ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရေးဆွဲခဲ့သည့် ဥပဒေ၂၇ ခုခန့်ရှိပြီး နည်းဥပဒေများ မထွက်ရှိခဲ့
မေ
၁၂ ရက် ။ ။ ၂၀၁၀-၁၅ ခုနှစ် ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင်
ရေးဆွဲခဲ့သည့် ဥပဒေ ၂၇ ခု ခန့်ရှိခဲ့ပြီး နည်းဥပဒေများ ရေးဆွဲနိုင်ခဲ့ခြင်း
မရှိခဲ့ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌဟောင်း
ဦးအောင်မြကျော်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ဆွဲခဲ့တဲ့အထဲမှာ ရေချိုငါးလုပ်ငန်းဥပဒေ၊ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဥပဒေ၊ စည်ပင်ဥပဒေတို့ပါဝင်ပါတယ်။ ဥပဒေတွေရေးဆွဲခဲ့ပေမယ့် လက်တွေ့မှာတော့ နည်းဥပဒေထွက်ရှိမှုက တော်တော်လေးကို အားနည်းခဲ့တဲ့အတွက် လွှတ်တော်က ထုတ်ပေးလိုက်တဲ့ဥပဒေတွေဟာ အသက်ဝင်မှု အားနည်းပါတယ်။ နည်းဥပဒေကိုတော့ အစိုးရအဖွဲ့ကပဲ ဆွဲခွင့်ရှိပါတယ်။ လွှတ်တော်က ဥပဒေတွေကို ဘယ်လောက်ပဲဆွဲဆွဲ အစိုးရအဖွဲ့က အလုပ်မလုပ်ခဲ့တဲ့အတွက်ကြောင့် အဲဒီဥပဒေတွေဟာ ဒီနေ့အထိ အသက်မဝင်သေးဘူးဖြစ်နေပါတယ်။"
ပထမအကြိမ်လွှတ်တော်မှ ရေးဆွဲပြီး ဖြစ်သည့် ဥပဒေ၂၇ ခုတွင် နှစ်စဉ် ပုံမှန်ရေးဆွဲခဲ့ရသည့်
ဘတ်ဂျက်ဥပဒေနှင့် စီမံကိန်းဥပဒေ ၁၀ ခုခန့်နှင့် ဖွဲ့စည်းပုံဇယား ၂ ၏ လုပ်ပိုင်ခွင့်ထဲမှ ဥပဒေများဖြစ်သော စည်ပင်ဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပဒေ စသည့် ဥပဒေများမှာ အကောင်အထည်ဖော်ရန် နည်းဥပဒေများ မရေးဆွဲနိုင်ခဲ့သဖြင့် အစိုးရသစ်လက်ထက်တွင် ရေးဆွဲနိုင်ရန် ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌဟောင်း ဦးအောင်မြကျော်က ပြောကြားခဲ့သည်။
ယင်းအပြင် ရေးဆွဲပြီး ဖြစ်သည့် ဥပဒေများတွင် ဒေသနှင့် မကိုက်ညီသော ဥပဒေများ ရှိခဲ့သည့်အပြင် အရေးပါသည့် ဥပဒေအချို့ကိုလည်း ကျင့်သုံးနိုင်ခဲ့ခြင်း မရှိကြောင်း ကျောက်ဖြူမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။
“၂၀၁၀ ကာလထဲမှာ ကျွန်တော်တို့ရေးဆွဲခဲ့ကြတဲ့ ဥပဒေတွေထဲမှာ အဓိကကျတဲ့ ဥပဒေတွေက စည်ပင်ဥပဒေဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ အဲဒီဥပဒေကို ကျင့်သုံးနေတာကို မတွေ့ရသေးဘူး။ အသက်ဝင်နေတာလည်း မရှိသေးဘူ။ ရေချိုငါးလုပ်ငန်း ဥပဒေဟာလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရေချိုငါးလုပ်ငန်းဥပဒေနဲ့ မသင့်တော်ပါဘူး။ ပြဌာန်းဖို့လည်း မသင့်ပါဘူး။ တကယ်တမ်းပြဌာန်းသင့်တာက ရေငံ ငါးလုပ်ငန်းဥပဒေပါ။ ကမ်းရိုးတမ်းကို ပိုင်ဆိုင်ထားတဲ့ ရခိုင်ပြည်နယ်မှာ ရေချိုငါးလုပ်ငန်းဥပဒေကို ပြဌာန်းတာဟာ လွဲမှားနေတာဖြစ်ပါတယ်။”
ယခု လွှတ်တော်သက်တမ်းတွင် ရေးဆွဲပေးလာကြမည့် ဥပဒေများအပေါ် နည်းဥပဒေများ ရေးဆွဲခြင်း၊ အကောင်ထည်ဖော် ကျင့်သုံးမှုများ ပြုလုပ်ရန် လိုအပ်သလို၊ ယခင်လွှတ်တော်က ရေးဆွဲပေးခဲ့သည့် ဥပဒေများကိုလည်း အစိုးရသစ်အနေနှင့် လေ့လာရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌဟောင်း ဦးအောင်မြကျော်က ပြောကြားခဲ့သည်။
ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်မှ ရေးဆွဲခဲ့သည့် ရေချိုငါးလုပ်ငန်း ဥပဒေအစီရင်ခံစာ (ဓာတ်ပုံ - ကျော်မင်း/မဇ္ဈိမ)

0 comments:
Post a Comment