ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ မဲဆွယ်စည်းရုံး
ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ မနေ့ကစပြီး မဲဆွယ်စည်းရုံးနေကြပါတယ်။
(၂၄၊ ၀၉၊ ၂၀၁၅)
မဲဆွယ်စည်းရုံးမှု အခြေအနေတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
RFA။ ။ ကျောက်ဖြူ မြို့နယ်မှ (၁၅) မိုင်လောက်ဝေးတဲ့ ကပ်သပြေကျေးရွာနဲ့
ကျောက်ချောင်းကျေးရွာတွေမှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်းတွေ
ဖြစ်ကြတဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘရှိန်၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သန်းနဲ့ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးဖိုးစံတို့က မနေ့ (၂၃၊ ၀၉၊ ၂၀၁၅) က
မဲဆွယ်စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ (၂၀၀၈) ဖွဲ့စည်း အုပ်ချုပ်ပုံ
အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် ရခိုင်အမျိုးသားပါတီကို မဲပေးကြဖို့
ကိုယ်စားလှယ်လောင်း ဦးကျော်သန်းက မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဦးကျော်သန်း။ ။ အစိုးရတရပ်ဆိုတာ ပြည်သူချစ်တဲ့ အစိုးရ ဖြစ်ရဖို့။ ပြည်သူက လက်ခံနိုင်တဲ့ ဥပဒေတိနဲ့ အုပ်ချုပ်ရဖို့။ ယင်းဥပဒေဟာ ပြည်သူက ပိုင်ဆိုင်ရဖို့၊ ဒီမိုကရေစနစ်မှာ။ အခုက ပြည်သူတိ လက်ဝေမှာ ယင်းပိုင် ဥပဒေတိ မရှိ၊ (၂၀၀၈) ဖွဲ့စည်းပုံသည် တိုင်းရင်းသားတိ၏ တန်းတူရည်တူ အခွင့်အရေးဆိုသည့်ဟာ တခုလည်း မပါ။ မပါတဲ့အတွက် ကျွန်တော်တို့သည် ဒီဥပဒေကို ပြင်ဆင်နိုင်အောင်၊ တုန့်ပြန်နိုင်အောင် ကျွန်တော်တို့ ပါတီ၏ မူဝါဒထဲတွင် ပါပြီးသား။ ဒီဟာတွေကို မပြင်သရွေ့တော့ တန်းတူအခွင့်အရေးဆိုတာ မရနိုင်။ ယင်းပိုင် ရဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားရေ မဲ တပြားနဲ့ ရခိုင်ပြည်ကို အလှဆင်ဖို့ဟာ ရခိုင်ပြည်သူ၊ ပြည်သား မှအပ တခြားလူ လာဖို့ဟာ မဟုတ်ပါ။ ဇဝေဇ၀ါ မဖြစ်ဘဲနဲ့ ကိုယ့်ရခိုင်သားရဲ့ ရခိုင်ပါတီကိုရာ အားပေးရဖို့ဆိုတဲ့
စိတ်ဓာတ်မျိုးနဲ့ “အမျိုးကို ချစ်၊ သွီးကို စစ်၊ ရခိုင်ပီပီ တာဝန်ကျေ" ဖို့ လိုအပ်တယ်။ ရခိုင်ပြည်ကို တည်ဆောက်ဖို့ ရခိုင်အမျိုးသားပါတီကို တခဲတနက် အားပီးကတ်ပါလို့ ပြောကြားယင်း နိဂုံးချုပ် အပ်ပါရေ။
RFA။ ။ ရခိုင်ပြည်ကို ရခိုင်တိုင်းရင်းသားတိ ကိုယ်တိုင် အုပ်ချုပ်ခွင့် ရဖို့နဲ့ ရခိုင်ပြည်က ထွက်ရှိတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေ ခံစားခွင့် ရဖို့အတွက်လည်း ရခိုင်အမျိုးသားပါတီက တောင်းဆိုသွားမှာ ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကို ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင် အုပ်ချုပ်ခွင့် ရဖို့အတွက် သူတို့ပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရဖို့ လိုတယ်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖိုးစံက ပြောပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာ မြို့နယ် (၁၇) မြို့နယ်က ကိုယ်စားလှယ်လောင်း (၃၄) ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် (၁၂) ဦး၊ ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး (၁) ဦး၊ စုစုပေါင်း (၄၇) ဦး ရှိပါတယ်။ အလားတူ စစ်တွေမြို့နယ်က အောင်မင်္ဂလာနဲ့ မောင်နီပြင် ကျေးရွာတွေမှာ ဒီနေ့ (၂၄၊ ၀၉၊ ၂၀၁၅) ဟောပြောပွဲ ပြုလုပ်ပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး အစီအစဉ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နေရာကနေ ၀င်ရောက် အရွေးခံ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်သိန်းခိုင်က ရခိုင်တိုင်းရင်းသားတွေ အားလုံး ရခိုင်ပါတီ အလံ တခုတည်း အောက်မှာ စည်းစည်းလုံးလုံး ရပ်တည်ပေးကြဖို့၊ အောင်မင်္ဂလာ ကျေးရွာတွင် ပြုလုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။
ဦးမောင်သိန်းခိုင်။ ။ ကျွန်တော်တို့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်လို့ ပြောပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာလို့ ရှိရင်၊ သယံဇာတ (Resource Sharing) ဆိုတာတော့ လုပ်မှာပါပဲ။ တချို့နိုင်ငံတွေမှာတော့ (၁၀) ရာခိုင်နှုန်း၊ တချို့နိုင်ငံတွေမှာတော့ (၂၅) ရာခိုင်နှုန်း အဲလို ပေးကြတယ်။ ကမ္ဘာ့အနေနဲ့ ပြောတာပဲ။ အဲလိုပဲ ကျွန်တော်တို့ ပြည်နယ်မှာလည်း တိုင်းရင်းသားတွေ အားလုံး ကျွန်တော်တို့ ပြည်နယ်က ထွက်တာ ကျွန်တော်တို့ သုံးမယ်လို့ ပြောတာ မဟုတ်ဘူး။ ချင်းပြည်နယ်ကိုလည်း ပေးရမယ်။ ကျွန်တော်တို့ ရခိုင်လည်း ရသင့်တယ်။ အကုန်လုံး တိုင်းရင်းသားတွေ အားလုံး (Wealth Sharing) ကို မျှမျှတတ ခွဲဝေခံစား သင့်တယ်လို့ ဆိုလိုတာပါ။ အဲလို ဖြစ်အောင်လည်း ဥပဒေ ပြင်ဆင်ရမယ်။
RFA။ ။ ရခိုင်အမျိုးသားပါတီရဲ့ စစ်တွေမြို့နယ်က ယနေ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြသလို၊ လာမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးရမယ့် ပုံစံတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ် အနိုင်ရရှိဖို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသိန်းက ပြောပါတယ်။
ဦးအေးသိန်း။ ။ ဒီနေ့ကနေ စပြီးတော့ ကျွန်တော်တို့ စည်းရုံးရေး ခရီးတွေ ထွက်နေပါတယ်။ ထွက်ပြီးတော့ ကျွန်တော်တို့ တပတ်ပြီးရင် နောက်လအတွင်းမှာ သုံးပတ်လောက် စည်းရုံးမယ်။ ကျေးရွာတိုင်း ကျေးရွာတိုင်းကို ရောက်မယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ရေး အကျဉ်း ပန်းဖလပ်တွေကို အိမ်တိုင်းစေ့ ဖြန့်ထားတယ်။ ဟောပြောတဲ့ အခါလည်း ကျွန်တော်တို့က ရခိုင်အမျိုးသားပါတီကို မဲပေးအောင် အမြဲတမ်း စည်းရုံး ဟောပြောသွားမှာပါ။
RFA။ ။ ပြီးခဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စာလှယ် တချို့ဟာ အများအတွက် မဟုတ်ဘဲ၊ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်တာတွေ ရှိခဲ့တာကြောင့် အခု ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အများအတွက် ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းတွေသာ ဖြစ်စေချင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတဦး။ ။ အခု ကျွန်တော်တို့ ရွေးချယ်တင်မြှောက်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကျွန်တော်တို့ သူတို့ စီးပွားရေး လုပ်တဲ့အနေအထား မျိုးတွေကို ကျွန်တော်တို့ မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို ဖြစ်စေချင်တာက ကျွန်တော်တို့ ရခိုင်ပြည် အရေးအတွက် အစစ အရာရာမှာ ရခိုင်တိုင်းရင်းသားတွေအတွက် ဦးစီးဦးဆောင် ပြုနိုင်မယ့် ပုဂ္ဂိုလ်များကို ဖြစ်စေချင်ပါတယ်။
RFA။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီ (၆) ဖွဲ့က ကိုယ်စားလှယ်တွေ အပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ စုစုပေါင်း (၂၅) ဦးက လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
BY : 2015 Election # Arakan

0 comments:
Post a Comment