သေဒဏ်ကျ မြန်မာ လုပ်သားနှစ်ဦးက ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်အတွင်း လွတ်မြောက်ရေး အတွက် တောင်းဆိုပေး စေလိုကြောင်း ပြောကြား

သေဒဏ်ကျ မြန်မာ လုပ်သားနှစ်ဦး အကျဉ်းကျ နေသော ထိုင်းနိုင်ငံရှိ ဘန်ခွမ် ဗဟို အကျဉ်းထောင် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ) |
လိပ်ကျွန်း လူသတ် မှုကြောင့် သေဒဏ် ကျခံနေရ သော မြန်မာ လုပ်သား နှစ်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် ၎င်းတို့ မတရား ဖမ်းဆီး ခံရမှုကို လွတ်မြောက်ရေး တောင်းဆိုပေးရန် ပြောကြား လိုက်သည်။
ဘန်ကောက်မြို့ ဘန်ခွမ်အကျဉ်းထောင်၌ လိပ်ကျွန်းလူသတ်မှုကြောင့် အကျဉ်းကျခံနေရသော မြန်မာလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ အား 7Day သတင်းထောက်က ဇွန်လ ၂၁ ရက်တွင် သွားရောက် တွေ့ဆုံစဉ် ၎င်းတို့နှစ်ဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
‘‘အမေစုလာမယ်ဆိုတာ သိထားတယ်။ သူလာမယ်ဆိုလို့ပျော်တယ်။ ဖြစ်နိုင်ရင် အမေစုနဲ့ တွေ့ချင်တယ်။ ကျွန်တော်တို့က အပြစ်မကျူးလွန်ဘူးဆိုတာ ပြောချင်တယ်။ နောက်ပြီး အပြစ်မကျူး လွန်ဘဲ ဖမ်းဆီးခံနေရတာကို အမြန်ဆုံးလွတ်မြောက်အောင် လုပ်ပေးပါလို့ တောင်းဆိုချင် တယ်။ အဲဒီလိုပြောချင်တယ်’’ဟု သေဒဏ်အပြစ်ပေးခံရသူ ဝင်းဇော်ထွန်းက 7Day သတင်း ထောက်အား ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို အကျဉ်းထောင်ရှိ တီဗီသတင်းများတွင် မကြာခဏမြင်တွေ့နေရကြောင်း ၎င်းကဆက်လက်ပြောသည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများသည် ဒေါ်အောင်ဆန်းစု ကြည် လာရောက်ခြင်းကြောင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းကဆိုသည်။
‘‘အမေစုကို အပြင်မှာ မြင်ဖူးတယ်။ ရွေးကောက်ပွဲမှာ အနိုင် ရတယ်လို့ ကြားတော့လည်း ပျော်တယ်။ နောက်ပြီး အခု ထိုင်းကိုလာပြီး အလုပ်သမားတွေနဲ့တွေ့ မယ်လို့ ကြားတော့ ပိုပျော်တယ်။ တောင်းဆိုစရာတွေရှိတယ်။ မဟုတ်ဘဲ အပြစ်ကျခံနေရတာကို လွတ်မြောက်အောင်လုပ်ပေးဖို့ ပြောချင်တယ်။အမေစုနဲ့ မတွေ့ရ ပေမယ့် သူလာမယ့်နေ့မှာ တီဗီကနေ သတင်းစောင့်ကြည့်နေပါ မယ်’’ဟု သေဒဏ်အပြစ်ပေးခံရ သူ ဇော်လင်းက ပြောသည်။
၎င်းတို့နှစ်ဦးသည် လက်ရှိ တွင် ဘန်ခွမ်ထောင်၏ စည်းကမ်းများအတိုင်း လိုက်နာနေထိုင် လျက်ရှိကြောင်း ပြောဆိုသည်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိအောင် လိုက်နာနေပြီး ၎င်းတို့ နှစ်ဦးကို ထောင်သားအချို့က အနိုင်ကျင့်မှုများ ပြုလုပ်လာပါက အမြဲသည်းခံ နေထိုင်ကြောင်း ပြောသည်။
‘‘ကျွန်တော်တို့နှစ်ယောက် စလုံးစာတွေ ဖတ်နေတယ်။ အင်္ဂ လိပ်စာတွေ လေ့လာနေတယ်။ အားကစားတွေလည်း လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ရပ်တည်ပေးတဲ့ မြန်မာပြည်သူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ’’ဟု ဇော်လင်းက ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၃ရက်မှ ၂၅ရက်အထိ ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ဇွန်လ ၂၃ရက်တွင်မဟာချိုင်မြို့ ထလေ ထိုင်းဈေးခန်းမ၌ ရွေ့ပြောင်းမြန်မာလုပ်သားများနှင့် တွေ့ဆုံမည် ဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းလုပ်သားများ တွေ့ဆုံပွဲ တွင် လူဦးရေ ၅၀၀ ခန့်သာ ခန်းမ အတွင်း ၀င်ရောက်တွေ့ဆုံခွင့်ရ မည်ဖြစ်၍ ဦးရာလူစနစ်ဖြင့် ၀င်ခွင့်ပြုမည်ဖြစ်သည်။
ခန်းမအတွင်း ၀င်ရောက်တွေ့ဆုံမည့်သူ များသည် ပတ်စ်ပို့ (သို့မဟုတ်) အလုပ်သမားဖြစ်ကြောင်း ထောက်ခံချက်ပေးထားသည့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ ဖြစ် ရမည်ဖြစ်ပြီး ခန်းမအပြင် ဘက်၌ ပရိုဂျက်တာများဖြင့် ပြသ ပေးမည်ဖြစ်ရာ မည်သူမဆို လာရောက်နားထောင်နိုင်ရန် စီစဉ် ထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်း မောင်က ပြောသည်။
By - ငြိမ်းချမ်း - ထက်အာကာကျော်
....
0 comments:
Post a Comment