Sunday, 19 June 2016

ထိုင်းရောက် မြန်မာတို့ မျှော်လင့်ချက်


Saturday, 18 June 2016 14:18
ပြီးခဲ့သည့် လေးနှစ်နှင့် ယခုအချိန် ကြိုလင့်ပုံချင်းမှာ ခြားနားသွားလေပြီ။
ရေညှိများ စွဲကပ်ပြီး တစ်စုံတစ်ရာ ပြင်ဆင်ထားခြင်း မရှိသည့် ဝရန်တာကို ကိုဇော်က လက်ညိုးထိုးပြပြီး “အဲဒီနေရာက ဒေါ်အောင်ဆန်းစုကြည် စကားပြောခဲ့တာ” ဟု ဆိုလိုက်သည်။
ယင်းဝရန်တာမှာ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ရုံး၏ တတိယထပ်ရှိ ဝရန်တာ ဖြစ်သည်။ ကိုဇော်မှာ ယင်းရုံးက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားအရေးကို ‘အတတ်နိုင်ဆုံး ကြိုးစားပေးမည်ဟု’ သောင်းနှင့်ချီသည့် ရွှေ့ပြောင်းအလုပ်သမားများကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်က မိန့်ခွန်းခြွေခဲ့သည့် နေရာလည်း ဖြစ်ပါသည်။ ယင်းအချိန်က ဝရန်တာတွင် ဗိုလ်ချုပ်ပုံ တစ်ဖက် ဒေါ်အောင်ဆန်းစုကြည်ပုံများ ပါသည့် ဗွီနိုင်းတစ်ချပ်ကို ချိတ်ဆွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်သို့ လာမည့် ဇွန်လ ၂၃ ရက်နေ့တွင် တစ်ကျော့ ပြန်လာရန် တစ်ပတ်ခန့်အကြာအထိ MWRN ရုံးခန်းတွင် ထူးထူးခြားခြား အပြင်အဆင် မတွေ့ရသေးပေ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ‘We Love Amay Su’ စာသားနှင့် ဒေါ်အောင်ဆန်းစုကြည် ရယ်မောနေသည့် ဓာတ်ပုံပါဝင်သည့် ဒီဇိုင်းဖြင့် အင်္ကျီကို ရိုက်ရန်ကား ပြင်ဆင်နေသည်။
MWRN ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်ဌေးက ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ အချို့ကို ကွန်ပျုတာ ဖွင့်ပြကာ အမှတ်တရများကို ပြန်ပြောင်းပြောပြသည်။
“လေးနှစ်အတွင်းမှာ တော်တော်ပြောင်းသွားပြီ။ အရင်က အတိုက်အခံ အနေနဲ့ လာတာ၊ အခုတော့ အစိုးရအနေနဲ့ လာမှာ” ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီအရေး လှုပ်ရှားသူ၊ အတိုက်အခံခေါင်းဆောင် အဖြစ် လွန်ခဲ့သည့် လေးနှစ်ကျော်က မဟာချိုင်မြေပေါ်သို့ ခြေချခဲ့ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါ အစိုးရသစ်တစ်ရပ်ကို ဦးဆောင်မောင်းနှင်နေသူအဖြစ် တစ်ကျော့ပြန် ခြေချတော့မည် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်က ဖိတ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျက ပြောဆိုသည်။
“အဓိကကတော့ နှစ်နိုင်ငံရေး ဆက်ဆံရေးအတွက် လိုအပ်တဲ့ ကိစ္စတွေ ဆွေးနွေးမယ်။ အလုပ်သမားအရေး၊ နယ်စပ်အရေး၊ စီးပွားရေး အကြောင်းအရာတွေ ပါတယ်။ ဝန်ကြီးချုပ်နဲ့ကတော့ အဓိကတွေ့မယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ရော” ဟု ၎င်းက ရှင်းပြသည်။
“ထိုင်းဘုရင်နှင့်လည်း တွေ့နိုင်ပါတယ်” ဟု သူက ထပ်ပြောသည်။
မဟာချိုင်တွင် အလုပ်သမားများနှင့် တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာသံအမတ်က မဟာချိုင်ရှိ မြန်မာအဖွဲ့အစည်းကို ဇွန်လ ၇ ရက်နေ့က တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း MWRN မှ စည်းရုံးရေးမှူး ဦးမောင်သန်းက ပြောကြားသည်။

အမိမဲ့သားများ အရေး

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် ထိုင်းရောက် အခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များအဖို့ မျှော်လင့်ချက်များစွာ စောင့်မျှော်နေကြသည်။
“နိုင်ငံတကာအဆင့်မှာ အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်က နေပြီးတော့ ကိုယ့်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားအရေးအပေါ်မှာ ဂရုတစိုက် ဆောင်ရွက်တာက တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိမယ်” ဟု MWRN ၏ ဥက္ကဋ္ဌ ဦးစိန်ဌေးက ထင်မြင်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး ခရီးစဉ် စတင်သည့်နေ့ ဇွန်လ ၂၃ ရက်နေ့တွင် မဟာချိုင်မြို့သို့လာရောက်ကာ မြန်မာအလုပ်သမားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းခရီးစဉ်အတွက် မြန်မာသံရုံးနှင့် ပူးပေါင်းလုပ်ဆောင်နေသူများထံမှ သိရှိရသည်။
ယင်းသို့ တွေ့ဆုံရန် မဟာချိုင် ဘောလုံးကွင်းကို မြန်မာသံရုံးဘက်က လျာထားကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
ယင်းဘောလုံးကွင်း၏ မြက်ခင်းသို့ အဝင်ဝတွင် ‘မြန်မာများ ဘယ်ဘက်အခြမ်းသို့ သွားပါ’ ဟု စာရေးထားသည့် ဗီနိုင်းတစ်ခု ချိတ်ထားသည်။ ကွင်းကို ရေဖျန်းနေသူအချို့မှ အပ ဇွန်လ ၁၆ ရက်နေ့အထိ ထူးထူးခြားခြား ပြင်ဆင်မှု မတွေ့ရသေးပေ။ ယင်းဘောလုံးကွင်းသည် လူသောင်းနှင့်ချီ ဆန့်နိုင်သည်။
ထိုင်းဒေသ အာဏာပိုင်များကမူ ယင်းဘောလုံးကွင်းအနီးက ရေထွက်ကုန်ရောင်းချသည့် TaLayThai ဈေးအနီး နေရာတစ်ခုတွင်သာ ခွင့်ပြုလိုသည်ဟု သိရကြောင်း အဆိုပါ တွေ့ဆုံပွဲအတွက် မြန်မာသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်နေသူ ဦးခိုင်ကြီးက ပြောကြားသည်။
ဦးခိုင်ကြီးမှာ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ-ထိုင်းနိုင်ငံ (AAC) ၏ ဒါရိုက်တာတစ်ဦး ဖြစ်သည်။
ယင်း TaLayThai ဈေးထိပ်တွင် ကုန်စုံဆိုင်ရောင်းချနေသူ အသက် ၃၀ ကျော်အရွယ် ထိုင်းအမျိုးသားတစ်ဦးကမူ ဒေါ်အောင်ဆန်းစုကြည် လာမည့်ခရီးစဉ်ကို ကြိုဆိုကြောင်း လက်မထောင်ကာ ရယ်ရယ်မောမော ပြောဆိုသည်။
“မိန်းမသား ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရအောင် တိုက်ခိုက်နေတာ သတင်းတွေမှာ အမြဲတွေ့နေရတယ်။ အရမ်းထက်မြက်တဲ့ သူ့ကို အခုအပြင်မှာ တွေ့ရမယ်ဆိုတော့ ဝမ်းသာတယ်” ဟု ၎င်းက ဆိုသည်။
ယခုတစ်ကြိမ် အလုပ်သမားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွင် အလုပ်သမားများ၏ အခက်အခဲများကို တိုက်ရိုက်တင်ပြခွင့်ရအောင် စီစဉ်ပေးမည်ဟု မြန်မာသံအမတ်ကြီးက ပြောဆိုထားကြောင်း MWRN မှ စည်းရုံးရေးမှူး ဦးမောင်သန်းက ပြောကြားသည်။
“၂၃ ရက်နေ့မှာ အလုပ်သမားတွေရဲ့ ရင်ဖွင့်တာကို နားထောင်ပြီးတော့ ၂၄ ရက်နေ့မှ ထိုင်းအစိုးရနဲ့ တွေ့ရမှာပေါ့လို့ သံအမတ်က ပြောတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ ဖြေရှင်းခဲ့ရမည့် ကိစ္စများစွာ ရှိနေသည်။ လောလောလတ်လတ် ဖြေရှင်းရမည့် ကိစ္စတစ်ခုမှာ ဗီဇာသက်တမ်းကုန်သူများ အရေး ဖြစ်သည်။
လေးနှစ်၊ ခြောက်နှစ် ဗီဇာသက်တမ်း ကုန်နေသည့် မြန်မာအလုပ်သမားများကို မြန်မာနိုင်ငံသို့ ပြန်မပို့ဘဲ ထိုင်းနိုင်ငံ အတွင်းတွင် တရားဝင် အထောက်အထားများ ထုတ်ပေးရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ထိုင်းအစိုးရနှင့် ညှိနှိုင်းသင့်ကြောင်း ဦးစိန်ဌေးက ပြောကြားသည်။
“ထိုင်းဘက်ကလည်း အဲဒါကို လက်ခံပြီးတော့ ဗီဇာပေးတာတို့၊ Work Permit ပေးတာတို့ အဲဒါမျိုးတွေ လုပ်ဖို့ပေါ့။ အလုပ်သမားရော၊ အလုပ်ရှင်ရော ပြေလည်မယ့် ပုံစံကို ထိုင်းအစိုးရနဲ့ ညှိနှိုင်းပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဗီဇာသက်တမ်းကုန် လုပ်သားများအတွက် ရွေးစရာ လမ်းနှစ်လမ်း ရှိသည်။
တစ်နည်းက မြန်မာနိုင်ငံသို့ ပြန်ပြီး MoU ဟုခေါ်သည့် အေဂျင်စီနှင့် အလုပ်ရှင်တို့ ချိတ်ဆက်၍ အလုပ်သမား ခေါ်ယူသည့် စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်ခြင်း ဖြစ်သည်။ နောက်တစ်နည်းမှာ ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ဘတ်ကတ် ပြောင်းကိုင်ရန် ဖြစ်သည်။
ဘတ်ကတ်ကိုင်လျှင် ခရိုင်ကျော်သွားလာခွင့် မရှိခြင်း၊ မြန်မာနိုင်ငံသို့ အလည်ပြန်ရန် မလွယ်ခြင်း၊ အလုပ်ပြောင်း၍ မရခြင်းတို့ ဖြစ်မည်။ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်စဉ်က သွင်းထားသည့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များလည်း ဆုံးရှုံးမည် ဖြစ်သည်။
နိုင်ငံကူးလက်မှတ်၊ ဗီဇာသက်တမ်းများကို ထပ်မံတိုးပေးစေလိုကြောင်း ပုစွန်ဈေးတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေသူ ကိုသက်ပိုင်က ပြောကြားသည်။
“ဗီဇာလေးနှစ် ကုန်သွားပြီ။ သက်တမ်းတိုးမရတော့ဘူး။ ပတ်စ်ပို့ သေသွားပြီ။ ဘတ်ကတ်လုပ်ရမလား စဉ်းစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ပုစွန်ဈေးမှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်က ကားဖြင့် လှည့်လည်ခဲ့ကာ အလုပ်သမားများကို လာရောက်ကြည့်ရှုခဲ့သည့် နေရာလည်း ဖြစ်သည်။
ထိုင်းနိုင်ငံရှိ မြန်မာပြည်ဟု ဆိုနိုင်သော မဟာချိုင်တွင် ရှိသည့် ယင်းပုစွန်ဈေးတွင် မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင် အလုပ်လုပ်ကိုင်နေသည်။ ယင်းဝန်းကျင်ရှိ မြန်မာများမှာ ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်သို့ လာရောက်မည့် ခရီးစဉ်ကို သိရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ သွားရောက်မည်ဖြစ်ကြောင်း ကိုသက်ပိုင်က ပြောဆိုသည်။
“သူက ဘာကိစ္စကြောင့် လာမှာလဲတော့ မသိဘူး။ သူပြောတာ နားထောင်ရမှာပေါ့။ ကိုယ့်အတွက် အဆင်ပြေမလား၊ မပြေဘူးလား။ ဒီမှာပဲ ဆက်နေရမလား။ ပြန်ရမလား။ အဲဒါမျိုးတွေ သိချင်တယ်” ဟု ၎င်းက ဆိုသည်။
ယင်းဈေးဘေးရှိ မြန်မာအလုပ်သမားများ နေထိုင်သည့် တိုက်တန်းများ၏ မြေညီထပ်တွင်လည်း မြန်မာအချို့ ပြည်ကြီးငါးများကို ဆေးကြောနေကြသည်။ အချို့က ပုစွန်လက်မချိုး၍ အသားနုတ်နေကြသည်။ ယင်းတိုက်တန်းများ၏ မြေညီထပ်တွင် မြန်မာများက ဆံပင်အလှပြင်ဆိုင်များလည်း ဖွင့်ထားသည်။ ပုစွန်လက်မချိုးပြီး အသားနုတ်နေသည့် နေရာနှင့် မျက်စောင်းထိုးတွင် ရှိသည့် ကွမ်းယာဆိုင်တွင် အမျိုးသားတစ်စု ဝိုင်းအုံနေသည်။
ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ မြန်မာအလုပ်သမားများ အကျိုးခံစားခွင့် မရသည့် ပြဿနာများစွာ ရှိနေသည်။ ဥပမာတစ်ခုမှာ ထိုင်းတွင် တစ်ရက်အနည်းဆုံး လုပ်ခဘတ် ၃၀၀ ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံသား အများစုမရ။
“ဒီမှာက တစ်နေ့ကို ဘတ် ၂၀၀ ကျော်ပဲ ရတယ်” ဟု ကိုသက်ပိုင်က ဆိုသည်။
တစ်ရက် ဘတ် ၃၀၀ မရခြင်း၊ အချိန်ပိုလုပ်ခ အပြည့်မရသဖြင့် အလုပ်သမားများ ပြဿနာ တစ်လလျှင် ခုနစ်ခုထက်မနည်း ဖြေရှင်းပေးနေရကြောင်း AAC အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးရဲမင်းက ပြောကြားသည်။
အလုပ်ပြုတ်ခံရ၍ AAC အဖွဲ့ရုံးတွင် သောင်တင်နေသည့် အလုပ်သမား ၂၉ ဦး အနက် သုံးဦးသာ ဘတ် ၃၀၀ ရပြီး ကျန်လုပ်သားများမှာ ဘတ် ၂၅၀ ဝန်းကျင်သာ ရရှိကြကြောင်း အဆိုပါ အလုပ်သမားများအနက် တစ်ဦးဖြစ်သူ ဦးစိုင်းအစ်လောင်က ဆိုသည်။

ခဲရည်ကြိုစက်ရုံ အရှုံးပေါ်၍ လုပ်သားအင်အား လျှော့ခံရသည့် အဆိုပါ လုပ်သားများမှာ အလုပ်ထုတ် နစ်နာကြေး၊ ယခင်မရခဲ့သည့် လုပ်အားခနှင့် အချိန်ပိုကြေးများ ပြန်ရအောင် အလုပ်ရှင်ကို အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။
ထိုင်းဥပဒေအရ ပေးထားသည့် လူမှုဖူလုံရေး ခံစားခွင့် မရရှိသည့် ကိစ္စမှာလည်း ထိုင်းအစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်ပေးသင့်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူများထံမှ သိရှိရသည်။
“အဲဒါကို ထိုင်းအစိုးရ အနေနဲ့ ဖိဖိစီးစီး လုပ်ပေးဖို့၊ ဥပဒေ ပြဋ္ဌာန်းထားပေမယ့် စိုးမိုးမှုမရှိတဲ့ အကြောင်းအရာကို ထိုင်းအစိုးရကို ညှိနှိုင်းပြီးတော့ အကျိုးခံစားခွင့်တွေ အလုပ်သမားတွေ ရရှိအောင် လုပ်ပေးသင့်တယ်” ဟု ဦးစိန်ဌေးက ပြောဆိုသည်။
မြန်မာများ ထိုင်းရဲများ၊ ရဲအယောင်ဆောင်များက မြန်မာအလုပ်သမားများအပေါ် အမြတ်ထုတ်နေမှုကိုလည်း ထိုင်းအစိုးရက အရေးယူပေးရန် ပြောဆိုသင့်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။
“အထောက်အထားရှိလည်း ဖမ်းတယ်။ မရှိလည်း ဖမ်း။ ရှိရှိ မရှိရှိ ပိုက်ဆံပေးရတာပဲ။ ထင်ရှားတဲ့ သာဓက ကတော့ ဘန်ကောက် မဲဆောက်လမ်းမှာဆိုရင် နေ့တိုင်း ပိုက်ဆံတောင်းနေတယ်။ အခြားနေရာလည်း ဒီလိုပဲ” ဟု ဦးစိန်ဌေးက ရှင်းပြသည်။
တရားဝင် အထောက်အထား ကိုင်ဆောင်သည့် မြန်မာအလုပ်သမားများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေတောင်းသည့်အပြင် နောက်ထပ်ငွေညှစ်နည်းများ ရှိနေသေးသည်။
“ဘောလုံးကန်တာကို လောင်းကစားမှုနဲ့ ဖမ်းတာတို့၊ ပိုက်ဆံအိတ်ထဲမှာ ဆွေမျိုးမိတ်ဆွေရဲ့ ဖုန်းနံပါတ်ကို မှတ်ထားတာကို ချဲထိုးတယ်ဆိုပြီး ဖမ်းတယ်။ အဲဒီပြဿနာတွေ ရှိတယ်။ ထိုင်းအစိုးရ အနေနဲ့ ဒါကို ကြီးကြပ်ပေးဖို့ ပြောသင့်တာပေါ့” ဟု ဦးစိန်ဌေးက ပြောဆိုသည်။
မဟာချိုင်မြို့ ပုစွန်ဈေးအနီးတွင် ဆံပင်အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် မသဇင်ကလည်း ထိုင်းရဲများ၏ ငွေညှစ်မှုဒဏ်ကို မကြာခဏ ခံနေရကြောင်း ရင်ဖွင့်သည်။
“ခဏနေကျရင် ဖမ်းပြန်ပြီ။ ပေးရပြန်ပြီ။ ငါးရာ (ဘတ်)၊ တစ်ထောင်။ ငါးထောင်ထိ ပေးရတယ်” ဟု ၎င်းက ဆိုသည်။
လေးသန်းဝန်းကျင်ရှိသည့် ထိုင်းအလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် အလုပ်သမား သံအရာရှိနှစ်ဦး စေလွှတ်ထားရုံဖြင့် မဆင်မပြေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရးဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
“သူတို့က တကယ့်ကို Superman လည်း မဟုတ်ပါဘူး။ မဟာ စွမ်းအားရှင်တွေလည်း မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ အလုပ်သမား သံအရာရှိများကို ပံ့ပိုးပေးနိုင်မည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သည့် ကော်မတီများဖွဲ့ကာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ကြောင်း ဦးထူးချစ်က ပြောဆိုသည်။
ယင်းအပြင်း ရွှေ့ပြောင်းအလုပ်သမားအရေးကို နိုင်ငံတော်က ဘတ်ဂျတ် သီးခြားသတ်မှတ်ကာ လုပ်ဆောင်သင့်ပြီး အလုပ်သမားအရေးကို ဆောင်ရွက်နေသူများနှင့် ပူးပေါင်းဆောင်ရွက်မှသာ အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့်ရှောက်သည့် စနစ်၊ တိုင်ကြားနိုင်သည့် စနစ်များကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း၊ အလုပ်သမား အချင်းချင်း အစုအဖွဲ့ ဖွဲ့ကာ အပြန်အလှန် ကူညီနိုင်သည့် အခြေအနေမျိုးဖြစ်အောင် မြန်မာအစိုးရက လုပ်ဆောင်ပေးသင့်ကြောင်း ဦးစိန်ဌေးက ပြောဆိုသည်။
“တော်ရုံကိစ္စဆိုရင် အလုပ်သမားတွေ အချင်းချင်း ဝိုင်းဝန်းဆောင်ရွက်ကြ။ ကြီးမားတဲ့ ကိစ္စတွေဆို အစိုးရဆီ ရောက်သွားမယ်၊ အစိုးရတွေက ဝင်ရောက်ဖြေရှင်းမယ်ဆိုရင် ကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍကို တော်တော်လေး မြှင့်တင်ပြီးတော့ ဆောင်ရွက်နိုင်မယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။
ထိုးကျွေးခံရသည်ဟု ပြောဆိုကြသည့် လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှုများနှင့် ပတ်သက်၍ ထိုင်းဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ထိုင်းအစိုးရကို ပြောဆိုသင့်ကြောင်း ဦးထူးချစ်က ပြောဆိုသည်။

ပြန်လမ်းမရှိသေးသူများ

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်သုံးခု ဝန်းကျင်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များလည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် မျှော်လင့်ချက် ကြီးမားနေသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ကိုးခုတွင် မြန်မာဒုက္ခသည် တစ်သိန်းကျော် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် ဒုက္ခသည်စခန်းသို့ သွားရောက်မည် ဖြစ်သော်လည်း သွားရောက်မည့် နေရာနှင့် ပတ်သက်၍ ထိုင်းအစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျက ပြောကြားသည်။
ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ရာ့ခ်ျဘူရီခရိုင်ထဲတွင် ရှိသည့် ထမ့်ဟင်စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟုဆိုကာ မြန်မာသံရုံးက တာဝန်ရှိသူများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လာရောက်လေ့လာခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် တိတိကျကျ သိရှိရမည်ဖြစ်ကြောင်း ကရင်ဒုက္ခသည် ကော်မတီ (KRC) မှ ဒေသဆိုင်ရာ တာဝန်ခံ ဂျွန်စမစ်က ပြောကြားသည်။
“ဒုက္ခသည်အဖြစ်နေတဲ့ အခြေအနေ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် လာပြီးတော့ သူကိုယ်တိုင် မျက်မြင်တွေ့တဲ့ အချိန်မှာ ကျွန်တော်တို့အတွက် တစ်ခုခု လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။
ဒုက္ခသည်များ၏ အကြီးမားဆုံး မျှော်လင့်ချက်မှာ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချနေထိုင်ရန် ဖြစ်ကြောင်း ဒုက္ခသည်များကို မေးမြန်းချက်အရ သိရှိရသည်။
“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နိုင်ငံ ရှိနေတာပဲ။ ကိုယ့်နိုင်ငံမှာ ပြန်နေလို့ ရဖို့တော့ လိုတာပေါ့နော်” ဟု မဲဆောက်မြို့ အနီးရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်နေရသဖြင့် သတ်မှတ်ဧရိယာတွင် နေထိုင်ရပြီး သွားလာခွင့်များနှင့် ပတ်သက်၍ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ နေထိုင်ရကြောင်း ဒုက္ခသည်များထံမှ သိရှိရသည်။
“သူများနိုင်ငံမှာ နေရတာ အခွင့်အရေးနဲ့ ပတ်သက်လို့ ဘာမှမယ်မယ်ရရ မရှိဘူး။ ကိုယ့်နိုင်ငံမှာ ပြန်နေရမှပဲ ကိုယ့်နိုင်ငံက အခွင့်အရေးတွေကို ပြန်လည်ရရှိမှာ။ အဲဒါတွေကို တအားလိုချင်တယ်။ အထူးသဖြင့် အနာဂတ် မျိုးဆက်သစ်တွေ အတွက် ပိုပြီးမျှော်လင့်တယ်” ဟု အုန်းဖျန်ဒုက္ခသည် စခန်းမှ အဆိုပါ ဒုက္ခသည်က ဆိုသည်။

ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက အကောင်းဆုံး ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် နိုင်ငံရေးအရ လုံခြုံစိတ်ချရသည့် အခြေအနေမျိုးဖြစ်ရန် လိုအပ်ကြောင်း ဒုက္ခသည်များကို မေးမြန်းချက်အရ သိရှိရသည်။
“ပြည်တွင်းငြိမ်းချမ်းရေး ရှိမယ်ဆိုရင် အချိန်မရွေး အမိနိုင်ငံတော်ကို ပြန်မှာ။ ပြန်လည်းပြန်ချင်ပါတယ်” ဟု ဂျွန်စမစ်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် လက်ရှိတွင် ဗွက်ထနေပြီ ဖြစ်သော လမ်းများကို ပြန်ပြင်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အုန်းဖျန်ကို ဒေါ်အောင်ဆန်းစုကြည်က ရဟတ်ယာဉ်ဖြင့် လာမည်ဖြစ်ပြီး ပြင်နေသော လမ်းမှာ သူလမ်းလျှောက်ရန် ဖြစ်သည်။
မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဆိုသည့် သတင်းများမှာလည်း ဒုက္ခသည်များကို စိုးရိမ်စေသည်။
“ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ မြန်မာဘက်က မီးစိမ်းပြတယ်၊ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်တယ် ဆိုရင် သူတို့ (ထိုင်းအစိုးရ) ဝိုင်းကူပေးမယ်လို့ ကြားတယ်။ အတင်းအကျပ်တော့ နှင်လွှတ်မယ့် သဘောထား မရှိပါဘူး” ဟု ထိုင်းနိုင်ငံ အခြေစိုက် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဒုက္ခသည်များကို နိုင်ငံတကာက ကူညီမှု အပိုင်းများ လျှော့ချလာသဖြင့် ဒုက္ခသည်များအတွက် အခက်အခဲဖြစ်ကြောင်း ဂျွန်စမစ်က ပြောဆိုသည်။

ငြိမ်းချမ်းရေး


ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အရေး ကိစ္စ ပါဝင်မည်လော။
ထိုင်းခရီးစဉ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုက်ရိုက်ပတ်သက်မှု မရှိနိုင်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ခြင်း မအောင်မြင်ခြင်းမှာ ပြုလုပ်ရန် စီစဉ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံ အပေါ်မှာသာ မူတည်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဦးကျော်ဝင်းက မှတ်ချက်ပေးသည်။
ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် လက်နက်ကိုင်များမှာလည်း အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ဖြစ်သဖြင့် ယင်းခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် အရေးမှာ အဓိက အခန်းကဏ္ဍတွင် ပါဝင်မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
ထိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင်များ အခြေအနေနှင့် ပတ်သက်၍ “အဲဒါက မြန်မာပြည်အောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေပဲ ရှိတာ။ အထူးသဖြင့် အောက်ပိုင်းက လက်နက်ကိုင်အဖွဲ့ အများစုက လက်မှတ်ထိုးပြီးသား အဖွဲ့တွေပဲ။ တွေ့ချင်ရင် အချိန်မရွေး တွေ့လို့ရတာပဲ။ ဟိုဘက်ကလည်း တွေ့ချင်တဲ့စိတ် ရှိပါတယ်။ သူတွေ့ဖို့ပဲလိုတာ” ဟု ဦးကျော်ဝင်းက ပြောကြားသည်။
နိုင်ငံတကာ၏ ဖိအားအောက်သို့ ရောက်ရှိနေသော အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုရှာ ဦးဆောင်သည့် ထိုင်းအစိုးရနှင့် ဒီမိုကရေစီ၏ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှနေ၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး အတွက်သာ ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

သွားချိန်တန်ပြီလော


ထိုင်းအာဏာသိမ်း စစ်အစိုးရကို သိဒ္ဓိတင်ပေးရာ ရောက်သဖြင့် လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ထိုင်းနိုင်ငံသို့ မလာသင့်ဟု ထင်မြင်သူများလည်း ရှိသည်။ မြန်မာနိုင်ငံအကျိုး အတွက် ကြီးကြီးမားမား လုပ်ဆောင်ရမည့် ကိစ္စများ မရှိလျှင် မလာသင့်သေးကြောင်း ဦးအောင်သူငြိမ်းက ပြောကြားသည်။
“ထိုင်းက အခုအချိန်အထိ အာဏာသိမ်း အစိုးရဗျ။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ကမ္ဘာ့ဂုဏ်ဆောင် Icon (အမှတ်သင်္ကေတ) လို့ ပြောလို့ရတယ်။ ဒီလိုလာခြင်းအားဖြင့် အာဏာသိမ်းအစိုးရကို ထောက်ခံလိုက်တဲ့ သဘောဖြစ်မျိုး သက်ရောက်နိုင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
အာဆီယံရေးရာ ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ကဝီကလည်း ကမ္ဘာတွင် ထင်ရှားသည့် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်မှာ နိုင်ငံတကာ၏ ထောက်ခံမှုရရန် အသည်းအသန် ကြိုးပမ်းနေရသည့် စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ဦးဆောင်သည့် ထိုင်းအစိုးရ အတွက်လည်း ‘အား’ ဖြစ်စေကြောင်း The Nation တွင် ရေးသားထားသည်။
သူ့အဆိုအရ ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းသို့ လာခြင်းမှာ အနောက်နိုင်ငံမှ ခေါင်းဆောင်များ ထိုင်းသို့ လာခြင်းထက်ပင် အမှတ်ပိုရမည့် သဘောဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် စီးပွားရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျက ပြောကြားသည်။
စီးပွားရေးကိစ္စ ဆွေးနွေးရာတွင် ထိုင်း-မြန်မာ-ဂျပန် သုံးပွင့်ဆိုင် အကောင်အထည်ဖော်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စ အဓိက ပါဝင်လာဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ပြောဆိုကြသည်။
ထိုင်းတို့အတွက် အရေးပါသော ထားဝယ်စီမံကိန်းကို အလုံးစုံ ပြန်လည်သုံးသပ်ရန် ထားဝယ် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုနေချိန်တွင် ထိုင်းအစိုးရမှာ စီမံကိန်း ပြန်လည်စတင်ရန် တောက်လျှောက်တွန်းအားပေးနေသည်။
ထားဝယ် အထူးစီးပွားရေးဇုန်တွင် မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်သိမှု တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သမ္မတ ဦးထင်ကျော်နှင့် ထိုင်းဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မေလ ၉ ရက်နေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် နယ်စပ်ရေးရာ ကိစ္စများကိုလည်း ဆွေးနွေးမည်ဟု ဦးကျော်ဇေယျက ပြောကြားသည်။

မပြတ်သေးသည့် နယ်မြေအငြင်းပွားမှု


မြန်မာ-ထိုင်း နယ်ခြားသတ်မှတ်ရေး အငြင်းပွားမှုများမှာလည်း ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်သည်။ ပိတ်ထား သည့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အရေးမှာ ထိုင်းနှင့်မြန်မာကြား မဖြေရှင်းနိုင်သေးသည့် နယ်နိမိတ် အငြင်းပွားမှုများအနက် တစ်ခု ဖြစ်နေသည်။
ဘုရားသုံးဆူ နယ်စပ်ဂိတ်ရှိတွင် မြန်မာနယ်မြေများတွင် ထိုင်းနိုင်ငံက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အဝေးပြေးကားလမ်းများ ဖောက်လုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ထိုင်းအနေနှင့် မြန်မာပိုင်နက်ကို အနုနည်းနှင့် ရယူရန် ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး တိုးမြှင့်ရေး စသည့် အကြောင်းပြချက်တို့ဖြင့် ယင်းဂိတ်ကို ဖွင့်လှစ်ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။
အငြင်းပွားမှုဖြစ်သည့် နယ်နိမိတ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လျှင် လက်ရှိနယ်နိမိတ်ကို အသိအမှတ်ပြုရာ ရောက်မည်ပြီး နယ်မြေဆုံးရှုံးနိုင်သဖြင့် နယ်နိမိတ် အငြင်းပွားမှုကို ရှင်းလင်းပြီးမှသာ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့က ကျင်းပသည့် ပြည်သူလွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရ ဖွဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် သွားရောက်မည့် နိုင်ငံခြားခရီးစဉ် ဖြစ်သည့် ထိုင်းခရီးစဉ်တွင် အစိုးရက ကိုင်တွယ်ဖြေရှင်းခဲ့ရမည့် ကိစ္စများစွာ ရှိနေသည်။
မဟာချိုင်တွင် မြန်မာလုပ်သားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည့် နေရာမှာ ဇွန်လ ၁၆ ရက်နေ့အထိ တိတိကျကျ မသိရသေးကြောင်း ခရီးစဉ် စီစဉ်နေသူများထံမှ သိရှိရသည်။ မဟာချိုင် ဘောလုံးကွင်းနှင့် TaLay Thai ဈေးအနီးတွင် ထူးထူးခြားခြား ပြင်ဆင်မှု မတွေ့ရသေးပါ။
ယခုအချိန်တွင် ရေညှိများ စွဲကပ်ပြီး တစ်စုံတစ်ရာ ပြင်ဆင်ထားခြင်း မရှိသည့် ဝရန်တာပေါ်မှ မတ်တပ်ရပ်၍ ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့သည့် လေးနှစ်ကျော်က မိန့်ခွန်းခြွေခဲ့ဖူးသည်။
နိုင်ငံတော်ဧည့်သည် အဖြစ် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် လေးနှစ်နှင့် ယခုအချိန် ကြိုလင့်ပုံချင်းမှာ ခြားနားသွားလေတော့မည်။
အောင်မြင့်ထွန်း
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate