Monday, 9 May 2016

လက်နက်ကိုင်ပဋိပက္ခကြား မိုင်းဝီးဒေသက ကျေးရွာတရွာလုံး မီးလောင်

...
ဓာတ်ပုံ - Zaai HomMain ဓာတ်ပုံ - Zaai HomMain
အစိုးရတပ်၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ မိုင်းဝီးဒေသမှာ ဟိုပန်ဆိုတဲ့ရွာ တရွာလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
သူတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ မိုင်းဝီးဘက်ကို တိမ်းရှောင်ထွက်ပြေးနေစဉ် မေလ ၆ ရက် နေ့ခင်းပိုင်းကစ တရွာလုံး မီးရှို့ခံခဲ့ရတယ်လို့ ဟိုပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်အိုက်က ဒီဗွီဘီကို ပြောပါတယ်။
“မေလ ၆ ရက်နေ့က မိုင်းဝီးကနေ ကျနော်တို့ရွာကို အဝေးကနေလှမ်းကြည့်တာ မီးခိုးတွေ မည်းနေတယ်။ ဒါပေမယ့် ဘယ်သူမှ ရွာပြန်မကြည့်ရဲဘူး။ ရွာနားက ပန်ခါးတို့၊ လွယ်ဟွမ်တို့ ဘက်မှာ တိုက်ပွဲလည်းဖြစ်နေတယ်လေ။ ၇ ရက်နေ့ကျမှ ကျနော်တို့ ရှမ်းပါတီအမတ် ကျားခေါင်း ပါတီ၊ ကျားဖြူပါတီအမတ်တွေနဲ့ အတူတူကွင်းဆင်းစစ်ဆေးကြတယ်။ အစက တအာင်းအမျိုးသား ပါတီလည်းလာတယ်။ ဒါပေမယ့် သူတို့က မိုင်းဝီးဒုက္ခသည်စခန်းမှာ ကျန်ခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့ သွားကြည့်တော့ ရွာမှာ အိမ်ခြေ ၆၂ လုံးရှိတာ ဘာမှ မကျန်တော့ဘူး။ ကြက်ခြံ ၀က်ခြံတွေလည်း လောင်တယ်။ နွားတွေလည်းပျောက်တယ်။ ဆန်စက်လည်း လောင်တယ်။ ရွာသားစုရပ် ဇရပ်လည်း လောင်တယ်။ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာမူလတန်းကျောင်းပဲ ကျန်တယ်။ ရွာမှာကျန်ခဲ့တဲ့ အဖိုးကြီးတယောက်လည်း ၆ ရက်နေ့က အသတ်ခံရတယ်။”

အဆိုပါ မီးလောင်ခံရတဲ့ အိမ်တွေမှာ သွပ်မိုးပျဉ်ထောင်စတဲ့ အိမ်ကြီးအိမ်ကောင်းတွေရော၊ ဈေးဆိုင်တွေပါ ပါဝင်ပြီး အိမ်ထဲက ပရိဘောဂအသုံးအဆောင်၊ ဈေးဆိုင်နဲ့ ကုန်ပစ္စည်းတွေ၊ အိပ်ယာခြင်ထောင်အ၀တ် အစားတွေပါမကျန် အားလုံးလောင်ကျွမ်းတဲ့အတွက် ဆုံးရှုံးမှုပမာဏ တော့ မတွက်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
မီးရှို့သူ ဘယ်သူဘယ်ဝါဆိုတာ မတွေ့မမြင်ရပေမယ့် မီးလောင်ရာနေရာမှာတော့ အာရ်စီအက်စ် အက်စ်နဲ့ ရွာသားပူးပေါင်းခြင်းရဲ့ အကျိုးဆက်၊ ခေါင်းတခြားကိုယ်တခြား ဖြစ်မသွားချင်ရင် ရွာထဲမ၀င်နဲ့ လို့ရေးထားတဲ့ ခြိမ်းခြောက်စာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီရွာမှာ စစ်ဘေးရှောင်၊ မီးဘေးရှောင်သူပေါင်း ၂၇၅ ဦးရှိပြီး မိုင်းဝီးရှမ်းစာပေနဲ့ ယဉ်ကျေးမှု အသင်းတိုက်မှာ ၀င်ရောက်ခိုလှုံနေကြောင်း၊ မနေ့က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အလှူငွေ ကျပ်သိန်းပေါင်း ၅၀ နဲ့ ဒီနေ့ကတော့ မေတ္တာဖောင်ဒေးရှင်းက လူတယောက်ကို ကျပ်တသောင်း ၄ ထောင်စီ လာဝေသွားကြောင်း၊ လောလောဆယ် စားဖို့ရှိပေမယ့် အိမ်ပြန်ဆောက်ဖို့၊ ရေရှည်စားဝတ်နေရေးအတွက် အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ဖို့ အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ဦးစိုင်းဆန်အိုက်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ ပြည်နယ်လွှတ်တော် အမတ် ဦးအေးမောင်ကလည်း ရွာမီးရှို့ခံရပြီး ရွာသားတယောက် အသတ်ခံရတဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်း၊ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးမြန်မြန်ဆောင်ရွက်ဖို့ တိုက်တွန်း ကြောင်း အခုလိုပြောသွားပါတယ်။
“တိုက်ပွဲကြောင့် ရှမ်းတိုင်းရင်းသားတွေ ထွက်ပြေးရသလို တအာင်းပလောင်တိုင်းရင်းသားတွေ လည်း ထောင်ချီထွက်ပြေးနေရပါတယ်။ ၇ ရက်နေ့က ကျနော်တို့ ၂ နေရာလုံး ကွင်းဆင်း စစ်ဆေးပြီး သူတို့ကို အားပေးစကားပြောခဲ့တယ်။ ရှမ်းစစ်ဘေးရှောင်က ၃၀၀ နီးပါး၊ ပလောင်က တစ်ထောင်နီးပါး ရှိတယ်။ ပလောင်ဒုက္ခသည်တွေလည်း ပလောင်စာပေနဲ့ ယဉ်ကျေးမှု ရုံးမှာဘဲ နေရာချထားတယ်။ ဟို မီးရှို့ခံရတဲ့ ဟိုပန်ရွာကိုတော့ ၇ ရက်နေ့က အချိန်မရှိလို့ မသွားလိုက် ရဘူး။ မနေ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ သွားမလို့လုပ်တော့ တိုက်ပွဲက ရှိနေပြန်တာနဲ့ မသွားရပြန်ဘူး။ ကျနော်တို့ နောက်ထပ်သွားကြည့်ပါဦးမယ်။ လိုအပ်တဲ့ အကူအညီပေးဖို့ပေါ့။ တဘက်နဲ့တဘက် ဒီလိုတိုက်နေတာ ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိစ္စကို အမြန်ဆောင်ရွက်စေချင်တယ်။”
ဟိုပန်ကျေးရွာ မီးရှို့ခံရတဲ့ ကိစ္စမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်းဘက်က တီအန်အယ်လ်အေ ရဲ့လုပ်ရပ်လို့ စွပ်စွဲထားပြီး တီအန်အယ်လ်အေဘက်ကလည်း တိုက်ပွဲကြောင့် လက်နက်ကြီးတွေ ရွာထဲကျကာ မီးလောင်ရကြောင်း ကြေညာချက်ပြန်ထုတ်ထားပါတယ်။
အရင် ဦးသိန်းစိန်အစိုးရနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်ရပ်လက်မှတ်ထိုးရေး မဆွေးနွေးရသေးတဲ့ တအာင်း ပလောင်တပ်ကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကစ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ မိုင်းဝီးဘက်မှာရော၊ ကျောက်မဲခရိုင်တွင်းမှာပါ ရွာသားပေါင်း ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
၂၀၁၆ နှစ်ထဲမှာ အခြေအနေငြိမ်သက်ပြီအထင်နဲ့ အိမ်ပြန်သွားကြတဲ့ ရွာသားတွေဟာ သင်္ကြန်ပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် အရင်တပတ်ကစ တကျော့ပြန် စစ်ဘေးရှောင်နေရပြီး လက်ရှိကျောက်မဲမြို့ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းမှာ ဒုက္ခသည်ပေါင်း တစ်ေ ထာင်ကျော် ပြန်လည်ရောက်ရှိနေကြတယ်လို့ ကျောက်မဲလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောသွားပါတယ်။
.

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate