Monday, 7 December 2015

ရခိုင်အမျိုးသားပါတီ၏ တချို့သော ပြဿနာများကို ဖြေရှင်းနိုင်ရန် ဒုတိယညီလာခံကို သတ်မှတ်ကာလထက် အမြန်ဆုံး ခေါ်ယူနိုင်ရေး ပဉ္စမအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဒုတိယနေ့တွင် ဆုံးဖြတ်ခဲ့

ရခိုင်အမျိုးသားပါတီ၏ တချို့သော ပြဿနာများကို ဖြေရှင်းနိုင်ရန် ဒုတိယညီလာခံကို သတ်မှတ်ကာလထက် အမြန်ဆုံး ခေါ်ယူနိုင်ရေး ပဉ္စမအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဒုတိယနေ့တွင် ဆုံးဖြတ်ခဲ့ (အင်တာဗျူး)
စစ်တွေ၊ ဒီဇင်ဘာ ၆ ရက်

ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချူပ်ရဲ့ ပဉ္စမအကြိမ်မြောက် ပုံမှန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၊ ရွေးကောက်ပွဲလွန် ပထမအကြိမ် CC/CEC တို့ရဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၇ ရက်နေ့ထိ ပါတီတွင်း တံခါးပိတ် ဆွေးနွေးနေကြပါတယ်။

အဆိုပါ ဆွေးနွေးမှု ဒုတိယနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဘာတွေ ဆွေးနွေးခဲ့ကြပြီး ဘာတွေ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်ဆိုတာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခိုင်ပြည်စိုးကို RiA က သီးသန့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။

RiA သတင်းထောက် Nizar က ပေးပို့ထားတာ ဖြစ်ပါတယ်။
-----------
Nizar/RiA : ဒီနေ့မှာ CEC အစည်းအဝေး ပြီးဆုံးသွားပြီလို့ သတ်မှတ်နိုင်ပါပြီလား ခင်ဗျား။

KPS/ANP : ဟုတ်ကဲ့ ပြီးသွားပါပြီ။
Nizar/RiA : ဟုတ်ကဲ့ ဆရာ။ ဆိုတော့ ဘာတွေ ဆွေးနွေးခဲ့ကြပြီး၊ ဆုံးဖြတ်ချက် ရလဒ်တွေ ဘာတွေကို ချမှတ်နိုင်ခဲ့ပါသလဲ။

KPS/ANP : ဒီနေ့မှာ ဆုံးဖြတ်ခဲ့တာတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုပြီးမှ ထွက်မှာဖြစ်ပါတယ်။ CEC နဲ့ လွှတ်တော် အမတ်တွေ တွေ့ဆုံမှုမှာမှ အားလုံးကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Nizar/RiA : ဘယ်အချိန်လောက်မှာများ ထုတ်ပြန်မှာပါလဲ။ မနက်ဖြန်မှာ ဒေါက်တာ ဦးအေးမောင် ဂုဏ်ပြုပွဲက ထပ်ရှိနေပြန်တော့ ပါတီတွင်း အစည်းအဝေးနဲ့ တိုက်မနေဘူးလား အချိန်က။

KPS/ANP : မနက်ဖြန် မနက် ၉ နာရီမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ညနေထိပေါ့ တွေ့ဆုံမှုလုပ်မှာ။ ဂုဏ်ပြုပွဲနဲ့ အချိန် တိုက်နေပေမယ့် ကျနော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ သူ့မှာ သူ့ဟာနဲ့သူ လုပ်တာပဲ။ ဖိတ်စာတော့ ပါတီကို ရောက်တာ တွေ့ပါတယ်။ ဒါပေမယ့် ဒီမှာက အစည်းအဝေးကြီးက မပြီးသေးတာကို။

Nizar/RiA : ဆရာ ဆိုလိုချင်တဲ့ သဘောက မနက်ဖြန် ဒေါက်တာ ဦးအေးမောင် ဒုတိယအကြိမ် ဂုဏ်ပြုပွဲကို ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ တစ်ဦးမှ တက်ရောက်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ သဘောများလား ခင်ဗျား။

KPS/ANP : ဖိတ်တော့ ဖိတ်ထားပါတယ်။ ဒါပေမယ့် အစည်းအဝေး မပြီးသေးဘဲ ဘယ်လိုလုပ် တက်ရောက်နိုင်မှာလဲ အဲဒါကို။

Nizar/RiA : ဒါဆိုရင် ဒေါက်တာ ဦးအေးမောင်ကိုရော အစည်းအဝေး မပြီးသေးဘဲ အဲဒီ ဂုဏ်ပြုပွဲကို တက်ရောက်ခွင့် ပြုနိုင်မှာပါလား။

KPS/ANP : သူတက်မတက် ဆိုတာ ကျနော်တို့ မသိပါဘူး။ မနက်ဖြန်ကျမှ သိရမှာပါ။ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အကုန်လုံးကတော့ သွားပြီးတက်ရောက်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ဦးတည်းဆိုရင်တော့ ရနိုင်မယ် ထင်ပါတယ်။ တက်မတက် ဆိုတာကလည်း သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ ကျနော်တို့က သူမဟုတ်တော့ မပြောနိုင်ဘူးလေ။

Nizar/RiA : ဒီနေ့ အစည်းအဝေးမှာ ဘယ်အကြောင်းအရာသစ်တွေကို ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

KPS/ANP : ဆွေးနွေးဖြစ်တာက လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ရာခိုင်နှုန်း ဘယ်လောက် ကောက်ခံမှာလဲ။ ပြီးတော့ လွှတ်တော်နဲ့ ပါတီနဲ့ သိပ်ပြီးတော့ ကင်းကွာမှု မရှိသွားအောင် ဘယ်လို ထိန်းချူပ်ကြမလဲ။ နောက်တစ်ခု မြို့နယ်ပါတီ အမှုဆောင်တွေထဲမှာ လစ်လပ်သွားတဲ့ နေရာတွေ၊ နုတ်ထွက်သွားတဲ့ နေရာတွေကို ဘယ်လို့ ဖြည့်မလဲ စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

Nizar/RiA : ဟုတ်ကဲ့။ ဒီနှစ်ရက်တာ ဆွေးနွေးမှုမှာ ဆုံးဖြတ်ချက် တိတိကျကျ ချမှတ်နိုင်ခဲ့ခြင်းတွေ ရှိခဲ့ပါသလား။

KPS/ANP : ဆုံးဖြတ်ချက်ရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်တို့မှာက တချို့တချို့ အချက်တွေကို ဆုံးဖြတ်ထားပါတယ်။ သို့သော် ချက်ချင်း ထုတ်ပြန်လို့ မရသေးဘူးပေါ့။

Nizar/RiA : ချက်ချင်း ထုတ်ပြန်လို့ မရသေးဘူးဆိုတော့ ဘယ်တော့များလောက် ထုတ်ပြန်နိုင်ပါ့မလဲ။

KPS/ANP : မနက်ဖြန် အစည်းအဝေးပြီးတဲ့အခါ နောက်တစ်နေ့ ဒီဇင်ဘာ ၈ ရက်နေ့ပေါ့။ အဲဒီနေ့မှာ ကြေညာချက်ထုတ်ပြန်သွားမှာပါ။

Nizar/RiA : ဆရာ ဦးခိုင်ပြည်စိုးရယ် ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေကတော့ ယခင် အစည်းအဝေးတွေနဲ့ မတူဘူးပေါ့။ ပြောသာပြောရတာ ANP ရဲ့ CEC အစည်းအဝေးတိုင်းကလည်း စိတ်ဝင်စားစရာတွေချည်းလိုလိုပါ။ ယခင်နည်းတူပါပဲ ဒီအစည်းအဝေးမှာ ပါတီတွင်း ထိပ်သီးတွေ အပြောင်းအလဲ ရှိမလိုလို အစည်းအဝေးမတိုင်မီ အသံက အတော်လေးကို ကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တာတွေ ရှိခဲ့ပါတယ်။ ပါတီ အစည်းအဝေးကလည်း ကိုးရီးယားကား ကြည့်နေရသလို ရင်တထိတ်ထိတ်နဲ့ပါလို့ နိုင်ငံရေးစောင့်ကြည့်သူများက ပြောပါတယ်။ ဆိုတော့ လိုရင်းကို ပြောရမယ်ဆိုရင် နာမည်ကြီးတွေ အပြောင်းအလဲ ဖြစ်စေမယ့် ဆွေးနွေးမှုတွေကော ရှိခဲ့ပါသလား ခင်ဗျား။

KPS/ANP : အဲဒီကိစ္စတွေကတော့ ဆွေးနွေးဖြစ်ပါတယ်။ ဒါပေမယ့် ပါတီမှာက အပြင် ဝေဖန်သူတွေ ထင်နေကြသလိုမျိုး အကွဲအပြဲတွေကတော့ သိပ်များများ မရှိပါဘူး။ သဘောထားရေးအရ မတိုက်ဆိုင်မှုတွေလောက်ပဲ ရှိတာပါ။ သို့သော် ပါတီကို စောင့်ကြည့်နေတဲ့သူတွေ ဝေဖန်မှုတွေကတော့ ရှိနေမှာပဲလေ။ ဒါပေမယ့် ကျနော်တို့က ဒီပါတီကို ဘယ်လိုနည်းနဲ့ ရှေ့ကို ထိန်းသွားနိုင်မလဲ။ အပြောင်းအလဲ တစုံတခုမရှိဘဲနဲ့ ဆိုတာကိုပဲ အားလုံး အပြုသဘောဆောင်ပြီး ဆွေးနွေးခဲ့ကြတာပဲ ရှိပါတယ်။

Nizar/RiA : ဟုတ်ကဲ့။ ဥက္ကဌ ဒေါက်တာ အေးမောင်က ရွေးကောက်ပွဲအပြီး ရန်ကုန်ကို ပြန်ခါနီး စစ်တွေလေဆိပ်မှာ မီဒီယာတွေကို တရားဝင် ပြောကြားထားမှုတွေ ရှိပါတယ်။ ပါတီတွင်းမှာ လှေနံနှစ်ဖက်နင်းသူ၊ အတွင်းလုပ်ကြံသူတွေ ရှိနေပြီး ပါတီ CEC ၃၈ ဦးရဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို ဒီအစည်းအဝေးမှာ ဖော်ထုတ်သွားမှာ ဆိုပြီးတော့ပေါ့။ ခုချိန်မှာ ဦးအေးမောင်ကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း အင်တာဗျူးတွေ့ဆုံမှုကို ရှောင်တိမ်းနေပါတယ်။ ဒီအခါ ဥက္ကဌ အနေနဲ့ သူ ပြောခဲ့သလိုမျိုး ဒီအစည်းအဝေးမှာ CEC ၃၈ ဦးရဲ့ နိုင်ငံရေးအရှုပ်အထွေးပြဿနာတွေနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းမှုတွေ၊ ဆွေးနွေးမှုတွေ ရှိခဲ့သလားဆိုတာ ပြည်သူတွေကြား စိတ်ဝင်စားမှုများပြားနေပါတယ်။ အဲဒီကိစ္စတွေကိုရော ဥက္ကဌက တင်ပြခဲ့တာ ရှိပါသလား ခင်ဗျား။

KPS/ANP : ဒါက ဒီလိုရှိပါတယ်။ ပါတီဆွေးနွေးမှုတွေထဲမှာ ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးက မဆုံးဖြတ်နိုင်ဘူး။ ဆိုတော့ ပါတီအနေနဲ့ ညီလာခံတစ်ခုကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့ သဘောတူညီချက်ကို ပါတီ CC/CEC တွေက သဘောတူခဲ့ကြပါတယ်။ ဒီကိစ္စတွေ အားလုံးကို ညီလာခံနဲ့သာလျှင် ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး မြို့နယ်တိုင်းက အထူးသဖြင့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မြို့နယ်တွေပေါ့။ ဘာကြောင့် ဘယ်လို ရှုံးနိမ့်ခဲ့ရတယ်ဆိုတာ အစီရင်ခံစာတွေ တင်ပြဖို့ တောင်းခံထားပါတယ်။ အဲဒါတွေ တက်လာပြီးမှ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

Nizar/RiA : ဆရာ ဆိုလိုချင်တဲ့ သဘောက ပါတီရဲ့ ဒုတိယအကြိမ် ညီလာခံကို သတ်မှတ်အချိန်ထက် ပိုပြီး စောစီးစွာ ကျင်းပနိုင်ဖို့ ဒီကနေ့ အစည်းအဝေးမှာ သဘောတူညီချက် ရခဲ့တယ်ပေါ့။

KPS/ANP : ဟုတ်ပါတယ်။ အဲဒီလိုမျိုး သဘောတူညီချက် ရခဲ့ပါတယ်။ ၅ နှစ်တာကလဆိုတာက ဝေးလွန်းတယ်။ ၂၀၁၉ ထိ စောင့်ဆိုင်းရလိမ့်မယ်။ ဒါကြောင့် အဲဒီထက် ပိုမိုပြီး စောနိုင်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမယ့် ဘယ်နေ့ဘယ်အချိန်မှာ လုပ်မယ် ဆိုတာကတော့ အတိအကျ မဆုံးဖြတ်ရသေးဘူး။ အဲဒီလို အတိအကျ ဆုံးဖြတ်နိုင်ဖို့ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ပြင်လို့ရမလဲဆိုတာ ထပ်မံပြီးတော့ ဆွေးနွေးရမယ်။ သေချာတာက ၂၀၁၉ မှာ လုပ်မယ့် ဒုတိယအကြိမ် ညီလာခံကို အဲဒီထက် အများကြီးစောပြီး လုပ်သွားမယ် ဆိုတာပါ။

Nizar/RiA : ပါတီဖွဲ့စည်းပုံအရ ၅ နှစ်တကြိမ် ညီလာခံ ကျင်းပရမယ်ဆိုပေမယ့် အဲဒီ သက်တမ်းမတိုင်မီ စောပြီး ကျင်းပရတဲ့ ညီလာခံက ပါတီထိပ်သီးတချို့ကို အပြောင်းအလဲ တရားဝင် ပြုလုပ်လိုတဲ့ သဘောများ ဖြစ်နေမလား

KPS/ANP : အဲဒီလို အတိအကျမျိုးလည်း မဟုတ်ပါဘူး။ ပါတီမှာ မြို့နယ်ကော်မတီဝင်တွေထဲက နုတ်ထွက်သူတွေနဲ့ အခြား လစ်လပ်နေရာတွေကို ဖြည့်ဆည်းဖို့လည်း ပါပါတယ်။ ထိပ်သီးတချို့ အပြောင်းအလဲ ဖြစ်မဖြစ်ဆိုတာကတော့ အခုလောလောဆယ် ပြောဖို့ စောပါသေးတယ်။ ညီလာခံက အပြောင်းအလဲတွေ လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ် အပြောင်းအလဲ မရှိရင်လည်း မရှိပဲနေလိမ့်မယ်။ ဒါကတော့ ညီလာခံကသာ ဆုံးဖြတ်သွားပါလိမ့်မယ်။ ဒါကြောင့်လည်း ညီလာခံတစ်ခုကို အစောကြီး ခေါ်ယူသင့်ပြီလို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Nizar/RiA : ဟုတ်ကဲ့။ ဆရာ ဦးခိုင်ပြည်စိုးရယ် ခုလို ဖြေကြားခဲ့တဲ့အတွက် ကျေးဇူးပါပဲ။

KPS/ANP : ဟုတ်ကဲ့။ ကျေးဇူးပါ။

____RIA

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate