ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသခံများ ပါဝင်ခွင့် မရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိဖြစ်နေသဖြင့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းကဲ့သို့ ဘက်စုံဆိုးကျိုးများ ခံစားရမည်ကို ဒေသခံများ စိုးရိမ်နေ
ကျောက်ဖြူ
အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသခံများ ပါဝင်ခွင့် မရှိခြင်းနှင့်
ပွင့်လင်းမြင်သာမှု မရှိဖြစ်နေသဖြင့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့်
ရေနံပိုက်လိုင်း စီမံကိန်းကဲ့သို့ ဘက်စုံဆိုးကျိုးများ ခံစားရမည်ကို
ဒေသခံများ စိုးရိမ်နေ
Published on Tue, 02/23/2016 - 20:34
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကဲ့သို့ ဘက်စုံဆိုးကျိုးများ ခံစားရမည်ကို ဒေသခံများ အနေနှင့် စိုးရွံ့နေကြောင်း ရှင်းလင်းစဉ်
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသခံ ပြည်သူလူထု ပါဝင်ခွင့် မရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိဖြစ်နေသဖြင့် လက်ရှိ လည်ပတ်နေပြီ ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းကဲ့သို့ ဘက်စုံဆိုးကျိုးများ ခံစားရမည်ကို ဒေသခံများ အနေနှင့် စိုးရွံ့မှု ဖြစ်ပေါ်နေကြောင်း ကျောက်ဖြူအခြေစိုက် Sky Youth အဖွဲ့မှ ဦးစိုးရွှေက ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ Excel Treasure ဟိုတယ်၌ ကျင်းပသည့် မြန်မာ့အထူး စီးပွားရေးဇုန်များ၊ ရပ်ရွာလူထုအတွက် အခွင့်အလမ်းလား၊ ခြိမ်းခြောက်မှုလား ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ပြည်သူ့ဆွေးနွေးပွဲတွင် ပြောကြားသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းတွင် အစပြုခဲ့သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းမှာ လည်ပတ်ခဲ့ပြီ ဖြစ်သော်လည်း ဒေသခံများ အနေနှင့် မြေယာလျော်ကြေး ရရှိမှု မရှိခြင်း၊ မြေယာ၊ ဥယျာဉ်၊ သစ်တောဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ပျက်စီးခြင်း၊ လုံလောက်မျှတသည့် လျော်ကြေးမရရှိခြင်း၊ ထိခိုက်နစ်နာသည့် ဒေသခံများအတွက် အစားထိုး လုပ်ငန်းများ ဆောင်ရွက်ပေးမှု မရှိခြင်း၊ ဒေသခံတို့၏ အခြေခံ လူ့အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရန်နှင့် ကုစားရန် တိကျသော အစီအစဉ်များ မရှိခြင်းနှင့် ကြုံတွေ့နေရသော ပြဿနာများအတွက် တာဝန်ခံမှု တာဝန်ယူမှု မရှိခြင်း စသည့် ဖြစ်ရပ်များကို ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကြုံတွေ့နေရသည်ဟု ဦးစိုးရွှေက ဆိုသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးနှင့် ပတ်သက်၍ ခွင့်ပြုပေးရန် သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းကို လက်ခံသော်လည်း အကောင်အထည် ဖော်မှုကို ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ပြီးမှ အတည်ပြုပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး စီမံ/ စီးပွားဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းတို့က ပြန်လည် ရှင်းလင်းခဲ့သော်လည်း ကျောက်ဖြူအထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိုသာ ခွင့်ပြုပြီး ဆက်လက် အကောင်အထည် ဖော်ရမည့် လုပ်ငန်းများကို နောင်အစိုးရ လက်ထက်မှသာ ပွင့်လင်းမြင်သာစွာဖြင့် ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်း၏ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် CITIC Consortium 1 ကုမ္ပဏီနှင့် စက်မှုဇုန်အတွက် CITIC Consortium 2 က လုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများ အနေနှင့် ကုမ္ပဏီနှင့် တာဝန်ရှိသူများမှ ဒေသခံများ၏ အခွင့်အရေးကို လေးစား၍ သဘောတူညီချက် ရယူရန်၊ စီမံကိန်း အဆင့်ဆင့်အား ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန်နှင့် တာဝန်ခံမှု ရှိရန်၊ စီမံကိန်း ဆိုးကျိုးများကို နိုင်ငံတော်မှ ဥပဒေ အတိအကျ ထုတ်ပြန်၍ ကာကွယ်ပေးရန်၊ ဒေသခံများ၏ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး ကြိုတင်လုပ်ဆောင်ပေးရန် ဒေသခံများက လိုလားနေကြောင်း ဦးစိုးရွှေက ဆက်လက် ပြောကြားသည်။
"ဒေသခံတွေတော့ လာမေးတယ်။ သူတို့ အစီအစဉ်တွေလည်း ပြောတယ်။ ဒါပေမဲ့ ဒေသခံတွေ ဖြစ်စေချင်တဲ့ဟာကျ လုပ်မပေးဘဲ သူတို့စီမံကိန်း အတိုင်းပဲ ဆက်လုပ်နေကြတယ်" ဟု ဦးစိုးရွှေက ဆိုသည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် နယ်နိမိတ်ဧရိယာ အဖြစ် မြေဧက ၄၂၈၉ ဒသမ ၃၇ ကို သတ်မှတ်ထားပြီး ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) နယ်နိမိတ် ၃၇၀ ဒသမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၂) နယ်နိမိတ် ၂၃၇ ဒသမ ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်း နယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်း နယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ ဧကတို့ ပါဝင်မည် ဖြစ်ကြောင်း သိရပြီး အဆိုပါ စီမံကိန်း အပါအ၀င် အထူးစီးပွားရေးဇုန်များ၌ အစိုးရက စီမံကိန်း မြန်ဆန်စွာ အကောင်အထည်ပေါ်ရေးကိုသာ အဓိက လုပ်ဆောင်နေပြီး ကျန်သည့်အရာများကို လုပ်ဆောင်မှု မရှိဖြစ်နေကြောင်း အလွတ်တန်း သုတေသီ ဦးဇော်အောင်က ဆိုသည်။
Local
#EMG

0 comments:
Post a Comment