“လုပ်ငန်းခွင်အတွင်းကားနင်းမိ၍သေဆုံးခဲ့သည့်အလုပ်သမားအတွက်နစ်နာကြေးဘတ်ငွေငါးသိန်းရပြီ”
၂၀၁၆ - ခု - မေလ ၂၄ ရက်နေ့
စိုင်းခက်လွမ်း
လုပ်ငန်းခွင်အတွင်း ကားနင်းမိ ၍ သေဆုံးခဲ့သည့် ရခိုင်အလုပ်သမား တစ်ဦးအတွက်ဂရုဏာလျှော်ကြေး ငွေ ဘတ်ငါးသိန်းအား မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင် MAT အဖွဲ့၏ ကူညီေ ဆာင်ရွက်မှုဖြင့် ယနေ့တွင် ရရှိခဲ့ကြော င်းသိရသည်။
သေဆုံးသူမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင် ကျေး ရွာမှ အသက် ၂၁ နှစ် အရွယ် စိုးမင်းနောင် ဆိုသူဖြစ်ပါသည်။
ဘန်ကောက်မြို့အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသော ချာချင်ဆောင်မြို့၊ ပဲလီယိုဈေး အနီးရှိ သတ္တုသန့်စင်အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသော စိုးမင်းနောင် ကို၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ ည ၇နာရီခန့်က အား အလုပ်ရုံထဲသို့ ကျောက်မီးသွေ ပို့ဆောင်ပေးသည့် ကားနင်းမိသဖြင့် သေဆုံး ခဲ့ခြင်းဖြစ်သည်။
သေဆုံးပြီးခါစက သေဆုံးသူ၏ အစ်မနှင့် ယောက္ဖဖြစ်သူတို့အား အလုပ်ရုံတာဝန်ရှိသူနှင့် နင်းမိ သည့် ကားသမားတို့က ၄၅ရက်အကြာတွင် ဘတ်ငွေ ၇သိန်းပေးလျှော်မည်ဖြစ်ပြီး အမှု မဖွင့်ရန်ရဲစခန်း တွင် လက်မှတ်ထိုးစေခဲ့သည်။ မတ်လသို့ရောက်ရှိလာသည့်တိုင်အောင် နစ်နာကြေးတစ်စုံတစ်ရာမရရှိ သဖြင့်သေဆုံးသူ၏ မိသားစုများက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ဆက်သွယ်အကူညီတောင်းခံခဲ့သည်။
MAT အဖွဲ့သည် ထိုင်းရှေ့နေများနှင့် စည်းဝေးတိုင်ပင်၍ ချာချင်ဆောင်သို့ အခေါက်ပေါင်းများစွာ သွားခဲ့ရသည်။ ထို့အပြင် နေရပ်ရင်းသို့ အိမ်ထောင်စု သန်းခေါင်စါရင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းများ ကို မှာယူ၍ မဲဆောက် ဥပဒေရုံတွင် ထိုင်းဘာသာသို့ပြန်ဆို၍ ဘန်ကောက်မြန်မာသံရုံးမှ လိုအပ်သည့် ထောက်ခံချက်များကိုရယူခဲ့ စီစဉ်ခဲ့ကြရသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “လွယ်လွယ်ကူကူရရှိတာမဟုတ်ဘူး။ ထိုင်းရှေ့နေနဲ့လုပ်ရတယ်၊ ရခိုင်က စာရွက်စာတမ်းတွေကိုယူခိုင်း၊ မဲဆောက်မှာ စာရွက်စာတမ်းတွေဘာသာပြန်ရတယ်။ ဒါ့အပြင် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ အတွင်းရေးမှူးက ချာချင်ဆောင် စခန်း မှူး ရဲအရာရှိကြီးကို ဖုန်းနဲ့ လှမ်းပြီးပြောပေးပါတယ်။ လအတန်ကြာလုပ်ကိုင်ခဲ့ရတာကြောင့် စရိတ်စက လည်း ကုန်ကျခဲ့တယ်။ ဘာပြောပြော၊ သေဆုံးသူအတွက် ကျန်ရစ်သူမိသားစုတွေ ကျပ်သိန်းတစ်ရာကျော် အသုံးပြုခွင့်ရရှိသွားတဲ့အတွက်တော့ ပင်ပန်းခံရကျိုးနပ်တယ်လို့ပြောလို့ရပါတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံတွင် မည်သည့်ယာဉ်ဖြစ်စေ၊ မည်သည့်အဆောက်အဦဖြစ်စေ၊ မည်သည့်အသုံးအဆောင် ဖြစ်စေ၊ မည်သည့်အလုပ်ရုံဖြစ်စေ အာမခံသွင်း၍ လုပ်ရသည့် စနစ်ဖြင့် လည်ပတ်သဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်သည်ဖြစ်စေ၊ မတော်တဆမှုဖြစ်စေ ဖြစ်ပေါ်ခဲ့ပါက ထိခိုက်နစ်နာမှုများအတွက် အထောက်အပံ့ကောင်းများကိုရရှိစေပါသည်။
ဦးသိန်းစိန် လက်ထက်က မြန်မာအလုပ်သမားဝန်ကြီးများသည် ထိုင်းအလိုတော်ရိ အင်ဂျီအိုများ၊ အလုပ်သမားအရေးလှုပ်ရှားသူုများ စပွန်ဆာပွဲစားများ၏ (လွဲမှားသည့် တိုက်တွန်းချက်ဖြစ်သော ပကာစာ ခွန်း) ဆိုသည်ကို အကြောင်းပြု၍ သန်းချီရှိသည့် မြန်မာအလုပ်သမားများထံမှ ၀င်ငွေ၏ ၅ရာခိုင်နုန်းကို ဖြတ်တောက်ရန် သဘောတူခဲ့ခြင်းမှာ ဤအချင်းအရာများကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ထိုင်းအာဏာပိုင်များအလိုကျ ပကာစာခွန်း ဖြတ်တောက်ရန် အားပေး အားမြှောက်ပြု ကြသော်လည်း နေရပ်ပြန်ကြသောမြန်မာအလုပ်သမားများ၊ သေဆုံးသူနှင့်ကိုယ်လက်အင်္ဂါများ ပျက်စီး သွားကြသူများအတွက် အဆိုပါက ပကာစာခွန်း (အသက်အာမခံ) ငွေများပြန်လည်ရရှိစေရေးအတွက် လှုပ်ရှားဆောင်ရွက်မှုမျိုးမတွေ့ရပေ။
အဆိုပါ ထိုင်းအလိုတော်ရိအိုင်အင်ဂျီအိုနှင့် အင်ဂျီအိုများက ပကာစာခွန်း( အသက်အာခံကြေး)သွင်းရမည်ဟု တွင်တွင်ပြောဆို တိုက်တွန်းနေကြသော်လည်း MAT အဖွဲ့ကမူ မြန်မာအလုပ်သမားများ ထံမှမတရား အနိုင်ကျင့် ဖြတ်တောက်မှုဖြစ်သည်ဟုဆိုသည်။
သန်းချီရှိသည့် ထိုင်းရောက်မြန်မာအလုပ်သမားများထံမှ ထိုင်းအစိုးရဖြတ်တောက်နေသည့် ပကာစာခွန်း(အသက်အာမခံ) ကိစ္စရပ်အား NLD အစိုးရသစ်အနေဖြင့် သေသေချာချာ စိစစ်လေ့လာ သင့်ကြောင်း MAT အဖွဲ့က တိုက်တွန်းပြောဆိုသည်။
..........................
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမား အခွင့်အရေးချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့ ၏
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကူညီ
တောင်းခံနိုင်ပါသည်။ကျနော်တို့ တတ်စွမ်းသမျှ
ကူညီဆောင်ရွက်ပေးပါမည်။
ဦးအောင်မျိုးသန့်- 08 9652 5696
ဦးကျော်သောင်း- 08 4670 5727
ကိုစိုင်းအေး- 08 0588 5548
ကိုဘခက် - 08 7312 1179
ကိုအောင်ဆန်းဦး- 09 0667 7913
ကိုလွမ်းသူ- 08 6905 2446
ကိုစောမောင်- 09 0661 0849
....

0 comments:
Post a Comment