Monday, 18 May 2015

ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသောအိပ်မက်များ

''အတန်းထဲမှာ မှတ်ပုံတင်မရှိတဲ့လူတွေ မတ်တတ် ရပ်ဆိုရင် ကျွန်မတစ်ယောက်တည်း အမြဲတမ်းမတ်တတ် ရပ်ရတယ်။ ဆယ်တန်းစာမေးပွဲဖြေတုန်းကဆိုရင် ကျွန်မ တော်တော်လေးဝမ်းနည်းပြီး ငိုခဲ့ရတယ်။ ဘဝမှာ စိတ်အ နှောင့်အယှက်ဖြစ်ရဆုံးအချိန်ပဲ။ နောက်ဆုံး ဆရာမတွေ က ပြုနိုင်ငံသားကတ်(လျှောက်ထားဆဲအနေ)နဲ့ ဖြေခွင့်ရ အောင်လုပ်ပေးလို့ ဆယ်တန်းဖြေခွင့်ရခဲ့တာပါ''။
သူ့နာမည်က စီတာဒေဝီ။ ရာမလက္ခဏာ ဇာတ်တော် ထဲက သီတာဒေဝီမင်းသမီးရဲ့နာမည်လို့ဆိုရင် မမှားပါဘူး။ မြန်မာတွေက သီတာဒေဝီ(T)နဲ့စာလုံးပေါင်းပြီး အိန္ဒိယ၊ နီပေါစတဲ့နိုင်ငံတွေမှာတော့ စီတာဒေဝီ(S)နဲ့ စာလုံးပေါင်း ပါတယ်။ ဒါကြောင့် ဂေါ်ရခါးသွေးပါတဲ့သူ့ကို မိဘတွေက စီတာဒေဝီလို့ နာမည်ပေးခဲ့တာပါ။ ဒါပေမဲ့ မူလတန်းကျောင်း စတက်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာကျောင်းနေရင် မြန်မာ နာမည်ရှိရမယ်ဆိုပြီး ဆရာ၊ဆရာမတွေက သူ့ကို မအိမွန် လို့ နာမည်ပြောင်းပေးခဲ့ပါတယ်။ ဒါကြောင့် သူ့နာမည်ဟာ ဆယ်တန်းအောင်လက်မှတ်မှာ မအိမွန်ဖြစ်နေပြီး မှတ်ပုံ တင်ထဲမှာတော့ စီတာဒေဝီဖြစ်နေခဲ့ရတာပါ။ ဇာတ်တော်ထဲက သီတာဒေဝီမင်းသမီးလေးရဲ့အလှ ကို မမြင်ဖူးကြပေမယ့် မြစ်ကြီးနားမြို့ Palm Spring ဟို တယ်မှာ လာရောက်တည်းခိုသူတွေကတော့ စီတာဒေဝီ ကို မိန်းမချောလေးတစ်ယောက်လို့ အားလုံးက အသိအ မှတ်ပြုကြပါတယ်။ သူက အဲဒီဟိုတယ်မှာ ဧည့်သည်တွေ ကောင်းကောင်းမွန်မွန်စားသောက်နိုင်အောင် ဝန်ဆောင် မှုပေးနေတဲ့ ဝန်ထမ်းတစ်ယောက်ပါ။
စီတာဒေဝီရဲ့အဘိုးအဘွားနှစ်ဖက်စလုံးဟာ ပထမ ကမ္ဘာစစ်မဖြစ်ခင်ကတည်းက ဗြိတိသျှစစ်တပ်နဲ့ အတူ မြန်မာ နိုင်ငံထဲကိုရောက်လာကြတဲ့ နီပေါ (ဂေါ်ရခါး) လူမျိုးတွေပါ။ စီတာရဲ့အဘိုးနှစ်ယောက်စလုံးဟာ အင်္ဂလိပ်စစ် တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဒုတိယကမ္ဘာ စစ်အတွင်း ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်ထဲက တိုက်ထုတ်ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်တဲ့ ဗမာ့တပ်မတော်နဲ့အတူ ရှေ့တန်းက ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူတွေလို့ သိရပါတယ်။
၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာတော့ စီတာဒေဝီရဲ့အဘိုးတွေဟာ အင်္ဂ လိပ်စစ်တပ်နဲ့အတူ အိန္ဒိယကို ပြန်လည်လိုက် ပါခြင်းမပြုတော့ဘဲ မြန်မာ့တပ်မတော်ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်ရင်း မြန်မာပြည် တွင်းရောင်စုံသူပုန်သောင်းကျန်းမှု အန္တရာယ်ကို ကာကွယ်ခဲ့ပါတယ်။
စီတာဒေဝီရဲ့အမေဘက်က အဘိုးနာမည်က ဆွတ်ချက်ထရီပါ။ ကလောမှာရှိတဲ့ အင်္ဂလိပ်စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ပင်းတယသူ ဒေါ်မိုကုမာရီနဲ့ အိမ် ထောင်ကျပါတယ်။ ဒေါ်မိုကုမာရီရဲ့ မိဘတွေကလည်း နီပေါနိုင်ငံကနေ အင်္ဂလိပ်တပ်နဲ့အတူ မြန်မာပြည်ထဲကို ရောက်လာသူတွေပါ။ ဆွတ်ချက်ထရီနဲ့ ဒေါ်မိုကုမာရီတို့ နှစ်ဦးကနေ စီတာရဲ့အမေဖြစ်လာမယ့် ဗစ္စနိုးမာယာကို မွေးဖွားခဲ့ပါတယ်။
စီတာရဲ့အဖေဘက်က အဘိုးကလည်း ဒုတိယကမ္ဘာ စစ်တုန်းက နမ္မတီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂေါ်ရခါး စစ်သားတစ်ယောက်ပါပဲ။ အဲဒီနမ္မတီးစစ်တပ်မှာပဲ (Bean) ဘင့်ကုမာရီနဲ့အိမ်ထောင်ကျပြီး စီတာဒေဝီရဲ့ အဖေကိုးလ် ဗဟာဒူးကို မွေးခဲ့ပါတယ်။
ကိုးလ်ဗဟာဒူးနဲ့ ဗစ္စနိုးမာယာတို့နှစ်ဦး လက်ထပ်ပြီး စီတာဒေဝီအပါအဝင် မောင်နှမလေးယောက်ကို မွေးဖွား ခဲ့ပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက် မြန်မာ ပြည်မှာ မွေးဖွားကြီးပြင်းခဲ့သူတွေဖြစ်ပေမယ့် လက်ရှိအ ချိန်ထိ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရပါဘူး။ နှစ်ဖက်အဘိုးတွေက မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားကြီးတွေဖြစ်ခဲ့ပေမယ့် သားသမီးနဲ့ မြေးတွေကတော့ မြန်မာနိုင်ငံသားဖြစ်ခွင့်မရကြဘဲ ပြု နိုင်ငံသား အစိမ်းရောင်ကတ်နဲ့ နေထိုင်နေကြရပါတယ်။
မြန်မာပြည်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂေါ်ရခါးလူမျိုးတွေရဲ့အခန်းကဏ္ဍကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာ့တပ်မတော်မှာ တိုက်ရည်ခိုက်ရည် အင်မတန်ထူးချွန်တဲ့ ဂေါ်ရခါး စစ်ဗိုလ် စစ်သားတွေ များစွာရှိခဲ့ပါတယ်။ ( ဥပမာ - အောင်ဆန်း သူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ် (၄) ခြေလျင်တပ်ရင်း) ။ မြန် မာ့လက်ရွေးစင်ဘောလုံးသမား ဗဟာဒူးဆိုရင်လည်း အာရှအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ခံရတဲ့အထိ မြန်မာ့ဂုဏ်ဆောင် ဂေါ်ရခါး သွေးပါ ထူးချွန်ဘော်လုံးသမား ဖြစ်ခဲ့ပါတယ်။
ဒီလိုပဲ မြန်မာပြည်ကို အသက်ပေးပြီး ချစ်ကြတဲ့ ဂေါ်ရခါးစစ်ဗိုလ်စစ်သားများစွာ မြန်မာ့သမိုင်း မှာ ရှိခဲ့ပါတယ်။ ဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ကြီးတွေသာ ရှိနေဦးမယ်ဆိုရင် 'ပြုနိုင်ငံသားကတ်'ကိုင်ထားရတဲ့ သူတို့ သားသမီးမြေးမြစ်တွေအတွက် ဘယ်လိုခံစားကြရမလဲဆို တာ စဉ်းစားစရာပါပဲ။ သေချာတာကတော့ သူတို့ ပျော်နိုင်ကြမယ်လို့တော့
မထင်ပါဘူး။
စီတာဒေဝီဟာ ၂ဝဝ၅ခုနှစ်မှာ ရပ်စောက် (ဗထူးတပ်မြို့) က ဆယ်တန်းအောင်ခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။
''ကျွန်မခန္ဓာကိုယ်ထဲမှာ ဂေါ်ရခါးသွေးတွေ စီးဆင်းနေပေမယ့် မြန်မာပြည်မှာမွေးလို့ ကျွန်မ မြန်မာပြည်ကို ချစ်တယ်။ မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်။ ဒါကြောင့် တက္ကသိုလ်တက်တော့ မြန်မာစာ အဓိကယူ တယ်''။ သူဟာ ၂ဝ၁၁ ခုနှစ်မှာ တောင်ကြီးတက္ကသိုလ်က မြန်မာစာအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူ ငယ်စဉ်ကတည်းက အမြဲစိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းဆရာမ အလုပ်ကိုရဖို့ ကြိုးစားခဲ့ပါတယ်။ ပညာရေးကောလိပ်တက် ပြီး မူလတန်းကျောင်းဆရာမဖြစ်ဖို့ သူဟာ တောင်ကြီး ပညာရေးကောလိပ်ကို ဝင်ခွင့်လျှောက်လွှာတင်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့အိပ်မက်တွေ တစ်စစီ ရိုက်ချိုးဖျက် ဆီးခံလိုက်ရတဲ့ အကြောင်းပြန်ကြားချက်တစ်ခု ရောက် လာခဲ့ပါတော့တယ်။
'ပြုနိုင်ငံသားဖြစ်နေပါသဖြင့် ဖြေဆိုခွင့်မရှိပါ'တဲ့။
အဲဒီမှတ်ချက်လေးဟာ ဘဝမှာ ဆို့နင့်ကြေကွဲစရာ အကောင်းဆုံးလက်ခံရရှိတဲ့ ပြန်စာတစ်စောင်ပဲလို့ စီတာ ဒေဝီက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ(ပြုနိုင်ငံသား) ကတ်ကိုင်ထားသူတွေဟာ မြန်မာပြည်မှာ ဘာအတွက် အတန်းပညာသင်ကြားနေကြသလဲဆိုတာကို သူ မေးခွန်း ထုတ်ခဲ့ပါတယ်။
''အစိုးရအလုပ်လုပ်ခွင့်မရဘူးဆိုတာ သိလိုက်ရတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ တစ်ဆက်တည်းမှာပဲဘာ ဖြစ်လို့ကျောင်းတက်မိပါလိမ့်။ ဘာဖြစ်လို့ ဆယ်တန်း ဖြေမိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် နောင်တရတယ်။ ကျောင်းတက်မိလို့ ပိုက်ဆံလဲအများကြီးကုန်ရတယ်''။
