Saturday, 13 June 2015

အသစ်ဆောက်လုပ်ပြီးစီးသွားသော သံတွဲဒွာရ၀တီဈေးကြီး အဆင့်မမှီ၍ ဆန္ဒဖော်ထုတ် တရားစွဲဆိုမည်

image-de49

နေဇော် (သံတွဲ) ဇွန်လ ၁၂
မီးလောင်သွားခဲ့သော သံတွဲမြို့ ဒွါရာဝတီ ဈေးကြီးအား ဈေးသစ် အဖြစ် ပြန်လည်တည်ဆောက်ရာ၌ ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်း အတိုင်းပြန် လည်တည်ဆောက်မှုမရှိခြင်း၊ ဈေးတည်ဆောက်ရေးကော်မတီမှ သတ်မှတ် အရည်အသွေး ပြည့်မီမှု မရှိသည့် ဈေးကို လက်ခံခဲ့ခြင်း စသည်တို့နှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပြီး တရား စွဲဆိုသွားမည်ဟု  ဒွါရာဝတီ ဈေးကော်မတီအတွင်းရေးမှုးဖြစ်သူ
ဦးအောင်စည်မိုးမှနိရဉ္စရာသို့ ပြောကြားသည်။
ယခု အသစ်ဆောက်လုပ်ပြီးစီးသွားသော ဒွာရ၀တီ သံတွဲဈေးကြီးမှာ အခန်းများကျဉ်းပြီး မိလ္လာ စနစ် လုံးဝ မကောင်းသဖြင့် ဈေးခန်းပိုင်ရှင်များကို အထူးအခက်အခဲများ ဖြစ်ပေါ်စေသည်ဟု သူက ဆိုသည်။
ဒွာရ၀တီဈေးသစ်ကြီးနှင့် ပတ်သက်ပြီး သူတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဈေးအတွင်း ဆိုင်ရောင်းချနေသူ ဒေါ်ခင်ခင်ကျော့က ယခုလို ပြောသည်။

”မှောင်နေတော့ ဆိုင်ခန်း တစ်ခန်းကို ပစ္စည်းလှောင်တဲ့ အခန်းလုပ်ထားရတယ်။ ဈေးရောင်းလို့ ဘယ်လိုမှ မရဘူး။ အခန်းတွေကလည်းကျဉ်း၊  ရေမြောင်းကအဆင်မပြေတော့ မိုးရွာရင် မြောင်းသေးသေးလေး တွေက ရေလျှံတက်လာတယ်။ တဈေးလုံးမှာ ဈေးလုံခြုံရေးအတွက် မီးလေးငါးပွင့်ရှိတယ်။ သူတို့ဖွင့်ချင်တဲ့ အချိန်ဖွင့်ပြီး ပိတ်ချင်တဲ့အချိန်ပိတ်တယ်။
မီးကြိုးကအဆိုးတွေတပ်ထားတော့ လွန်ခဲ့တဲ့တစ်ပါတ် ကဝါယာရှော့ဖြစ်တယ်။ နေ့လယ် လူတွေရှိနေချိန်ကြောင့်ပေါ့၊  မဟုတ် ရင်တဈေးလုံးကုန်တယ်။ ဈေးထဲမှာ မိုးမရွာဘဲ နေသာရင်တောင် မှောင်နေတယ်။ မိုးရွာနေရင်တော့ ဈေးဆိုင်ထဲမှာ တစ်ယောက်ကိုတစ်ယောက်မမြင်ရဘူး” ဟု ဆိုသည်။
ဈေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင်ကလည်း ”မိုးရာသီမှာ ဈေးအတွင်း ရေမြောင်း စနစ်မကောင်းလို့ ရေလွှမ်းတဲ့ ဒဏ်ခံရတယ်။ နောက်ဆိုင်ခန်းတွေရဲ့ ကျဉ်းမြောင်းမှုက  နိုင်ငံခြားသား မပြောနဲ့ ကိုယ့်ဒေသက လူတောင် အဆင်ပြေမှုမရှိဘူး။  မိလ္လာစံနစ်လည်း အဆင်မပြေဘူး။ မျက်နှာကျက် ကျောက်ပြားကလည်း သတ်မှတ်တဲ့ စံချိန်စံညွှန်း မမှီမှု။ ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ  တင်ပြ ညှိနှိုင်းပေမယ့် အခုအချိန်အထိ အကောင်အထည်ဖော်မှုမရှိသေးပါ။ တချို့ဆိုင်ရှင်တွေ ဆိုရင် ဆိုင်ပိတ်ထားရတယ်။ မီးမရှိတာတို့၊ အခန်းကျဉ်းတာတို့ကြောင့် ဈေးထဲက ဆိုင်တွေကို ပိတ်ထားပြီး အပြင်မှာ အိမ်ငှား ရောင်းနေကြရတယ်” ဟု ပြောသည်။
သံတွဲဈေးကြီး မိလ္လာစနစ် မကောင်းပုံကိုလည်း ဈေးမိလ္လာ ကန်ထရိုက် ဆွဲထားသူ ဦးကြည်လင်က ယခုလို ပြောသည်။
”ကျွန်တော်ဈေးအိမ်သာကို လေလံဆွဲတာ ၂ နှစ်ရှိပါပြီ။ လေလံကြေးက သိန်း၈၀ကျော်ပါတယ်။ အိမ်သာတွင်းက အနက်ခြောက်ပေပဲရှိတယ်။ မိုးရွာရင်တွင်းက တစ်ရက်နဲ့ ပြည့်တာပဲ။ စည်ပင်က မိလ္လာ စုတ်စက်နဲ့  လာစုတ်ပေးပါတယ်။ မိလ္လာစုတ်ယူခအနေနဲ့ တစ်လကို တစ်သိန်းနှစ်သောင်း လစဉ်ပေးရတယ်။ တစ်ပါတ်ကို နှစ်ခေါက်လောက်ပဲထုတ်ပေးတယ်။လျံကျပြီး အနံ့မခံနိုင်လွန်းလို့ပြောအားကြီးမှ  သုံးခေါက် ထုတ်ပေးတယ်။ ဒီလောက်ဈေးကြီးမှာ မိလ္လာတွင်းက အနက် ခြောက်ပေဘဲ ရှိတယ်ဆိုတော့ စဉ်းစား ကြည့်ကြပေါ့ဗျာ” ဟု သူက ဆိုသည်။
သံတွဲ ဒွာရ၀တီဈေးကြီး မီးလောင်ပြီးနောက် ချက်ချင်းဆိုသလို ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး ရောက်ရှိလာပြီး သံတွဲဒွာရ၀တီ ဈေးကြီးအား ခေတ်မီ ဈေးသစ်ကြီးအဖြစ် တည်ဆောက်ပေးမည်သာမက ပိုထွက်လာသော ဈေးဆိုင်ခန်းများကို ရောင်းချကာ မီးလောင်ရာတွင် နစ်နာခဲ့ရသူများကို လျော်ကြေး ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
image-8e9e
လက်တွေ့တွင် ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး ပြောစကားနှင့် ဖြစ်ပျက်နေပုံမှာ များစွာ ကွာခြားနေသည်ဟု ဒွါရာဝတီ ဈေးကော်မတီအတွင်းရေးမှုးဖြစ်သူ ဦးအောင်စည်မိုးက ဆက်လက် ပြောဆိုသည်။
“ အဲဒီကာလက တာဝန်ယူထားတဲ့ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး သံတွဲလာတုန်းကပြောခဲ့တယ်။ တည်ဆောက်မှု ပုံစံအရ အခန်း ပိုထွက်ခဲ့ရင် ရောင်းချပြီးတော့ ရောင်းလို့ရတဲ့ ငွေနဲ့ မီးလောင်ဆုံးရှုံးလို့ နစ်နာခဲ့ရတဲ့ ဈေးသူဈေးသားတွေ သက်သာရာရအောင် ခုနှိမ်ပေးမယ်လို့ပြောခဲ့တယ်။ဈေးသစ်ဆောက် တော့အခန်း ၁၁၄ ခန်းပိုထွက်တယ်။ အဲဒီပိုတဲ့ အခန်းတွေကို တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌနဲ့ အပေါင်းပါတွေသာမက  အဲဒီကာလ တာဝန်ကျခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က သူတို့ကိုယ်ပိုင် ယူလိုက်ကြတယ်။ နိုင်ငံတော် အနေနဲ့ ဒီဆိုင်ခန်းတွေကို တရားဥပဒေနဲ့ အညီ ဖြစ်သလားဆိုတာကို  ပြန်လည်စိစစ်ပြီးလုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်လေး ကိုသွားရောက် တွေ့ဆုံမေးမြန်းကြည့်ရာ ”ဈေးက အင်္ဂါရပ်ပြည့်စုံမှု မရှိလို့ အန်ကယ်တော့ အားမရဘူး။ရေမြောင်းဆိုပါတော့ နှစ်ပေလောက် နက်ရမယ်။ အခုက ရေမြောင်းအရမ်း တိမ်တော့ မိုးရွာရင်ရေမစီးနိုင်ဘူး။ လျပ်စစ်မီးမရှိဘူး။ အပေါ်မျက်နှာကျက်တွေက လေတိုက်ရင် ပြုတ်ကျတယ်။ တည်ဆောက်မှု အရ မျက်နှာကျက်တစ်ချပ်ခွါရင် တစ်ဈေး  လုံးကြိုက်တဲ့ အခန်း ဝင်နိုင်တယ်။ လုံခြုံရေးအရမ်းအားနည်းတယ်။ ဈေးသူဈေးသားတွေတိုင်ကြားထားတဲ့စာတွေကိုရပါတယ်။ အပါတ်စဉ်အင်္ဂါနေ့တိုင်း ခရိုင်အစည်းအဝေးမှာဈေးကိစ္စကို တင်ပြဆွေးနွေးဖြစ်ပါတယ်။ လက်တွေ့ ဆောင်ရွက်မှုကတော့ ဘာမှဖြစ်မလာသေးပါဘူး” ဟု ဆိုသည်။
ဒွာရ၀တီ သံတွဲမြို့မဈေးကို Rich Life Construction Group ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် စံချိန် စံညွှန်း ပြည့်မှီမှု မရှိခြင်း ဈေးတည်ဆောက်ရေး ကော်မတီမှ စံမမှီသည့် ဈေးကို လက်ခံခဲ့ခြင်းအပေါ် သက်ဆိုင်သူများမှ မည်သို့မှ အရေးယူ ဆောင်ရွက်ခြင်းမရှိပါက ဆန္ဒ ဖော်ထုတ်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကော်မတီ ဒုအတွင်းရေးမှူး
ဦးစံအောင်က နိရဉ္စရာကို အတည်ပြု ပြောကြားသည်။
http://www.narinjara.com/burmese/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate