Friday, 12 June 2015

စာသင်ခန်းထဲက ဖေ့စ်ဘွတ်ခ်ပြဿနာ

‘‘သူငယ်ချင်းအတုအယောင်မ၊ ငါ့နောက်ကျောဓားနဲ့ထိုးမ၊ ငါ့ဘ၀ထဲကနေ နင့်ကိုသေလူသတ်မှတ်လိုက်ပြီ။ ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာ  ဖုန်းနံပါတ်အားလုံးကို ဘလော့ဂ်သင့်တာ ဘလော့ဂ်၊ ဖျက်တန်တာ ဖျက်ပစ်လိုက်ပြီ ဘိုင့်ဘိုင်’’ အထက်ပါ စာကြောင်းမှာ န၀မတန်း ကျောင်းသူတစ်ဦးက ၎င်းအား     ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့ သည့် အတန်းဖော်သူငယ်ချင်းတစ်ဦးအတွက် ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပြန်လည်တုံ့ပြန် ရေးသားခဲ့ခြင်းဖြစ်သည်။
ပြင်ပလူမှုရေးပြဿနာများ၊ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများနှင့် အယူအဆမတူသူများ ကြားတွင် လူမှုကွန်ရက်ပေါ်၌ အပြန်အလှန်ပြောဆိုတိုက်ခိုက်ခြင်းတို့ မကြာခဏတွေ့လာရသည်။
နှစ်အနည်းငယ်အတွင်း မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူဦးရေ အများအပြားတိုးတက်လာသည့် မြန်မာနိုင်ငံတွင် တစ်ချိန်က လူနည်းစု(သို့မဟုတ်) လူနှစ်ဦးသာ ပြောဆိုဖြေရှင်းလိုက်သည့် ကိစ္စများအဖြစ်မှ လူသန်းချီအသုံးပြုနေသော လူမှုကွန်ရက် စာမျက်နှာများတွင် တစ်ဦးနှင့်တစ်ဦး မကျေနပ်မှုများကို အတိအလင်းပြောဆို တိုက်ခိုက်သည့် အဖြစ်များသို့ ရောက်ရှိလာသည်။
ယခုမူယင်းကဲ့သို့ ဖေ့စ်ဘွတ်ခ်ပေါ်မှ ပုဂ္ဂိုလ်ရေးအပြန်အလှန်တိုက်ခိုက်မှုများမှာ စာသင်ခန်းထဲမှ ကလေးငယ်များအထိပါ ကူးစက်လာပြီဖြစ်သည်။
ထိုကဲ့သို့ ပြဿနာများက ကျောင်းသူ၊ကျောင်းသားများအကြား မည်မျှပျံ့နှံ့နေသည်မသိ။ ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများတွင် စည်းကမ်းတစ်ခုတိုးလာခဲ့သည်။ စည်းကမ်းကို ချိုးဖောက်ပါက ကျောင်းထုတ်အပြစ်ပေးသည်အထိ အရေးယူမည်ဟူ၏။ ယင်းစည်းကမ်းချက်အသစ်မှာ ကျောင်းသား၊ ကျောင်းသူများတွင် ဖေ့စ်ဘွတ်ခ် အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်း၊ သူတစ်ပါးမကောင်းကြောင်းရေးခြင်း၊ မှတ်ချက်ဝင်ပေးခြင်း၊ ညစ်ညမ်းသော ဓာတ်ပုံစာများ ရေးတင်ခြင်း စသည်တို့ ရှိလာသည့်အတွက် ယင်းသို့ပြုလုပ်ပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကျောင်းထုတ်သည်အထိ  အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
‘‘ကိုးတန်းကျောင်းသူတွေ ဘောလုံးပွဲအားပေးရင်း တစ်သင်းနဲ့တစ်သင်း မနာလိုအောင် ပြောကြရာကနေ ဖေ့စ်ဘွတ်ခ်ပေါ်ထိ တက်ပြီးရန်ဖြစ်ကြတယ်။ နောက်မှ နှစ်ယောက်စလုံးကမခံနိုင်တော့ ဆရာမကို လာတိုင်ကြလို့ ရှင်းပေးလိုက်ရသေးတယ်’’ဟု မြောက်ဒဂုံမြို့နယ်မှ   အထက်တန်းကျောင်းဆရာမတစ်ဦးက ပြောပြသည်။
အကြောင်းအမျိုးမျိုးကြောင့် မကျေနပ်သည့် ကိစ္စများကို လူမှု ကွန်ရက်မှ တစ်ဆင့် ရေးသား တိုက်ခိုက်သည့် ဖြစ်စဉ်များသည် ယခင်က လုပ်ငန်းခွင်ဝင်ရောက်နေသည့် လူများနှင့်လူလတ်ပိုင်းများတွင်သာ တွေ့ရလေ့ရှိပြီး အဆိုပါအကျင့်များသည် အတုမြင်အတတ်သင်တတ်သည့် ကလေးများထံသို့ ကူးစက်လာခြင်းဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ထောက်ပြသည်။
‘‘ကျောင်းတက်နေတဲ့ ကလေးတွေ ဖေ့စ်ဘွတ်ခ်မှာ အချင်းချင်းပြောပြီး ရန်ဖြစ်ကြတယ်ဆိုတာ လူကြီးတွေဆီက ကူးစက်လာတာပဲလေ။ ကလေးဆိုတာ အတုမြင်အတတ်သင်ပဲ။ အဲဒီလို မျိုးတွေကို တကယ်တမ်းစိစစ်မယ်ဆိုရင် လုပ်ငန်းခွင်တွေနဲ့ပြင်ပက လူကြီးတွေပါ ဖေ့စ်ဘွတ်ခ်မှာ တခြားလူတွေအကြောင်း စောင်းမြောင်းရေးသားတာတွေ ထိန်းချုပ်ရမယ်’’ဟု ကမာရွတ်မြို့နယ်၌ အထက်တန်းပြဆရာမလုပ်နေသည့် ဒေါ်ခင်မာချိုက ပြောသည်။
ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များသည် ကမ္ဘာတစ်ဝန်းမှ လူပေါင်းသန်းရာချီအသုံးပြုနေသော အွန်လိုင်းစာမျက်နှာများဖြစ်သည့်အတွက် မိမိတင်လိုက်သည့်  အကြောင်းအရာတစ်ခုသည် လူပေါင်းများစွာထံသို့ ရောက်ရှိသွားမည်ဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်သည့်အကြောင်း အရာများ ရေးသားရာတွင် ထိန်းသိမ်းကာ ရေးသင့်ကြောင်း ပညာရှင်များက အကြံပြုသည်။
‘‘အွန်လိုင်းကို သီးခြား ကမ္ဘာ တစ်ခုလို့ ထင်ပြီး သူတို့ပြောချင်တာတွေ စွတ်ပြီးပြောနေကြ တယ်။ တကယ်တော့ ဒါက ကိုယ့်ဘ၀ရဲ့ ဒစ်ဂျစ်တယ်အစိတ်အပိုင်းတစ်ခုပါ။ လူမှုကွန်ရက်ပေါ်မှာ လုပ်ခဲ့တဲ့ဟာတွေက တစ်ချိန်ကြ ကိုယ့်အတွက် မှတ်တမ်းတစ်ခုလည်း ဖြစ်နိုင်တဲ့အတွက် အခုလို ပြောနေတာတွေက ကိုယ်ဘာလုပ်နေတယ်ဆိုတာ ဖော်ပြနေသလိုပါပဲ’’ဟု အမုန်းစကားပြောမှုများအတွက် ဖေ့စ်ဘွတ်ခ်နှင့် လက်တွဲဆောင်ရွက်နေသည့် မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IMDO) မှ စီမံခန့်ခွဲရေးဒါရိုက်တာ ကိုနေဘုန်းလတ်က ပြောသည်။
လူမှုကွန်ရက်သုံးစွဲသူများသည် ၎င်းတို့၏ သဘောထားကွဲလွဲမှု၊ လူမှုရေးပြဿနာမကျေနပ်မှု စသည့် အခြေအနေအမျိုးမျိုးအတွက် စိတ်ထွက်ပေါက်အနေဖြင့် ထုတ်ဖော်ရေးသားကြရာမှ တစ်ဦးနှင့် တစ်ဦး အတိအလင်းပြောဆိုတိုက်ခိုက်သည့် အဆင့်အထိ ရောက်ရှိလာခြင်းဖြစ်သည်။
ပြည်တွင်း၌ လုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ အချင်းချင်းမပြေလည်မှုများအား လူမှုကွန်ရက်တွင် တက်ရောက်ရေးသားခြင်းကို တားမြစ်ချက် ကုမ္ပဏီများရှိသော်လည်း၊ ကန့်သတ်ချက်မထားသည့် ကုမ္ပဏီများလည်းရှိသည့်အတွက် လုပ်ငန်းခွင်တွင် အချင်းချင်းပုတ်ခတ်ရေးသားမှုများ တွေ့နေရ ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
‘‘နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အလုပ်ခန့်မယ်ဆိုရင် အလုပ်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေအပြင် လူမှုကွန်ရက်ပေါ်မှာ ထိန်းသိမ်းရမယ့် စည်းကမ်းတွေလည်း သတ်မှတ်ထားတယ်။ အဲဒါတွေကို လက်ခံပြီး လိုက်နာမှ အလုပ်ခန့်တယ်။ ပြည်တွင်းမှာလည်း အဲဒါမျိုးတွေ လုပ်ထားသင့်ပါတယ်’’ဟု MIDO မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်က အကြံပြုသည်။
ကျောင်းသားများကြားတွင် ဖေ့စ်ဘွတ်ခ်ပေါ်မှတစ်ဆင့် တိုက်ခိုက်သည့်စကားများ ရေးသားခြင်းမှာ ပေါ်ပင်တစ်ခုအနေဖြင့် အသွင်ဆောင်လာပြီး ၎င်းတို့သဘောကျသည့် အဆိုတော်၊ အနုပညာရှင်၊ ဘောလုံးအသင်းနှင့် ဂိမ်းကစားနည်းများအတွက် တစ်ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်းများ မကြာခဏရှိလာကြောင်း အထက်တန်းကျောင်းဆရာမတစ်ဦးကပြောသည်။
‘‘ကျောင်းသားက ကျောင်းသားအလုပ်ပဲ လုပ်ရမှာပါ။ တချို့ ကျောင်းသူတွေဆို ကျောင်းစတက်တဲ့နေ့မှာ ဓာတ်ပုံချည်းရိုက်နေတာတွေ့ရတယ်။ ကျောင်းသားအရွယ်က ဖေ့စ်ဘွတ်ခ်မသုံးသင့်သေးဘူး။ မိဘတွေနဲ့ဆိုင်တယ်။ ကိုယ့်သားသမီးဘာလုပ်နေတယ်ဆိုတာ သိထားသင့်တယ်။ တချို့ကလေးတွေက အင်တာနက်သုံးတာ မကောင်းတဲ့ဘက်ကိုကြည့်တာများလာတယ်’’ ဟု မရမ်းကုန်းမြို့နယ်ရှိ ကျောင်းဆရာမတစ်ဦးကပြောသည်။
လက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ စာသင်ကြားမှုကို မထိခိုက်စေရန် မိုဘိုင်းဖုန်းများ ယူမလာစေရန်    ထုတ်ပြန်ထားသည်။
‘‘ဒီခေတ်မှာဖုန်းတွေက အလွယ်တကူသုံးနိုင်တော့ ကလေးတွေအရွယ်ဆို ဖုန်းသုံးတာတစ်ခုလောက်ကိုပဲ ခွင့်ပြုပေးသင့် တယ်။ နောက်ဆုံးပေါ်ဟန်းဖုန်းတွေလည်း ပေးမကိုင်သင့်သေးဘူး။ အိမ်ကသားကိုလည်း ကျောင်းသွားရင် ဖုန်းမယူသွားခိုင်းဘူး’’ဟု တာမွေမြို့နယ်ရှိ     န၀မတန်း ကျောင်းသားတစ်ဦး၏ မိခင်ကဆိုသည်။
‘‘တချို့က ကိုယ်ကလည်း မှားနေသေးတယ်။ ပြဿနာကို သေချာမစဉ်းစားဘဲ ကိုယ့်တစ်ဖက်တည်းကနေပဲကြည့်ပြီး FB ကနေ Personal Attack လုပ်မယ်ဆိုရင်တော့ မူလ post တင်တဲ့သူ ကိုယ်တိုင် ပြန်ထိခိုက်လာနိုင်တယ်။ ကိုယ့်ရှူးကိုယ်ပတ်ဆိုသလိုပေါ့’’ဟု MRTV မှ အစီအစဉ် တင်ဆက်သူ ကိုချမ်းမြေ့အောင်က ၎င်း၏ထင်မြင်ချက်ကိုပြောပြသည်။
နိုင်ငံတကာကျောင်းများတွင် Internet Of Day ဟူ၍ လူငယ်များလူမှုကွန်ရက်အသုံးပြု ခြင်းနှင့်ပတ်သက်ပြီး တစ်ဖက်သားကို ထိခိုက်မှုမရှိစေရန်နှင့် တာဝန်ယူမှုရှိသော အသုံးပြုမှု ပုံစံများကို သင်ကြားပေးသည့်ဆွေးနွေးပွဲများ ပြုလုပ်ပေးလေ့ရှိသည့်အတွက် ပြည်တွင်း၌ အဆိုပါပွဲများပြုလုပ်ပေးရန်    လိုအပ်နေသည်။
‘‘နိုင်ငံတကာကျောင်းတွေမှာဆိုရင် အင်တာနက်အသုံးပြုမှု အကြောင်းတွေကို ကလေးတွေ နားလည်အောင် လစဉ်ပညာပေးဆွေးနွေးမှုတွေပြုလုပ်ပေးလေ့ရှိတယ်။ အဲဒါမျိုးတွေ ဒီမှာလည်း အများကြီးလုပ်ပေးဖို့လိုအပ်နေပါတယ်’’ဟု မထိုက်ထိုက်အောင်က အကြံပြုသည်။
ထိုသို့အကြောင်းအရာများကို လူမှုကွန်ရက်များတွင်ရေးသားခြင်းများသည် မိမိတို့ပတ်ဝန်း ကျင်ရှိသူများကို မထိခိုက်စေရန်လည်းလိုအပ်ပြီး အတုမြင်အတတ်သင်သည့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် မျိုးဆက်သစ်လူငယ်များအပေါ် မလွှမ်းမိုးစေရန် လူမှုကွန်ရက်များသုံးစွဲသူများကပင် ဆင်ခြင် သင့်ကြောင်း စာပေနယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးကသုံးသပ်သည်။
တစ်နှစ်သားအရွယ်ကလေးငယ်မှာ မိုဘိုင်းဖုန်းဖျော်ဖြေမှုများ နှင့် ရင်းနှီးပြီးသော ယနေ့ခေတ်တွင် လူမှုကွန်ရက်နှင့်ချိတ်ဆက်လာနိုင်သော ဖုန်းနှင့်တက်ဘလက်များ စာသင်ခန်းအတွင်းသို့ အလွယ်တကူရောက်ရှိလာပြီဖြစ်သည်။
ဆိုရှယ်မီဒီယာသုံးစွဲသည့် ဆယ်ကျော်သက်များလည်း စာသင်ခန်းများတွင် ရှိနေပြီဖြစ်သည်။ ကလေးငယ်များ ဖေ့စ်ဘွတ်ခ်သုံးသင့်၊  မသုံးသင့်ဟူသည့် အချက်မှာ မိဘများအကြား အကြီးအကျယ်ဆွေးနွေးနေကြသည့် အခြေအနေတော့မရှိသေး။ ဖေ့စ်ဘွတ်ခ်သုံးသည့် ဆယ်ကျော်သက်များအတွက် အထောက်အကူပြုမည့် ပညာပေးမှုများတော့ များစွာ  ပြုလုပ်ရန် လိုအပ်လာနေပြီဖြစ်သည်။
http://7daydaily.com/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate