‘ချို့တဲ့လှမ်းဝေး ပညာရေး’ အမည်ရှိ အစီရင်ခံစာ မွန်အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် ထုတ်ပြန်
ဇွန် ၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မွန်ကျေးလက်ဒေသရှိ ပညာရေးအခြေအနေများကို ဖော်ညွှန်းထားသော
‘ချို့တဲ့လှမ်းဝေး ပညာရေး’ အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို
မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း(HURFOM)၏ အမျိုးသမီးနှင့် ကလေးအခွင့်
အရေး အစီအစဉ်(WCRP)က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အမှတ်(၉၂)
ရှင်စောပုလမ်း၊ စုပေါင်းခြံလမ်းသွယ်၊ မော်လမြိုင်ရပ်ကွက်၌ ဇွန် ၂ရက်နေ့တွင်
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့ည်။ယခင် စစ်ရေးပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည့် မွန်ပြည်နယ် ရေးမြို့နယ်၊
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ
မွန်လူမျိုးအမျာစုနေထိုင်သော ကျေးရွာပေါင်း ၁၇ရွာမှ အရွယ် ရောက်သူ
ရွာသူရွာသားများ၊ ကလေးများ ၁၄၆ ဦးကို ၆လကြာ တွေ့ဆုံမေးမြန်းပြီးနောက်
ယခုလို အစီရင်ခံ စာထုတ်ပြန်ခြင်းဖြစ်သည်ဟု အမျိုးသမီးနှင့်
ကလေးအခွင့်အရေးအစီအစဉ်မှ တာဝန်ခံ မိထောချမ်းက ပြောသည်။
၎င်းက “ကျမတို့ လေ့လာတွေ့ရှိချက်အရ အဲဒီမြို့နယ်ထဲက ကလေးတွေဟာ
ပညာရေးနဲ့ပတ်သက်ပြီးတော့ တော်တော်အခက်အခဲရှိတယ်။ အဲဒါတွေကို
ဘယ်လိုဝိုင်းဝန်းအကြံပြုနိုင်မလဲ။ ကျောင်းမတက်နိုင်သည့် ကလေးတွေကို
ကျောင်းတက်နိုင်အောင် ဘယ်လိုကူညီမလဲ၊ စာသင်ကျောင်းတွေရဲ့ လိုအပ်ချက်တွေကို
အစိုးရနဲ့ မွန်ပညာရေးကော်မတီတို့အနေနဲ့ ဘယ်လိုကူညီမလဲ ဒါတွေကို
အကြံပြုတောင်းဆို ထုတ်ပြန်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။ အင်္ဂလိပ်ဘာဖြင့် ထုတ်ဝေသော စာမျက်နှာ ၆၈မျက်နှာပါ ၎င်းအစီအရင်ခံစာထဲတွင် လိုက်လံကောက်ခံထား သည့် စာရင်းအရ မွန်ကလေးငယ် ၃၀ ရာခိုင်နှုန်းသာ မူလတန်းပညာအောင်မြင်ပြီး ၃၅ ရာခိုင်နှုန်းသည် မူလတန်းနှင့် အလယ်တန်းပညာသင်မပြီးဆုံးမီ ကျောင်းထွက်အလုပ်လုပ်ရသည့် အခြေအနေနှင့် မွန်ဒေသရှိ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ မလုံလောက်မှုအခြေအနေများကို အပိုင်း ၂ပိုင်းခွဲ၍ ဖော်ပြထားသည်။
၎င်းအပြင် အစိုးရအနေဖြင့် ပညာရေးအသုံးစရိတ်များကို မြှင့်တင်သုံးစွဲရန်၊ မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား ပညာရေးကော်မတီတို့အနေဖြင့် ပညာရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့် ပညာရေး ပြုပြင်ပြောင်းလဲမှု များကို လုပ်ဆောင်ရန်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုအကြောင်းကို ထည့်သွင်းဆွေးနွေးရန်တို့အပြင် လုပ်ဆောင်ရန် အခြားပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကြံပြုချက်များစွာကို WCRP က တိုက်တွန်းထားသည်။
မွန်ပညာရေးကော်မတီ၏ ကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်အိုင်းကွန်ကလည်း “အစိုးရကျောင်းနဲ့စာရင် ကျနော် တို့ကျောင်းက တအားနိမ့်ကျတယ်။ အချို့ကျောင်းတွေဆို ကျောင်းသားဦးရေက အယောက် ၂၀ လောက်ပဲ ကျန်ရှိတော့တယ်။ အဓိက ကြုံနေရတာ ကျောင်းဆရာ လစာထောက်ပံ့မှု အခက်အခဲပါပဲ။ ဒါကြောင့် ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်အောင် မွန်လွှတ်တော်မှာလည်း တင်ပြထားတာရှိတယ်”ဟု နိုင်အိုင်းကွန်က ကေအိုင်စီသို့ ပြောသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းလက်အောက်ရှိ အစီအစဉ် ၇အခုအနက် တစ်ခုဖြစ်သော အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်သည် ယခင်က အသိပညာရေး အလှမ်းဝေးနေဆဲ၊ Children for Hire တို့အပြင် ယခုအစီရင်ခံစာအပါအ၀င် အမျိုးသမီးနှင့် ကလေးအခွင့်အရေးနှင့်ဆိုင်သော အစီရင်ခံစာ ၄ စောင်ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။
by; ကေအိုင်စီ - KIC News


0 comments:
Post a Comment