Thursday, 22 January 2015

ကရင်ရိုးရာ ဝါခေါင်လက်ချည်ပွဲ

ဝါခေါင်လကို ကရင်လို လာခေါင်လို့ ခေါ်သတဲ့... ကရင်တို့အတွက် ဒီလရဲ့ပွဲတော်က ဝါခေါင်လက်ချည်ပွဲပါတဲ့... နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း ၁ ရက်နေ့ကစပြီး လပြည့်နေ့အထိ လက်ချည်ပွဲ လုပ်လေ့ရှိကြသတဲ့... ဒီလက်ချည်ပွဲကိုပဲ ခြည်ဖြူဖွဲ့မင်္ဂလာ... ဝါခေါင်ခြည်ဖြူပွဲ ဆိုပြီးတော့လဲ ခေါ်ကြသေးသတဲ့... တကယ်တော့ ကရင်ရိုးရာ လက်ချည်ပွဲဆိုတာက ဝါခေါင်လမှာ လုပ်တဲ့ပွဲတင် မကပါဘူး... ကာလဒေသကို လိုက်ပြီးတော့ အမျိုးအစား ၃ မျိုး ကွဲပါသတဲ့ဗျာ... ဒါတွေကတော့...- လိပ်ပြာခေါ် ဆုတောင်လက်ချည်ပွဲ... - ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲ... နဲ့- ဝါခေါင်လက်ချည်ပွဲ... တွေပဲ ဖြစ်ကြပါတယ်... ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲဆိုတာက
ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိပ်ပြာတွေကို မခွဲအတူတူ တစ်သက်လုံး လက်တွဲသွားနိုင်အောင် ပြုလုပ်ကျင်းပတဲ့... ကရင်ရိုးရာ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်... လိပ်ပြာခေါ် ဆုတောင်းလက်ချည်ပွဲ ကျပြန်တော့ နာမကျန်း ဖြစ်နေတဲ့ အိမ်သူအိမ်သားအတွက် သူ့ရဲ့လိပ်ပြာကိုခေါ်ပြီး လူနဲ့မြဲအောင် ကျန်းမာအောင် ဆုတောင်းပေးတဲ့ပွဲ ဖြစ်ပါတယ်... ဝါခေါင်လ လက်ချည်ပွဲကျတော့... အဓိပ္ပါယ်တွေ အများကြီး ရှိနေပါသတဲ့... ပုံမှန်အားဖြင့် ဝါခေါင်လဟာ ကရင်လူမျိုးတို့အတွက် ဆန်စပါး ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီးစီးချိန်... အခါကာလအားဖြင့် အလုပ်နားချိန်ပါ...
ဒီလို အလုပ်နားချိန်မှာ တစ်နယ်တစ်ကျေး ရောက်ရှိနေကြတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံစည်းပြီး မိဘဘိုးဘွားတို့က သားသမီး မြေးမြစ်တွေကို စုစည်းစေပြီး သြဝါဒပေး ဆိုဆုံးမကြသလို... စပါးဆန်ရေ တိုးပွာထွက်ရှိပြီး လုပ်ငန်းကိုင်ခန်း တိုးတက်စည်ပင်စေကြောင်း ဆုတောင်းပဏ္ဍာ ပြုပေးကြပါတယ်...

ဒီအချိန်ဟာ ကရင်လူမျိုးတွေအတွက် အလုပ်နားချိန်လဲဖြစ် မိုးသည်းထန်စွာ ရွာသွန်းချိန် ဖြစ်တာမို့ ကိုယ်လက်လှုပ်ရှားမှုလဲ နည်းပါးသလို... ပိုးမွှားအင်းဆက်တွေ ပေါက်ပွားထူပြောပြီး ရောဂါဘယ ထူပြောတဲ့ အချိန်လို့လဲ ဆိုနိုင်ပါတယ်... ဒါ့ကြောင့်မို့ ဘိုးဘွားမိဘ ဆရာသမားတွေရဲ့ ကျန်းမာစေကြောင်း မေတ္တာပို့ဆုတောင်းမှုကို ခံယူကြရတဲ့ ကာလလို့လဲ ဆိုကြပါတယ်...
ကရင်လူမျိုးတို့ ဟိုး... ရှေးနှစ်ပေါင်း ထောင်နဲ့ချီတဲ့ ကာလက ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ကြရင်း ရောက်လေရာ အရပ်ဒေသမှာ မိဘဆွေးမျိုးတွေ ပြန်လည်အမှတ်ရစေဖို့... ပြန်ဆုံစည်းကြစေဖို့ ကရင်လူမျိုး ခေါင်းဆောင် အကြီးအကဲတွေက ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့ကြတဲ့ ပွဲလို့လဲ ဆိုကြပါတယ်...

တကယ်တော့ ဝါခေါင်လ ချည်ဖြူပွဲဟာ ကရင်လူမျိုးတွေရဲ့ မိသားစု ဆွေမျိုးတွေ ဘယ်လိုပင် အကွဲကွဲ အပြားပြား ဖြစ်နေပါစေ.... ဘယ်နေရာကို ရောက်နေပါစေ... ပြန်လည်ဆုံးစည်းကြပြီး စည်းလုံးညီညွှတ်စွာနဲ့ ရိုးရာအမွေတွေကို လက်ဆင့်ကမ်းပေးရာ... ဘိုးဘွားမိဘတွေက သားသမီး မြေးမြစ်တွေကို ကျန်းမာစေကြောင်း လုပ်ငန်းကိုင်ခန်း အဆင်ပြေပါစေကြောင်း ဆုတောင်းပေးကြတဲ့ ပွဲဖြစ်ပါတယ်...

မင်္ဂလာယူကြတဲ့ ပွဲဖြစ်တာမို့ ရိုးရာဝတ်စုံ ကိုယ်စီဝတ်ထားကြတဲ့ မိသားစုထဲမှာ ဒီပွဲကို ဦးဆောင်တဲ့ သူတွေဟာ ပထမအိမ်ထောင် ကြင်ယာစုံ ဖြစ်ရပါတယ်တဲ့... ပွဲမစခင် တစ်ရက်အလိုမှာ ဒီဦးဆောင်တဲ့ အဘိုးအဘွား စုံတွဲဟာ အိမ်လှေကားမကြီးကို ယောက်မနဲ့ အသာအယာခေါက်ပြီး လိပ်ပြာခေါ်ရပါသတဲ့...

ပါဝင်ဆင်နွှဲသူ အကုန်လုံးဟာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ကြရပါတယ်... ပွဲမှာပါဝင်မယ့် အဓိက ဒေါင်းလန်းတွေကိုလဲ မိစုံဖစုံ သားသမီးတွေကပဲ ကိုင်မကြရပါတယ်... ဒီဒေါင်လန်းတွေ ထဲမှာပြင်ဆင် ထည့်သွင်းရတဲ့ ပစ္စည် ခုနှစ်မျိုးမှာလဲ သူ့အဓိပ္ပါယ် သူ့တန်ဖိုးတွေ ကိုယ်စီရှိပါရဲ့... ဒါတွေကတော့...

- မကောင်းဆိုးရွာနဲ့ မကောင်းတဲ့ ပယောဂကံတွေကို ကာကွယ်တားဆီးဖို့... ခြည်ဖြူပွဲရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ခြည်ဖြူသုံးခင်စု ခုနှစ်ပိုင်း

- ကရင်လူမျိုးတွေရဲ့ အဓိက အစားအစာလဲဖြစ်... ကရင်လူမျိုးတွေကို စည်းလုံးစွာ နေထိုင်စေချင်တဲ့ ဆန္ဒဥပမာလဲ ဖြစ်စေမယ့် ကျစ်ကျစ်လစ်လစ် ဆုပ်ထားတဲ့ အလွယ်တကူ မပုပ်သိုးနိုင်တဲ့ ထမင်းဆုပ် ခုနှစ်ဆုပ်

- ကရင်တွေ ပြောင်းရွှေ့ခဲ့တဲ့ အချိန်တုန်းက လမ်းပြခဲ့တဲ့ မုဆိုးကြီး ဖူ့ထော်မဲက လမ်းမှာတွေ့ခဲ့တဲ့ ခရုဖင်ချွန်လေးတွေလို စုစည်းနေတဲ့အခါ အချွန်တွေက ဘေးဘက်ကို ကားနေတာမို့ စုစည်းစည်းလုံးရင် ရန်သူက အလွယ်တကူ ရန်သတ္တရု မပြုနိုင်တာကို အမှတ်ရစေဖို့ ကောက်ညှင်းဖင်ချွန် ခုနှစ်ထုပ်

- သီးပွင့်ကြတဲ့ ငှက်ပျောဖီး ငှက်ပျောခိုင်တွေလို... စည်းလုံးညီညွှတ်စေဖို့... ဘယ်လိုခုတ်ခုတ် ဘယ်လိုသတ်သတ် ပင်စည်ကနေပွားပြီး ပြန်ရှင်သန်နိုင်တဲ့ ငှက်ပျောပင်ရဲ့ အစွမ်းကို ဥပမာပြုပြီး သာကွီသားမိန့်ဆိုတဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ အဓိပ္ပါယ်ရှိတဲ့ ငှက်ပျောသီးမှည့် ခုနှစ်လုံး... အမှည့်အလွယ်တကူ မရရင်လဲ ပြုတ်ပြီးတော့ ထည့်ကြသတဲ့...

- ဖဝ့်ဝီလိခေါ်တဲ့ ပင်စည်ကျရာ အပင်ပေါက်ပြီး အုံလိုက်ကျင်းလိုက် ပွားများတတ်သလို ဆေးဖက်လဲဝင်တဲ့ ပန်းခုနှစ်ခက်... - ဘယ်လိုခုတ်ခုတ် ပင်စည်ကရော အဆင်အပိုင်းကရော ပြန်ရှင်သန်နိုင်သလို ရောဂါဘယဒဏ် ခံနိုင်ပြီးတော့ သူ့ရဲ့ပင်ကိုယ် အစွမ်းဖြစ်တဲ့ အချိုဓါတ်ပေးစွမ်းနိုင်တဲ့ သဘောတရားကို အမှတ်ရနိုင်စေကြဖို့ ကြံဆစ်ပိုင်း ခုနှစ်ပိုင်း
- မေတ္တာရဲ့ အေချမ်းတဲ့ သဘောကိုဆောင်တဲ့... မကောင်းမှုနဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင် ပေးနိုင်တဲ့သဘော... မိဘဘိုးဘွားတွေရဲ့ စေတနာမေတ္တာကို ကိုယ်စားပြုနိုင်တဲ့... အေးမြကြည်လင်တဲ့ မေတ္တာရေစင်တစ်ခွက်
ဒါတွေကို ဒေါင်းလန်းထဲမယ် စုထည့်ပြီးတော့ ပြင်ဆင်ထား ကြရပါသတဲ့...
ဦးဆောင်တဲ့ အဘိုးအဘွား စုံတွဲက ဒေါင်းလန်းဘေးကို ယောက်မနဲ့ ခပ်သာသာရိုက်ပြီးတော့ ဝိဥာဉ်လိပ်ပြာတွေ အကုန်အစုံ ရောက်ကြပြီလားလို့ မေးတဲ့အခါ ဒေါင်းလန်းကိုယ်စီနဲ့ မင်္ဂလာမောင်မယ်တွေက ရောက်ကြပါပြီဆိုပြီး သုံးကြိမ်သုံးခါ အမေးအဖြေ လုပ်ပြီးတော့ ချည်ဖြူပွဲကို စကြပါသတဲ့...
ဘိုးဘွားစုံတွဲက ချည်ဖြူပတ်ပေးရင်း ပလူး ဆိုတဲ့စကားနဲ့ အစပြုတဲ့ ကျန်းမာချမ်းသာ ပါစေကြာင်း ဆုတောင်းစာတွေ ရွတ်ဖတ်ပေးကြပါတယ်... မေတ္တာစာ ဆုတောင်းစာမှာ... သားသမီး မြေးမြစ်တွေ ကျန်းမာစေဖို့... မိသားစုနဲ့ မခွဲမခွာပဲ နေကြဖို့... ကျောက်သံပတ္တမြား... လယ်ယာကျွဲနွား ဆန်းရေစပါး ပေါများစေဖို့... ကျန်းမာသန်းစွမ်းပြီး ရောဂါဘယ ကင်းစေဖို့ ဆုတောင်းပေးကြတာပါ...

မင်္ဂလာမောင်မယ်တွေ အကုန်လုံးကို ချည်ပတ်ပေးတာ ပြီးသွားရင်တော့... ဒေါင်းလန်းထဲက စားစရာတွေကိ အတူတူဝိုင်းဖွဲ့ စားသောက်ကြရင်းနဲ့ ချည်ဖြူဖွဲ့တဲ့ပွဲ ပြီးဆုံးပါသတဲ့... ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအလှတွေလဲ ပါကြသပေါ့...
ကိုကား။ ။ ဟိုဖတ်ဒီဖတ်... ဟိုရှာဒီရှာ... ဟိုကူးဒီကူး...

အမှားအယွင်း ပါလို့ရှိရင် ပြင်ပေးသွားပါလို့...
-----------------------------------------------------------------------------------------

ဒီအချိန်ဟာ ကရင်တိုင်းရင်းသား တိုင်းရင်းသူတွေအတွက် ခြည်ဖွဲ့ပေးကြတဲ့ အခါကာလပေါ့... ဘယ်လိုပဲ ရှေးကရင်လူမျိုးတွေက ရိုးရာပွဲ မိသားစုတွေနဲ့ စုံစည်းတဲ့ပွဲတွေ ပြုလုပ်ကြဖို့ အလေ့ထားခဲ့ပေမယ့် ဒီပွဲကို မိစုံဖစုံနဲ့ ဆွေးမျိုးအသိုက်အဝန်း အစုံအလင်နဲ့ ဆက်လက်ပြီး ထိန်းနိုင်ကြပါဖို့ ဘယ်လောက်တောင် ခက်ခဲကြတော့မလဲ တွေးမိပါတယ်...
ရာစုနှစ်နဲ့ချီပြီးတော့ ပြည်ပကျူးကျော်မှုဒဏ်... ပြည်တွင်းစစ်ပွဲတွေနဲ့ စစ်တလင်းဖြစ်ခဲ့ရတဲ့ မြန်မာပြည်မယ် သေကွဲကွဲလို့ ပြန်မဆုံနိုင်ကြတဲ့ မိသားစုတွေ... ပြည်တွင်းစစ်ကြောင့် မိကွဲဖကွဲပြီး ဒုက္ခသည်စခန်း ရောက်လိုရောက်... တစ်ဖက်နိုင်ငံ ရောက်လိုရောက်... တခြားသော နိုင်ငံတွေရောက်လိုရောက် ဖြစ်သွားကြတဲ့ မိသားစုတွေ...
စီးပွားရေး အဆင်မပြေမှုတွေကြောင့်... တစ်နယ်တစ်ကျေး... တစ်ဖက်နိုင်ငံနဲ့ အိမ်နီးနားခြင်း နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင် အသက်မွေးတွေရတဲ့ မိသားစုတွေ... ဒီလိုမိသားစုတွေကနေ ပေါက်ပွားလာကြတဲ့ ကလေးသူငယ်တွေ... ဒီလိုရိုးရာပွဲတွေနဲ့ အထိအတွေ့မှ ရှိကြပါတော့မလား...
မိဘဘိုးဘွားတွေကကော ဒီယဉ်ကျေးမှု အမွေတွေကို လက်ဆင့်ကမ်းပေးဖို့ ဘယ်လောက်တောင် ခက်ခဲလာမလဲ... ဒီမျိုးဆက်တွေကကော ဒီတန်ဖိုးရှိတဲ့ ရိုးရာတွေကို ဆက်ထိမ်းသိမ်းနိုင်ကြဖို့ ဘယ်လောက်တောင် ခက်ခဲကြမလဲ... ဆိုတဲ့အတွေးများစွာနဲ့...


https://www.facebook.com/photo.php?fbid=10204421665843930&set=a.1307913340136.

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate