ဆိုင်ရာ တံဆိပ်တော်များနှင့်တကွ အောက်တွင် လက်မှတ်ရေးထိုးကြကြောင်း -
It is hereby agreed between the British and the Burmese Governments that the State of Western Karenni shall remain separate and independent, and that no sovereignty or government authority of any description shall be claimed or exercised over that State.
တံဆိပ်တော်
ဆာဒေါ့ကလပ်ဖောဆစ်သ်
ကင်းဝန်မင်းကြီး
တို့ဖြစ်သည်။
ဤသို့ဖြင့် ၁၈၇၅-ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ကရင်နီပြည်သူတို့သည် သီးခြားလွတ်လပ်သော အမျိုးသားတစ်ရပ် ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ အနောက်ကရင်နီပြည် စောဖျာများသည် ဤဇွန်လ (၂၁)ရက်နေ့ကို ကရင်နီအမျိုးသားနေ့ ဟု သတ်မှတ်လာခဲ့ကြသည်။ ကရင်နီစောဖျာအဆက်ဆက်တို့သည် စာတတ်ပေတတ်များကို ခေါ်ယူပြီး စောဖျာရုံးတွင် တာဝန် ပေးလျှက်ရှိသည်။ စောဖျာရုံးတွင် ဇွန်လ (၂၁) ရက်နေ့ရောက်တိုင်း အမျိုးသားနေ့ကို သိရှိသောအားဖြင့် ဝက် သို့မဟုတ် နွားကို သတ်ပြီး ရပ်ရွာလူကြီးများကို ဖိတ်ခေါ်ကျွေးမွေး၍ အခမ်းအနားကို စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်။ ဤအစဉ်အလာသည် ဒုတိယကမ္ဘာစစ်အတွင်း၌ပင် ကျင်းပမှု မပြတ်ခဲ့ပေ။
တိုင်းပြည်တစ်ပြည်၏ အမျိုးသား ဟုခေါ်ဆိုရာတွင် အဆိုပါ တိုင်းပြည်အတွင်း နေထိုင်ကြသည့် လူမျိုးပေါင်းစုံကို တိုင်းပြည်၏ အမျိုးသား ဟုခေါ်ဆိုကြသည်။ ထိုနည်းတူစွာပင် ကရင်နီပြည်တွင်း နေထိုင်ကြသည့် အနွယ်တူ၊ အနွယ်ကွဲ လူမျိုးပေါင်းစုံကို ကရင်နီအမျိုးသားဟု ခေါ်ဆိုသည်။
ယခု ၂၀၁၆ ခုနှစ်တွင် ကျရောက်သည့် ကရင်နီအမျိုးသားနေ့သည် ၁၄၁ နှစ်မြှောက် ဖြစ်သည်။
Credit - Khu P... P...
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate