Friday, 22 May 2015

ကိုးကန့်ပြီးရင် ‘၀’ အလှည့်လား



-----------------------------------------------------------------
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နိုင်ငံနှင့် ဆားဘီးယား နိုင်ငံများသို့ မေလအတွင်း ခရီးသွားရောက်ခြင်းမှာ မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အင်အား အကြီးဆုံး ဖြစ်သည့် UWSA ကို တိုက်ခိုက်ရန် စစ်လက်နက်ပစ္စည်းများ ၀ယ်ယူခြင်းဖြစ်နိုင်သည်ဟု မေလ ၁၆ ရက်နေ့ထုတ် 'သူရိယနေ၀န်း'ဂျာနယ်က ဖော်ပြသည်။ မေလ ၁ ရက်မှ ၆ ရက်နေ့အထိ '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်း၌ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့၏ ထိပ်သီးညီလာခံအပြီးတွင် UWSA အဖွဲ့က '၀' ပြည်နယ်ပေးရန် ထပ်မံတောင်းဆိုသောကြောင့် မြန်မာနိုင်ငံရေးလောကအတွင်း အတော်ပင် ဂယက်ရိုက်ခတ်ခဲ့သည်။
တဖန် မေလ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် '၀' ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်က ''ဖြစ်ပေါ်နေတဲ့ ကောလာဟလက '၀'လူမျိုးကို တခြားလူမျိုးလို့ထင်တယ်။ ပြည်နယ်တောင်းတဲ့ကိစ္စမှာလည်း ပြည်နယ်ကို တောင်းပြီးလို့ရှိရင် ခွဲထွက်မယ်။ တခြားနိုင်ငံနဲ့ပေါင်းမယ် စသဖြင့်ပေါ့။ နောက်တခု
'၀' ပြည်နယ်ကို တောင်း ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ပိုင်တည်ထောင်တဲ့ပြည်နယ်ကြီးဖြစ်အောင် တည်ဆောက်ချင်လို့ ဆောင်ရွက်တယ်ဆိုတဲ့အကြောင်းအချက်က မြန်မာပြည်မှာ ကောလာဟလဖြစ်ပေါ်နေတယ်လို့ ကြားသိရတာပါပဲ။ အဲဒီလို ကြားရတဲ့အတွက် စိတ်မကောင်းပါဘူး။ ရည်ရွယ်ချက်က ဒါမျိုးမရှိပါဘူး။ '၀'လည်း မြန်မာနိုင်ငံသားပါ''ဟု ပြောကြားသည်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မေလ ၁၈ ရက်နေ့မှ The Global New Light of Myamar သတင်းစာတွင် ဆောင်းပါးရှင် Aung Zeya က “Outcome of Pang Seng Conference and the true identity of UWSA” ဆောင်းပါးဖြင့် USWA အပေါ် အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားသည်ကို တွေ့ရသည်။ UWSA ကို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ရှု ချေပပြစ်တင်ထားသည့်ဆောင်းပါးတပုဒ်ကို အစိုးရသတင်းစာက ဖော်ပြခြင်းမှာ ကိုးကန့်ပြီးလျှင် ၀ အလှည့်ရောက်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေနှင့်အညီအစိုးရ ဖွဲ့စည်းထားသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်၍ အစိုးရကို လက်နက်စွဲကိုင်ပြီးဆန့်ကျင်ခြင်းကို လက်ခံ၍မရပါကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုကြောင်း ၊ မဟာ ဗျူဟာမိတ်ဖက်နိုင်ငံအနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကိုရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီစေလို ပါကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang နှင့် မေ ၁၉ ရက်က တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။
အောင်ဇေယျ၏ ဖော်ပြပါဆောင်းပါးကို စာဖတ်သူများ သိရှိစေရန် ထုတ်နုတ်ပြန်ဆို ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)
“ပန်ဆန်းအစည်းအဝေးရလဒ်နှင့် UWSA ရဲ့ သရုပ်သကန်”
----- ----- ----
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင် မေလ ၁ ရက်နေ့မှ ၆ရက်နေ့အထိ ကျင်းပခဲ့သောတိုင်းရင်းသားခေါင်းဆောင်များ၏စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှ သဘောထားထုတ်ပြန်ချက်တခု ထွက်ပေါ်ခဲ့သည်။ အဆိုပါအစည်းအဝေးအပေါ် “တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၏နောက်ဆုံးခြေလှမ်း”အဖြစ် အများပြည်သူတို့က မျှော်လင့်ထားခဲ့ကြသည်။ သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့၏ ငြိမ်းချမ်းရေးအဖြေရှာပုံတော်မှာ မည်သို့မှခရီးမတွင်ခဲ့ရဘဲ UWSA ၏ ကိုယ်ပိုင်ပြည်နယ်တောင်းဆိုရေးဆွေးနွေးပွဲသာ ဖြစ်ခဲ့သည်။
အမှန်အာဖြင့် အဆိုပါဆွေးနွေးပွဲ၏ မူလရည်ရွယ်ချက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(UPWC)နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိုနှိုင်းရေးအဖွဲ့(NCCT)တို့ အတူတကွ ဆွေးနွေးဆောင်ရွက်ခဲ့သော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမူကြမ်းကို ပြန်လည်သုံးသပ်ခြင်းနှင့် တဖွဲ့ချင်းစီ၏ သဘောထားနှင့် အကြံပြုချက်များ ရယူရန်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတခုလုံးကို ပြန်ကြည့်မည်ဆိုလျှင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် အပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲရာတွင် မည်သည့်အခါကမှ ပါဝင်ခဲ့ခြင်းမရှိဘဲ အခါအားလျော်စွာ လေ့လာသူအဖွဲ့အဖြစ်သာ ပါဝင်ခဲ့သည်။
ယင်းသို့ဆိုလျှင် ညီညွတ်သောတိုင်းရင်းသာများဖက်ဒရယ်ကောင်စီ(UNFC)၏ ထိပ်သီးအစည်းအဝေးပွဲများတွင် တကြိမ်တခါမှ မပါဝင်ခဲ့ဖူးသည့် UWSA အနေနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့်ဆွေးနွေးပွဲကို ၎င်းတို့၏ဌာနချုပ်ရှိရာ ပန်ဆန်း၌ကျင်းပခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၀ ပြည်နယ်အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးရေးကို ထောက်ခံပေးရန် ဆွေးနွေးပွဲသို့တက်ရောက်လာသော တိုင်းရင်းသာခေါင်းဆောင်များအား UWSA ဗိုလ်မှူးချုပ် ပေါက်ယူချန်းက တိုက်တွန်းခဲ့သည်ဆိုသော စိုးရိမ်ထိတ်လန့်ဖွယ်သတင်းများ ထွက်ပေါ်လာသည်။ ပေါက်ယူချန်း၏ အဆိုပါတောင်းဆိုမှုနှင့်ပတ်သက်ပြီး တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်သဖြင့် မြန်မာပြည်သူလူထုနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများပင်လျင် ထောက်ခံလိမ့်မည်မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက အပြင်းအထန် ထောက်ပြဆွေးနွေးခဲ့ကြသည်ဆိုသော သတင်းများလည်း ကြားသိရသည်။
ပန်ဆန်းဆွေးနွေးပွဲ၏သဘောထားထုတ်ပြန်ချက် အပိုဒ် ၄ တွင် မြန်မာတပ်မတော်၏လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ တိုင်းရင်းသားဒေသနေပြည်သူများ၊ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများမှ ပြည်သူများကို ရက်စက်စွာပြုမူဆက်ဆံခြင်းများကို အပြင်းအထန်ရှုတ်ချကြောင်းနှင့် ယင်းကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တောင်းဆိုကြောင်းပါရှိသည်မှာ အံ့အားသင့်ဖွယ်ရာ ဖြစ်နေသည်။ ယင်းတို့သည် မြန်မာတပ်မတော်ကို တဖက်သက်စွပ်စွဲခြင်းသာဖြစ်ပြီး အခြေအနေမှန်နှင့် ပြောင်းပြန်ဖြစ်သည်။ တပ်မတော်ကိုစွပ်စွဲမှုပြုသော ၀ အဖွဲ့အနေနှင့် ၎င်းတို့၏စွပ်စွဲချက်များ မည်မျှမှန်ကန်မှုရှိကြောင်းနှင့် တရားဝင်ဖြစ်မဖြစ်ကို ဦးစွာစဉ်းစားသင့်ပါသည်။
ဝ အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ အင်းအားယုတ်လျော့သွားခဲ့သည့်ကာလ ၁၉၈၉ ဧပြီ ၁၇ တွင် ပန်ဆန်း၌စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ မြန်မာအစိုးရ၊ မြန်မာတပ်မတော်နှင့် ငြိမ်းချမ်းစွာနေထိုင်ပါမည်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း တချိန်တည်းမှာပင် တရားဝင်ရော တရားမ၀င်လုပ်ငန်းများပါ လုပ်ကိုင်ခြင်းဖြင့် ၎င်းတို့၏အင်အားကို တိုးချဲ့လာခဲ့သည်။
ဗကပကိုတိုက်ခိုက်ခဲ့စဉ်က ၎င်းတို့တွင် အင်အား ထောင်ဂဏန်းသာရှိခဲ့သည်။ နောက်ပိုင်းတွင် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ခြင်း၊ ကျောင်းသားအရွယ် ကလေးငယ်များအား အတင်းအဓမ္မ တပ်ထဲဝင်စေခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို မျက်ကွယ်ပြု၍ ပြည်သူများကို အဓမ္မစစ်မှုထမ်းစေခြင်းတို့ လုပ်ဆောင်လာသည်။ ယင်းလုပ်ရပ်များသည် ၀ ခေါင်းဆောင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည်။
UWSA နှင့် မိုင်းလားတပ်ဖွဲ့တို့ ထိန်းချုပ်ရာနယ်မြေများသည် ဘိန်းနှင့် မက်သာဖက်တမင်း အထွက်အများဆုံးဧရိယာများ ဖြစ်သည်။
UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းနှင့် အခြား ၂၁ ဦးသည် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီက မူးယစ်ရာဇာများအဖြစ် ဒေါ်လာသန်းချီ၍ ဆုကြေးထုတ်ခံထားရသူများ ဖြစ်သည်။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မူးယစ်ဆေးဝါးထွက်ရှိရာဒေသများအနက် အကြီးဆုံးဖြစ်သည်။
UWSA ဟုဆိုလျင် ကမ္ဘာ့မူးယစ်ဆေးဝါးများထွက်ရှိရာနေရာအဖြစ် မှတ်ယူထားကြသည်။ Google, Yahoo အစရှိသည့် Search Engine များတွင် UWSA ဟုရိုက်ကြည့်ပါ။ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်မှုရှိသည်ကို မြင်တွေ့ရမည်။ ၀ ခေါင်းဆောင်များသည် အမေရိကန်ရဲတပ်ဖွဲ့၏ အလိုရှိသူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူများဖြစ်သည်။
ဝ ခေါင်းဆောင်များ ပန်ဆန်းညီလာခံကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ပတ်သက်မှုရှိသော ၎င်းတို့၏သရုပ်မှန်ကို ဖုံးကွယ်လို၍ ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာတပ်မတော်က လူမဆန်သည့်လုပ်ရပ်များ ကျုးလွန်သည်ဆိုသောစွပ်စွဲချက်များနှင့် ပတ်သက်၍ပြောလိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံးသည် စစ်ဥပဒေစည်းကမ်းများသာမက အရပ်ဖက်ဥပဒေနှင့် နိုင်ငံတကာဥပဒေများကိုလည်း လိုက်နာရပါသည်။
UWSA သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကိုသဘောမတူခဲ့သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ၎င်းတို့ဒေသတွင် ကျင်းပခွင့်မပြုခဲ့ချေ။ ယခု ပန်ဆန်းညီလာခံနှင့်ပတ်သက်၍ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော လက်နက်ကိုင်တပ်ဖွဲ့များကိုမဖိတ်ကြားရန် မြန်မာအစိုးရဘက်က တောင်းဆိုခဲ့သော်လည်း လစ်လျုရှုခဲ့သည်။ UWSA ကိုသေချာစွာလေ့လာကြည့်မည်ဆိုပါက ၎င်းတို့သည် ဗဟိုအစိုးရ၏ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိဘဲ ၎င်းတို့၏တပ်ဖွဲ့အင်အားကိုတိုးချဲ့နေခြင်းဖြင့် ရန်သူရန်ဘက်သဖွယ်ပြုမူနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုမှ မခွဲထွက်ရေးကိုပါးစပ်ကတွင်တွင် ပြောဆိုနေသော်လည်း ၎င်းတို့၏ရည်ရွယ်ချက်အမှန်မှာ ပြောင်းပြန်ဖြစ်သည်။ လက်ရှိတွင် ၀ အဖွဲ့သည် ဗဟိုအစိုးရ၏အုပ်ချုပ်မှုပြင်ပတွင် ရှိတည်နေပြီး မြို့တော်ပန်ဆန်းသည် လောင်းကစားရုံများ၊ ဟိုတယ်များ၊ အနှိပ်ခန်းများနှင့် ပြည့်နှက်လျက်ရှိသည်။ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းတွင် တရုတ်လူမျိုးများ နေရာယူနေသည်။ တိုင်းရင်သားဝိသေသလက္ခဏာများကို တရုတ်ယဉ်ကျေးမှုများက ၀ါးမြိုလျက်ရှိသည်။ တရုတ်ဘာသာစကားသည် ရုံးသုံးဘာသာစကားဖြစ်ပြီး တရုတ်ယွမ်ငွေကိုသာ သုံးစွဲကြသည်။ ၎င်းတို့သည် ၀ မျိုးနွယ်စုတိုင်းရင်းသားများလား သို့တည်းမဟုတ် ၀ အသွင်ဆောင်ထားသောတရုတ်များလားဆိုသည်ကို စောင့်ကြည့်လေ့လာရမည့် အချိန်ဖြစ်သည်။
UWSA ထံတွင် လက်နက်စက်ရုံများရှိကြောင်း၊ လေယာဉ်ပစ်ဒုံးကျဉ်များပင်ရှိကြောင်း သိရသည်။ UWSA တွင် တဘက်နယ်စပ်ရှိမိတ်ဆွေများ၏အကူအညီဖြင့် ရဟတ်ယာဉ်နှင့် သံချပ်ကာကားများပင် ပိုင်ဆိုင်ကြောင်းလည်း သိရသည်။ ၎င်းတို့တွင် တပ်သားအင်အား ၃၀၀၀၀ ခန့်ရှိပြီးအရန်တပ်သား ၁၀၀၀၀ ခန့်ရှိကြောင်း သတင်းများအရသိရသည်။
မြန်မာအစိုးရသည် လူမျိုးစုအပေါ်လိုက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သော်လည်း UWSA သည် တရားမ၀င်လုပ်ငန်းများ လုပ်ကိုင်ပြီအင်အားကြီးထွားလာရာ ယခုနောက်ဆုံးကိုယ်ပိုင်ပြည်နယ်တောင်းဆိုခြင်းဖြင့် ဗဟိုအစိုးရကို စိန်ခေါ်လိုက်ခြင်းဟု မှတ်ယူက မှားမည်မထင်။
တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်များအကြား ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် UWSA, MNDAA, NDAA တို့ ပူးတွဲပိုင်ဆိုင်ရာနယ်မြေများအတွင်း မူးယစ်ဆေးဝါး တန်ချိန်များစွာ ပိတ်မိလျက်ရှိကြောင်း သိရသည်။ လောက်ကိုင်တိုက်ပွဲသည် ကာလရှည်ကြာလာသည်နှင့်အမျှ စစ်သုံးစရိတ်လည်း မြင့်တက်လျက်ရှိနေရာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံခန့် ကုန်ကျခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ နမ်ဆန်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရတပ်သာများအတွက် ဆေးကုသစရိတ်နှင့် သေဆုံးသွားသော ကြေးစားစစ်သားများအတွက် လျော်ကြေးများပေးရန် ဖုန်ကြားရှင်အနေနှင့် ပိတ်မိနေသော မူးယစ်ဆေးဝါးများ ရောင်းချရရေး အသဲအသန် လိုအပ်နေသည်။ ယင်းကြောင့် အဆိုပါ မူးယစ်ဆေးဝါးများကို တာဝန်ယူရောင်းချပေးရန် ၀ အဖွဲ့ကသဘောတူထားပြီး ဖြစ်သည်။ ပန်ဆန်းညီလာခံပင်လျှင် အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချရေးအတွက် အကာအကွယ်ယူပြုလုပ်သော ဆွေးနွေးပွဲဖြစ်နိုင်သည်။
UWPC နှင့် NCCT တို့၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ထွက်ပေါ်လာသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းကြောင့် မြန်မာပြည်သူလူထုက ငြိမ်းချမ်းရေးမျှော်လင့်ချက်များဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေစဉ် ပန်ဆန်းညီလာခံမှ UWSA ၏ လွဲမှားသည့်အပြုအမူများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖီလာဆန့်ကျင် ဖြစ်လျက်ရှိသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate