ထိုင်းတောင်ပိုင်း ခရိုင် ၃ ခုတွင် တညတည်း ၁၀ နေရာ ဗုံးကွဲ၊ ၃ ဦးသေဆုံး
By DVB 3 November 2016
ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီ၊ ဆုန်ခလာနဲ့ နရာသီဝပ်ခရိုင်တွေမှာ နိုဝင်ဘာ ၂ ရက်နေ့ညက နေရာ ၁၀ ခုမှာ ဗုံးပေါက်ကွဲမှု၊ သေနတ်ပစ်ခံရမှုတွေ ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေမှာ (၁) နရသီဝပ်ခရိုင် ကရော့မာသီမြို့ အုပ်ချုပ်ရေးရုံးရှေ့မှာ ၁ ကြိမ် ၊ ထိခိုက်သူ မရှိ။ (၂) နရသီဝပ်ခရိုင် ရီးဆော့တ်မြို့ ဆာပူလဟန်ရပ်ကွက်မှာ တပ်ဖွဲ့ဝင် ၁ ဦး အပစ်ခံရ။ (၃) ဆုန်ခလာခရိုင် ထေဖာမြို့နယ်မှာ
အွမ်ဆင်ဘဏ်တိုက် အေတီအမ်ငွေထုတ်စက်အနီး ဗုံးဖောက်ခွဲခံရ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရ။ (၄) ဆုန်ခလာခရိုင် ထေဖာမြို့ပေါ် အီဇူးစူးကားအရောင်းပြခန်း အပစ်ခံရပြီး လုံခြုံရေး အစောင့်ဝန်ထမ်း ၂ ဦး သေဆုံး။ (၅) ဆုန်ခလာခရိုင် ချနမြို့နယ် တက်စ်ကိုလိုတ်စ် ကုန်တိုက်ရှိ လျှပ်စစ်ဓာတ်အိုး ပစ်ခတ်ခံရ (၆) ပတ္တနီခရိုင် တလုဘို့မြို့ စစ်သားရွေးချယ်လေ့ကျင့်ရေးဌာနရှေ့ ဗုံးပေါက်၊ ထိခိုက်သူ မရှိ။ (၇) ပတ္တနီခရိုင် နောင်ကျစ်မြို့ တုရုံးရပ်ကွက်ထဲမှာ ၂ နေရာ သေနတ်နဲ့ အပစ်ခံရ၊ ဓာတ်မီးတိုင် ၂ တိုင် ထိပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက်ခဲ့။ (၈) ပတ္တနီခရိုင် ဒွန်ယန်းမြို့နယ် ပတ္တနီဟတ်ယိုင်လမ်းမပေါ်ရှိ ဆဲဗဲင်းအလဲဗဲင်း ကုန်စုံဆိုင် အရောင်းဝန်ထမ်း ခြိမ်းခြောက်ခံရပြီး ဆိုင်အနီး ၂ ကြိမ် ပစ်ခတ်ခံရ။ (၉) ပတ္တနီခရိုင် ယာ့လင်မြို့နယ် စစ်တပ်လုံခြုံရေးဂိတ်တစ်ခု အပစ်ခံရပြီး ဗိုလ်မှူး ၁ ဦး ကျဆုံး။ ဒီဖြစ်စဉ်တွေ အားလုံးဟာ နိုဝင်ဘာ ၃ ရက် ည ၉ နာရီခွဲကနေ ၁၀ နာရီကျော်ထိ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်ခံရမှုတွေဟာ စနစ်တကျ စီမံထားဟန်ရှိပြီး ပုဂ္ဂိုလ် ၁၃ ဦးပါ ထိုင်းတောင်ပိုင်း စေ့စပ်ညှိနှိုင်းရေး အထူးအဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့မှာ ပတ္တနီခရိုင်ရှိ အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ဆုံမယ့် အချိန်နဲ့လည်း တိုက်ဆိုင် နေတယ်လို့ သနေရှင်းသတင်းက သုံးသပ်ထားပါတယ်။ အဆိုပါ ထိုင်းတောင်ပိုင်း ၃ ခရိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က သီးခြားတည်ရှိခဲ့တဲ့ ဒေသတွေဖြစ်ပြီး အယုဒ္ဓယခေတ်မှစ ထိုင်းဘုရင်အဆက်ဆက်ရဲ့ သိမ်းသွင်းမှုခံခဲ့ရကာ ယနေ့ လက်ရှိ ထိုင်းတောင်ပိုင်းရဲ့ အစိပ်အပိုင်းထဲမှာ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံမှ ခွဲထွက်လိုသော လက်နက်ကိုင်အုပ်စုတွေကြောင့် မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။ ရုပ်သံ – nationtv.tv ....

0 comments:
Post a Comment