တွန်းလှည်းဈေးသည် ရွှေ့ပြောင်း အလုပ်သမား ၇ ဦး အဖမ်း ခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခွင့်ပြုချက် မရဘဲ ဈေးလည် ရောင်းနေတဲ့
ရွှေ့ပြောင်း အလုပ်သမား ၇ ဦးကို ထိုင်း အာဏာပိုင် တွေက ဖမ်းဆီး
လိုက်တယ်လို့ အမ်ခွတ် ထိုင်းသတင်း ဌာနမှာ ဖော်ပြ ပါတယ်။ဘန်ကောက်မြို့လယ် ယောဝ်းဝါရာ့ခ်ျ လမ်းဘေး ပလက်ဖောင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေ ဈေးရောင်းနေ တယ်လို့ သတင်း ရလို့ မေလ ၂၄ ရက် ည ၁၀ နာရီ ကျော်က ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့အင်အား ၅၀ ကျော်က သွားရောက် စစ်ဆေး ခဲ့ပြီး ခွင့်ပြုချက် မရဘဲ ဈေးရောင်းနေသူ ၇ ဦးကို ဖမ်းမိ ခဲ့တာလို့ ထိုင်းပြည်ထဲရေးဌာန စုံစမ်းရေးနဲ့ ဥပဒေရေးရာ ညွှန်ကြားရေးမှူး နိုင်းဆဒ်ဒီချိုင်း ဒိုင်ဟော့က သတင်းထောက် တွေကို ပြောပါတယ်။ ဖမ်းဆီးရမိသူတွေ အားလုံးဟာ ပလက်ဖောင်းမှာ တွန်းလှည်းနဲ့ သစ်သီးဖျော်ရည် လည်ရောင်းနေတဲ့ သူတွေဖြစ်ကြောင်း၊ သစ်သီးဖျော်ရည် အရောင် လှအောင် ဆိုးဆေးပါ ထည့်သုံးတဲ့ အကြောင်းလည်း ၀န်ခံခဲ့ တယ်လို့ ညွှန်မှူးက ဆက်ပြောပါတယ်။
လောလောဆယ် အဲဒီရွှေ့ပြောင်း အလုပ်သမားတွေကို ခွင့်ပြုချက်ပေးတဲ့ အလုပ်နဲ့ ကွဲလွဲမှု၊ ကန့်သတ် ထားတဲ့ လူသွား လမ်းပေါ် ဈေးရောင်းမှုတွေနဲ့ အရေးယူ ထားပြီး သူတို့ရောင်းချတဲ့ သစ်သီးနဲ့ သစ်သီးဖျော်ရည်တွေကိုတော့ အစားအစာနဲ့ ဆေးဝါးဆိုင်ရာကော်မတီဆီ ပို့ဆောင် စစ်ဆေးဆဲရှိကာ ပြည်သူ အတွက် အန္တရာယ်ဖြစ်စေတဲ့ အထား ခံဆေး / ဆိုးဆေးတွေ
တွေ့ရှိရင် ဥပဒေ အရ အရေးယူ ခံရမယ်လို့ ပြောသွား ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေကို အိမ်ဖော်၊ ပန်းရန်၊ စက်ရုံလုပ်သား၊ ခြံလုပ်သား၊ ရေလုပ်သား စတဲ့ အလုပ်ကြမ်းတွေမှာသာ လုပ်ခွင့်ပေးပြီး ကိုယ်ပိုင်အလုပ် လုပ်ခွင့်(အလုပ်ရှင်ဖြစ်ခွင့်) ကို ကန့်သတ်ထားပါတယ်။
by ဒီဗွီဘီ


0 comments:
Post a Comment