Thursday, 29 October 2015

ဝါကျွတ်လပြည့်နေ့ ALA သီချင်း အသံချဲ့စက်ဖြင့် ဖွင့်ရာမှ ဘုန်းကြီးကျောင်းကို စစ်တပ်က ၀င်ရောက်ပြီး လူငယ် နှစ်ဦးအား ဖမ်းဆီးမှု ဖြစ်ပွား


  ===========================================
မာန်ယုကျော် (ရွှေဝမြေ)
ကျောက်တော်၊ အောက်တိုဘာ ၂၈
အောက်တိုဘာလ ၂၈ ရက်၊ သီတင်းကျွတ် လပြည့်နေ့ က ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် NCA တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးထိုးထားသည့် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်မှ ထုတ်ထားသော သီချင်းခွေအား အသံချဲ့စက်ဖြင့် ဖွင့်ရာမှ ယင်းကျောင်းအား စစ်တပ်က ၀င်ရောက်ပြီး လူငယ် နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ဖြစ်တာက နံနက် ၇ နာရီခွဲ- ၈ နာရီလောက်မှာ ဖြစ်တာပါ။ စစ်သားကတော့ ၂၀ လောက်ပါဝင်ပါတယ်။ အမြောက်တပ် ၃၇၇ တပ်ရင်းမှူး ကိုယ်တိုင် ပါတယ်။ လက်နက်မပါတဲ့ ၁၀ ယောက်လောက် ကတော့ ကျောင်းထဲကို ၀င်လာပြီး ကျန် ၁၀ ယောက်လောက်ကတော့ လက်နက်တွေနဲ့ ကျောင်းကို ၀ိုင်းထား တယ်။ ပြီးရင် ဆောင်းဘောက်နှစ်လုံး ပါသွားတယ်။ နောက်ပြီး တီဗီ အပေါ်စက် ပါသွားတယ်။ အောက်စက်လည်း ပါသွား တယ်။ နောက်ပိုင်း မှာ ခွေဖွင့်တဲ့ကလေးနှစ်ယောက်ကိုလည်း ဖမ်းယူသွားပါတယ်” ဟု အဆိုပါ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဦးဝရသာမိက နိရဉ္စရာသို့ မိန့်ကြားသည်။
ယခု စစ်တပ်က ၀င်ရောက်ဖမ်းဆီးခဲ့သော ဘုန်းတော်ကြီးကျောင်း မှာ ပြိန်းချောင်း ရွှေပါရမီကျောင်းဖြစ်ပြီး ကျောက်တော်မြို့ တောင်ဘက် ရန်ကုန်- စစ်တွေ ကားလမ်းဘေးတွင် တည်ရှိပြီး တရားဥပဒေ စိုးမိုးသော နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ပြိန်းချောင်းရွာသားများဖြစ်ကြသည့် အသက် ၂၈ နှစ်အရွယ် ကိုသိန်းညွန့်မောင် နှင့် အသက် ၁၅ နှစ် အရွယ် မောင်ဦးရွှေကျော် တို့ကို စစ်တပ်မှ အပေါက်ဝ
ရဲစခန်းသို့ လွဲပြောင်းလိုက်ပြီး ညနေ ၄ နာရီခန့်တွင် သူတို့ နှစ်ဦးကို ခံဝန်ချက်ဖြင့် ရဲစခန်းမှ ပြန်လည် လွတ်ပေးလိုက်သည်ဟု သိရသည်။
“ ဖြစ်ပွားရတဲ့ အကြောင်းခံက ကလေးတွေက ၀ါကျွတ်လပြည့်နေ့ဆိုတော့ အသံချဲ့စက် ဖွင့်ကြတော့ ရခိုင်တပ်ဆိုလား အဲဒီက ထုတ်ထားတဲ့ သီချင်းကို ဖွင့်ကြတယ်။ အနီးအနားက သင်္ကန်းနက် ကျေးရွာမှာ ပ၀ါယနာ ပွဲရှိတော့ အဲဒီပွဲကို သွားဖို့ အစီအစဉ်ရှိတဲ့ အတွက် အသံချဲ့စက် ဖွင့်တာဖြစ်တယ်။ ဦးဇင်းက ကျောင်းပေါ်မှာ တပည့်တကာတွေနဲ့ သာသနာရေး၊ ဘာသာရေးနဲ့ ဇရပ်ကျောင်းကန် လုပ်ဖို့အတွက် ဆွေးနွေး နေကြတယ်။ ဒါကြောင့် ဦးဇင်းကတော့ အခြေအနေတွေကို မသိလိုက်ဘူး။ အောက်မှာ ကလေးတွေ ကတော့ ခွေဖွင့်တယ်လို့ပြောတယ်။ အဲဒီသီချင်းတွေကို နှစ်ကျော့ပြန် ဖွင့်တယ်ဆိုပြီးတော့ တပ်ရင်းမှူးက မာန်နဲ့လာပြီးတော့ တပည့်တွေနဲ့အတူ အခုလို သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဇင်းကတော့ ဆွမ်းလည်း မသုံးလိုက်ရဘူး။ ရွာသားတွေရဲ့ ပ၀ါယနာပွဲ သွားမယ့် ခရီးစဉ်လည်း ပျက်သွားတယ်” ဟု ပြောသည်။
ALA သည် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၏ လက်အောက်ခံ တပ်ဖြစ်ပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားသည့်ပါတီတစ်ခုဖြစ်သည်။ သို့အတွက် ၎င်းသီချင်းခွေအား မည်သည့်အချိန် မည်သည့်နေရာတွင်မဆို တရားဝင် ဖွင့်ခွင့်ရှိသည်ဟု ယူဆသောကြောင့် ဖွင့်၍ နားထောင် မိခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
“ကျနော်တို့အမြင်ပြောရမယ်ဆိုရင်တော့ တကယ်လို့ သူတို့က ဒီအခွေကို ဒီနေရာမှာ ဖွင့်လို့ မသင့်တော်ဘူး ဆိုရင်လည်း အခုချိန်မှာ နေ့ကြီးရက်ကြီး အခါကြီးသမယမှာ ဗုဒ္ဓဘာသာရဲ့ဓလေ့ထုံးစဉ်အရ ကောင်းမှု ကုသိုလ်တွေ လုပ်နေတဲ့ အခါသမယမှာ၊ အဲဒီအချိန်မှာတော့ သူတို့ သင့်တင့်လျောက်ပတ်တဲ့ နည်းနဲ့ ဒီအခွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အခွေ၊ မတော်မလျော်တဲ့အခွေ၊ ဒါကြောင့် ဒီအခွေတွေကိုနောက်မဖွင့်နဲ့၊ တားဆီး ရင်လည်း ဒီကလူတွေကတော့ သဘောပေါက်ပြီးသားပါ။ အားလုံးလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို တရားဥပဒေကို လေးစားလိုက်နာကြတဲ့သူတွေပါ။ အခုတော့ အဲလိုမဟုတ်ဘဲ အမှန်တကယ် အစိမ်းရောင် နယ်မြေထဲမှာ သူတို့ကို တော်လှန်နေတဲ့၊ ပုန်ကန်နေတဲ့ သူတွေကို နိုင်ထက်စီးနင်း သတ်ဖို့၊ ဖြတ်ဖို့ ပုံစံမျိုးနဲ့ ရမ်းရမ်းကားကားနဲ့ လုပ်တော့ အနိုင်လာကျင့်တယ်လို့ မြင်ပါတယ်” ဟု ဒေသခံတစ်ဦး ဖြစ်သူ ဦးအောင်ပန်းကျော်က နိရဉ္စရာနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
တပ်ရင်းမှူးနှင့် အတူလိုက်ပါလာသည့်တပ်သားတချို့သည် ယူနီဖောင်း အပြည့်ဖြင့် လက်နက်များကိုင်ဆောင်ထားကြပြီး တချို့တပ်သားများမှာ အရပ်ဝတ်များ ဝတ်ထားကြသည်ကို မြင်တွေ့ရသည်ဟု မျက်မြင်ဒေသခံ များက ဆိုသည်။
ဖမ်းဆီးခံရသူ ကိုသိန်းညွန့်မောင်နှင့် မောင်ဦးရွှေကျော်တို့ကို ဆက်လက် တရားစွဲဆိုမည်ဟု ဆိုသဖြင့် သက်ဆိုင်ရာ အပေါက်ဝ ရဲစခန်းသို့ ဆက်လက် မေးမြန်းရာ ရဲစခန်းမှူး အောင်မင်းစိုးက “ သူတို့ နှစ်ဦးကို လွတ်လိုက်ပါပြီ။ ကျွန်တော်တို့ ကတော့ တရားမစွဲပါဘူး။ ဒီအခွေက နိုင်ငံတော်အဆင့် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့က ထုတ်တာ ဖြစ်တဲ့ အတွက် ဒီသီချင်းခွေ ဖွင့်တာနဲ့ တရားစွဲလို့ မရဘူးလို့ တပ်ရင်းမှူးကို ပြောလိုက်ပါတယ်။ တပ်ရင်းမှူးကတော့ အေအေက သီချင်းခွေလို့ထင်တဲ့ အတွက် ဖမ်းတာပါ။ ကျွန်တော် အသေအချာ စစ်ကြည့်တော့ ALA က ထုတ်တဲ့ အခွေဖြစ်ပါတယ်။ တရားစွဲမယ် ဆိုရင်တော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရှိဘဲနဲ့ အသံချဲ့စက် ဖွင့်မှုနဲ့တော့ တရားစွဲလို့ ရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ အသံချဲ့စက်ဖွင့်ရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မယူဘဲ အသံချဲ့စက်ဖွင့်ခွင့် မရှိဘူးလားဟု မေးမြန်းရာ သူက “ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဥပဒေထဲမှာတော့ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက် မရရင် အသံချဲ့စက် ဖွင့်ခွင့် မရှိဘူးလို့ပါဝင်ပါတယ်” ဟု ဆိုသည်။
တရားဥပဒေစိုးမိုးသော နယ်မြေတစ်ခုတွင် ရဲက ဆောင်ရွက် လုပ်ကိုင်ရမည့် အလုပ်ကို စစ်တပ်က ၀င်ရောက် လုပ်ကိုင်သည့် အပေါ် တရား ဥပဒေရှုထောင့်က ကြည့်ပြီး မည်သို့ သုံးသပ် ပြောကြား လိုပါသလဲဟု မေးမြန်းရာ ရဲစခန်းမှူး အောင်မင်းစိုးက “ ယခု မေးခွန်းကို သက်ဆိုင်ရာ တပ်ရင်းမှူးကိုသာ မေးကြည့်ပါ” ဟု ပြန်လည် ဖြေကြားသည်။
ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်အသုံးပြုပါက အဆိုပါအမှု၏ ပြစ်ဒဏ်မှာ ဒဏ်ငွေကျပ် (၅၀၀၀) ပေးဆောင် ရမည်ဖြစ်ပြီး ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက ၇ ရက်ထက်မပိုသည့် ထောင်ဒဏ်ကို ကျခံ ရမည် ဖြစ်သည်ဟု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေနှင့်နည်းဥပဒေတွင် ဖော်ပြထားသည်။
facebook.com/NarinjaraNews/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate