ဆံတော်ရှင်ဘုရားအတွက် လုံခြုံရေးနှင့် ကျေးရွာအတွက် မူလတန်းကျောင်းလိုအပ်နေ
နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆
ရခိုင်ပြည်နယ်မှ နာမည် ကြီးသမိုင်းဝင် ဆံတော်ရှင် ဘုရားအတွက် လုံခြုံရေး လိုအပ်နေပြီး တောင်ခြေရင်းရှိ ကျေးရွာအတွက် မူလတန်းကျောင်း တစ်ကျောင်းကိုလည်း အမြန်လိုအပ်နေသည်ဟု ကျောင်းထိုင်ဆရာတော်နှင့် ရွာသားများက ပြောသည်။
....

“ ဦးဇင်းတို့ မြင်တာက ဆံတော်ရှင်စေတီဆိုတာက သမိုင်းဝင် စေတီတော် တစ်ဆူ
ဖြစ်တယ်။ တည်ရှိတာက အနောက်ဖရုံကာကျွန်းရဲ့ တောင်ဖက် အဖျားဆုံးမှာတည်ရှိတယ်။
ဒီမှာ ရွာဆိုတာကလည်း ဟိုနားမှာ တစ်အိမ်၊ ဒီနားမှာ တစ်အိမ် ဖြစ်နေတယ်။
အိမ်တွေကို စုပြီး ရွာလည်း မတည်နိုင်သေးဘူး။ အစောင့်အရှောက်တွေလည်း
မရှိတော့ ဒီဘုရား လုံခြုံရေး အတွက် ရဲကင်းလိုမျိုး တစ်ခုရှိရင်
ဘုရားအတွက်လည်း လုံခြုံမယ်။ ဘုရားဖူးလာကြသူတွေအတွက်လည်း စိတ်အေး လက်အေးနဲ့
ဘုရားဖူးနိုင်မှာ ဖြစ်ပါတယ်” ဟု ဆံတော်ရှင် တောင်ခြေရင်းကျောင်းတွင်
သီတင်းသုံးနေသောဆရာ
ဓမ္မောဝံသက ပြောသည်။

ဆံတော်ရှင်ဘုရား အနီးဝန်းကျင်တွင် တည်ရှိသော အိမ်များကို စုပေါင်းပြီး ရွာတည်ရန် ရခိုင်ပြည်နယ် လွှတ်တော်မှ အတည်ပြုထားပြီ ဖြစ်သော်လည်း ယခုအချိန်ထိ မြေနေရာ သတ်မှတ်ခြင်း၊ အိမ်များကို စုပေါင်းပြီး ရွာအဖြစ် တည်ထောင်ခြင်း မရှိသေးကြောင်း သိရသည်
ကျေးရွာ လူကြီး တစ်ဦးက “ ရွာတည်မယ့်နေရာကိုတော့ ရွာသားတွေက ရွေးချယ်ထားပါပြီ။ ရွာတည်ဖို့ အတွက် သင့်တော်တဲ့ နေရာပါ။ အခု အဲဒီနေရာကို ပိုင်ရှင်တွေခံလာတော့ ရွာသားတွေကလဲ မြေခ ပိုက်ဆံပေးဖို့ မတတ်နိုင်တော့ ရွာမတည်ဖြစ်ဘဲ ဒီအတိုင်း ရှိနေပါတယ်” ဟု ဆိုသည်။
ဆံတော်ရှင် ခြေတော်ရင်းတွင် အိမ်ခြေပေါင်း ၄၀ ကျော်တည်ရှိပြီး ကလေးငယ် ၆၀ ကျော် ရှိကြောင်း သိရသည်။ သို့သော်လည်း ယခု အချိန်ထိ အစိုးရမှ ချပေးသော မူလတန်းကျောင်း မရှိသဖြင့် ကလေးငယ်များ စာသင်ကြားရန် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။
“ အရင်ကတော့ ကလေးငယ်တွေ စာမသင်ကြဘူး။ နည်းနည်းတတ်နိုင်တဲ့ မိဘတွေက အနီးအနား ၀လန်းတို့လို ရွာတွေမှာ သွားထားကြတယ်။ အားလုံး မိသားစုတွေကတော့ ထားနိုင်တာ မဟုတ်ပါဘူး။ ဒီနှစ်က စပြီး ဆရာတော်က ကိုယ်ထူ ကိုယ်ထ ဘကကျောင်းဖွင့်ထားတော့ ကလေးတွေ စာသင်ရတာ အဆင်ပြေတယ်။ ဒါပေမယ့် အစိုးရ အသိအမှတ် ပြုထားတဲ့ ကျောင်းမဟုတ်တော့ ဆရာ ဆရာမတွေ မလုံလောက်ဘူး။ စာအုပ်တွေ အလုံအလောက် မရဘူး။ ဒါကြောင့် ဆံတော်ရှင် ရွာအတွက် ဦးလေးတို့က အစိုးရ မူလတန်းကျောင်း တစ်ကျောင်း လိုအပ်နေပါတယ်” ဟု ၎င်းကျေးရွာ လူကြီးက ဆက်လက် ပြောဆိုသည်။
ဆံတော်ရှင်ဘုရား အနီးတွင် နေထိုင်သူ အများစုမှာ ရခိုင်နှင့် ခမီ လူမျိုးများ အများစု ဖြစ်ကြပြီး တောင်ယာနှင့် ငါးဖမ်းလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်ဟု သိရသည်။

ဆံတော်ရှင် ဘုရားသည် ရခိုင်ပြည်နယ်မှ နာမည်ကြီး သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်သည့် အပြင် ပင်လယ်ပြင်ထဲရှိ ဖရုံကာ ကျွန်းသုံးကျွန်းမှ အနောက် ဖရုံကာကျွန်း၏ တောင်ဖက် အစွန်ဆုံး အဖျားတွင် အလွန်သပ္ပါယ်လှပ စွာ တည်ရှိသည်။
ဆံတော်ရှင်ဘုရားအား စောင့်ရှောက်ရန်နှင့် ဝေယျာဝစ္စများကို ဆောင်ရွက်ရန် အတွက် ဆံတော်ရှင် စေတီတော် ခြေရင်းတွင် ရွာတစ်ရွာ တည်ထောင်ရန်၊ စေတီတော်ာ လုံခြုံရေး အတွက် ရဲကင်း တစ်ခု ချထားရန်နှင့် စေတီတော် အနီးရှိ မိသားစုများမှ ကလေးငယ်များ စာသင်ရေး အတွက် မူလတန်း ကျောင်းတစ်ကျောင်းထားရှိရန် တို့ကို အထူး လိုအပ်နေကြောင်း သတင်းရရှိသည်။
(ဓာတ်ပုံ- ဆံတော်ရှင်စေတီ၊ ဆံတော်ရှင်ကမ်းခြေနှင့် ရွာသားများ)

0 comments:
Post a Comment