မြန်မာပြည်မှာ သူဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို လုပ်ခွင့်မရတော့တဲ့အချိန်မှာ စီတာဒေဝီ ဟာ စင်ကာပူကို ၂ဝ၁၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ၂ဝ၁၃ စက်တင် ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ခရီးစဉ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့အခမ်းအနားကို စီတာဒေဝီလည်း တက်ရောက်ခဲ့ပါတယ်။ စင်ကာပူမှာနေရတဲ့ လေးနှစ်တာကာလအတွင်းမှာ အဲဒီ နေ့ရက်လေးဟာ သူ့အတွက် အပျော်ဆုံးနေ့ရက်လေးပဲ လို့ ဆိုပါတယ်။
စီတာဒေဝီဟာ၂ဝ၁၄ခုနှစ် အောက်တိုဘာမှာ မြန် မာပြည်ကိုပြန်လာခဲ့ပြီး ကန်တော်ကြီးဟိုတယ်မှာ ဖွင့်လှစ် ထားတဲ့ ဟိုတယ်ဝန်ဆောင်မှုသင်တန်းကို တက်ရောက်ခဲ့ ပါတယ်။
''မိသားစုစားဝတ်နေရေးကြောင့် ကျွန်မ ဟိုကိုသွား ရတယ်။ အဲဒီမှာလုံးဝမပျော်ဘူး။ မြန်မာပြည်ကိုပဲ သတိ ရနေတယ်။ မြန်မာပြည်ကိုပဲချစ်တယ်''။
ဟိုတယ်ဝန်ဆောင်မှု သင်တန်းအပြီးမှာ လုပ်ငန်းအ တွေ့အကြုံရဖို့ မြစ်ကြီးနားမြို့က Palm Spring ဟိုတယ်မှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ သူဟာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါနဲ့ ဓနုဘာသာစကားအပါအဝင် စုစုပေါင်း ဘာသာစကားခြောက်မျိုးတိတိ တတ်ထားလို့ ဧည့်သည်တွေနဲ့ ဆက်ဆံရာမှာတော့ များစွာအကျိုးသက် ရောက်မှုရှိခဲ့ပါတယ်။ အဲဒီဟိုတယ်မှာ လာရောက်တည်းခို ကြတဲ့ UNDP တို့ UNICIEF တို့လို ကုလသမဂ္ဂအဖွဲ့ အစည်းတွေရဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲတွေမှာ မကြာခဏ ဆိုသလို သူ့က စကားပြန်ဝင်လုပ်ပေးရလေ့ရှိပါတယ်။
''ကျွန်မတို့အိမ်မှာ မိသားစုဝင်တွေအားလုံး နီပေါ စကားပဲပြောကြတာပါ။ အမျိုး
ထဲမှာ အိန္ဒိယတွေရှိလို့ အိန္ဒိယစကားလဲပြောဖြစ်ပါတယ်။ စလုံးမှာ လေးနှစ်လောက်အလုပ်လုပ်ခဲ့တော့ တရုတ်စကားလဲ ကောင်းကောင်းတတ်သွား တယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြီးလာတော့ ငယ်သူငယ်ချင်းတွေအားလုံးက ဓနုတွေလေ။ ဒါကြောင့် ဓနုစကားလဲ ကောင်းကောင်းပြောတတ်ပါတယ်။ အင်္ဂလိပ် စကားကတော့ ကျောင်းမှာလဲသင် ကိုယ်လဲစိတ်ဝင်စား ဆိုတော့ အဆင်ပြေအောင် ပြောနိုင်ပါတယ်။ ခုတောင် ကချင်စကား စသင်နေပြီ''။
စီတာဒေဝေရဲ့မောင်လေးက ဆယ်တန်းဖြေထားပြီး တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲ ဝင်ရောက်အမှုထမ်း ချင်နေသူပါ။ ညီမလေးက ရှစ်တန်းကျောင်းသူဆိုပေမယ့် သူကတော့ အဘိုးတွေလိုမျိုး စစ်တိုက်ရတာကို ဝါသနာပါလို့
စစ်သမီးဖြစ်ချင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိပ်မက်တွေဖြစ်လာဖို့ကတော့ ထင်သလောက် လွယ်ကူနိုင်ပ့ါမလား။
''ကျွန်မကိုယ်တိုင် အစိုးရအလုပ်လုပ်ခွင့်မရတော့ သူ တို့အတွက် ဖြစ်နိုင်၊မဖြစ်နိုင် မသိတော့ဘူး''လို့ စီတာက ပြောပါတယ်။
သူ့ရဲ့ဖခင်(ကိုးလ်ဗဟာဒူး)ဟာ ၂ဝဝ၇ခုနှစ် ကွယ်လွန် ချိန်အထိ FRC (Foreign Registration Card ) အဖြူ ကတ်နဲ့ပဲ နေထိုင်ခဲ့ရတာပါ။ ခုချိန်မှာတော့ မိခင်(ဗစ္စနိုး မာယာ)အပါအဝင် မိသားစုတစ်ခုလုံးဟာ ပြုနိုင်ငံသား (အစိမ်းကတ်)နဲ့ နေထိုင်နေရပေမယ့် နိုင်ငံသားဖြစ်ခွင့် ပန်း ရောင်(နိုင်)ကတ်ကို မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့မျိုး နွယ်စုက နီပေါချက်ထရီမျိုးနွယ်စုပါ။ မြန်မာပြည်မှာတော့ ဂေါ်ရခါးလို့ လူသိများပါတယ်။ ချက်ထရီ(ထာပါ) ဇာတ်မို့ ဟိန္ဒူဘာသာ ကိုးကွယ်ကြပေမယ့် ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူတွေဖြစ်ပါတယ်။
''မှတ်ပုံတင်ထဲမှာတော့ ဗုဒ္ဓဘာသာတစ်ခုပဲ ဖြည့်ထား တယ်။ ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေပဲ သွားဖြစ်ပါတယ်''လို့ စီတာက ရှင်းပြပါတယ်။ နီပေါနိုင်ငံမှာ အဘိုးအဘွားတွေရဲ့ ဆွေးမျိုးရင်းခြာတွေ ရှိနေသေးလို့ တစ်နေ့နေ့မှာ အဲဒီကို သွားလည်နိုင်အောင် ကြိုးစားနေ တယ်လို့ သူက ဆက်ပြောတယ်။ ဒါ့အပြင် အဲဒီနိုင်ငံမှာရှိတဲ့ အဘိုးရဲ့ဆွေမျိုးတွေဆီက happy dipawalli ဆုတောင်း ပို့စ်စကတ်လေးတွေ အမြဲပို့ပေးတယ်လို့လည်းဆိုပါတယ်။
စီတာတို့မိသားစုအဖို့ လက်ရှိကိုင်ဆောင်ခွင့်ရထား တဲ့ အစိမ်းရောင်ကတ်ရဖို့တောင် အခက်အခဲမျိုးစုံနဲ့ ငွေ ကြေးများစွာ အကုန်ခံထားခဲ့ရတာပါ။ အဲဒီကတ်လေးက သူ့မျှော်လင့်ချက်တွေကို မဖြည့်စွမ်းပေးနိုင်ခဲ့သလို သူ့အိပ် မက်တွေကလည်း အရောင်ပြယ်လွင့်ခဲ့ပါပြီ။ အခုချိန်မှာ စီတာရဲ့အသက်က၂၉နှစ်ထဲ ဝင်နေပါပြီ။
သူဖြစ်ချင်တဲ့ အစိုးရကျောင်းဆရာမဘဝက အိပ်မက်တစ်ခုလိုပဲ ပျောက် ပျက်သွားခဲ့ပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး သူ့ရင်ဘတ်ထဲက ဝမ်းနည်းစကားသံလေးက''ဝင်ခွင့်စာမေးပွဲမအောင်လို့ အဖြူအစိမ်းဝတ် ကျောင်းဆရာမဘဝကိုမရခဲ့ရင်လဲ ကျွန်မ ဖြေသိမ့်နိုင်ပါတယ်။ အခုတော့ အဲဒီဝင်ခွင့်အဆင့်လေး အတွက် လျှောက်လွှာတင်ခွင့်တောင်မရလိုက်တဲ့ ကိုယ့် ဘဝကို ကိုယ်အရမ်းဝမ်းနည်းမိတယ်။ ဖြစ်လေရာဘဝတိုင်း ဒီအဖြစ်မျိုး မကြုံပါရစေနဲ့လို့ပဲ ဆုတောင်းပါတယ်''။
မင်းညီ - TheYangonTimes

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate