ကျောက်ဖြူမြို့တွင် နွားလှည်းမောင်းသူတစ်ဦးမှ ရေတပ်မှစစ်ဗိုလ်တစ်ဦးအား ကျပ်ငွေ ၃ သိန်းလျောကြေးပေးလိုက်ရ
![]() |
| ကွန်ကရစ်ဖြင့်ဆောက်လုပ်နေသည့် ငါး/ပုဇွန်ဒိုင်တချို့ကိုမြင်တွေ့ရစဉ် |
၂၀ ၊ ၈ ၊၂၀၁၅ (Kyaukphru Youths Net)
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဟုတ်မှန်ကြောင်းနှင့် ဖြစ်ပျက်ခဲ့ပုံကို ဂျပန်မဆိပ်အနီးတွင်နေသူ အမည်မဖော်လိုသည့် ကျောက်ဖြူဒေသခံတစ်ဦးမှ Kyaukphru Youths Net သို့ အခုလိုပြောကြားသည်။
"ဟုတ်ပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာဖြစ်သွားတာ။ အဲဒီရေတပ်ဗိုလ်က ကျောက်ဖြူကို စက်လှေစီးပြီးလိုက်လာတယ်။ ဂျပန်မဆိပ်ရောက်တော့ စက်လှေကနေတစ်ဆင့် နွားလှည်းစီးပြီး ကမ်းကိုတက်တယ်။ အဲဒီအခါမှာ သူ့မှာပါလာတဲ့ လက်ပ်တော့ ကွန်ပျူတာတစ်လုံးရယ်၊ အရေးကြီးစာရွက်စာတမ်းတွေရယ်၊ မိုဘိုင်းဖုန်းတစ်လုံးနှင့် ငွေ ငါးသောင်းပါ ရေကန်ထဲပြုတ်ကျသွားတယ်"။
၎င်းစစ်ဗိုလ်က သူ့ပစ္စည်းအတွက် လျော်ကြေးငွေ ၁၀ သိန်းကျော်တာင်းသော်လည်း နောက်ပိုင်းတွင် ညှိနှိုင်းပြေလည်သွားသောကြောင့် ငွေကျပ် သုံးသိန်းသာ ပေးလိုက်ရကြောင်းသိရသည်။
ဖြစ်ပျက်ပုံနှင့်ပတ်သက်၍ အသေးစိပ်ကို ၄င်းကျောက်ဖြူဒေသခံမှ ဆက်လက်ပြီး
" နွားလှည်းမောင်းတဲ့လူနာမည်က ဦးမောင်အုန်းရွှေပါ။ သူက အလယ်ကျောင်းနောက်ဖက်
မှာနေတယ်။ အဲဒီစစ်ဗိုလ်က ဦးမောင်အုန်းရွှေရဲ့ နွားလှည်းဖြင့် ဂျပန်မဆိပ်သို့တက်လာတဲ့အခါ ကန်ထဲသို့
သူ့ပစ္စည်းတွေက နွားလှည်းပေါ်ပေါ်ကနေ ကန်ထဲသို့ပြုတ်ကျတယ်။ ကန်ကလည်း ပေ ၂၀ လာက်နက်တယ်။ အဲဒါကြောင့် နွားလှည်းသမား ဦးမောင်အုန်းရွှေဆီက လျော်ကြေး ၁၀ သိန်းကျော်တောင်းတယ်။ မချိဆင်းရဲလို့ နွားလှည်းမောင်းစားနေတဲ့ လူတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး ၁၀ သိန်းကျော်ရှိမှာလဲဗျ။ ပြီးတော့ အဲဒီကိစ္စက နွားလှည်းသမားက ပစ်ချပစ်တာမှမဟုတ်တာလေ။ နောက်ဆုံးဝိုင်းဝန်းပြီး ညှိနှိုင်းပေးလိုက်တော့မှ ၃ သိန်းနဲ့ကျေအေးသွားတယ်" ဟုပြောကြားသည်။ ယခုဖြစ်ပွားမှုသည် ပထမတစ်ကြိမ်မဟုတ်ပဲ အရင်လည်းက နွားတစ်ကောင်ကန်ထဲပြုတ်ကျလို့ သေဆုံးဖူးခဲ့ပြီး၊ အမျိုးသမီးတစ်ဦးလည်း ကံကောင်းထောက်မ၍ အသက်မသေဘဲလွတ်မြောက်ခဲ့ကြောင်းသိရသည်။ ယခုနောက်ပိုင်းတွင် ကျောက်ဖြူကမ်းနား တလျောက်ရှိ ငါး/ပုဇွန်အဝယ်ဒိုင်တို့ ကုန်းနှင့်တပြေးညီ ကွန်ကရစ်ဖြင့် ဆောက်လုပ်နေကြသဖြင့် ဂျပန်မ ဆိပ်ကမ်းအောက် ကမ်းခြေတလျောက်ရှိ သဲများကို အလွန်အကျွံစုပ်ယူနေကြသောကြောင့် ကမ်းခြေတွင် ပေ ၂၀ ၊ ၃၀ လောက်နက်သည့် ကန်များပြည့်နေကြောင်းလည်း သိရသည်။

ကွန်ကရစ်ဖြင့်ဆောက်လုပ်နေသည့် ငါး/ပုဇွန်ဒိုင်တချို့ကိုမြင်တွေ့ရစဉ်
"အဲဒီ ဆိပ်ကမ်း တလျောက်လုံးကမ်းခြေက တော်တော်ဆိုးဝါးတဲ့အခြေအနေဖြစ်နေပါပြီ။ ဘယ်သူမှလည်း တားဆီမယ့်သူမရှိဘူး။ ဘယ်အာဏာပိုင် အဖွဲ့အစည်း၊ ဘယ်လူမှုအဖွဲ့အစည်းမှလည်း ဒီကိစ္စကို ပြောဆိုတာကိုမတွေ့ရဘူး။ ဒုက္ခရောက်နေကြရတာ သာမန်ပြည်သူတွေပါ။ အထူးသဖြင့် အဲဒီဆိပ်ကမ်းကိုမှီခိုအားကိုးပြီး လုပ်စားနေကြတဲ့ နွားလှည်းသမားတွေနှင့် နယ်ကနေ စက်လှေတို့ဖြင့်လာကြတဲ့ လူတွေတော်တော်ဒုက္ခရောက်ကြတယ်။ မတော်တဆသာ ကန်ထဲပြုတ်ကျရင် မတွေးရဲစရာပဲ" ဟု ဂျပန်မဆိပ်အနီးတွင် ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးမှလည်း Kyaukphru Youths Net သို့ထပ်လောင်းပြောကြားသည်။
စစ်အစိုးရလက်ထက်က သစ်ပုပ်တောင် ဓညဝတီရေတပ်စခန်းဌာနချုပ်လက်အောက်ရှိ နေဗီမှ ရေကြောင်းခရီးသွားပြည်သူများထံမှ မတရားအနိုင်ကျင့် အခွန်ကောက်ခဲ့မှုကြောင့် ကျောက်ဖြူမြို့နယ် ဒေသခံတို့ကြားတွင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ဌာနတစ်ခုလည်းဖြစ်ခဲ့သည်။ ယခုဖြစ်ပွားခဲ့သည့် ရေတပ်ဗိုလ်ကိစ္စနှင့်ပတ်သက်၍လည်း ကျောက်ဖြူလူထုများမှ မတရားအနိုင်ကျင့် လျော်ကြေးတောင်းမှုတစ်ခုအဖြစ် ပြောဆိုနေကြသည်။
____ဒုံချေ (ကျောက်ဖြူ)



0 comments:
Post a Comment