Wednesday, 10 August 2016

ရေကြီးမှုကြောင့် ဆန်ဈေးနှုန်း မြင့်တက်မှု စိုးရိမ်ရန်မလိုဟု ဆန်စပါးအသင်းချုပ်ပြော

rice price
နိုင်ငံအတွင်း ဆန်လက်ကျန်တွေ အများအပြား ရှိနေတဲ့အတွက် ရေဘေးကြောင့် ဆန်ဈေးနှုန်းမြင့်တက်မှာကို စိုးရိမ်ဖို့မလိုဘူးလို့ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။
နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးမှု အခြေအနေတွေကြောင့် လယ်ဧက သောင်းနဲ့ချီ ရေနစ်မြုပ်ခဲ့ပါတယ်။
ရေဘေးသင့်ပြီး အကျိုးဆက်အနေနဲ့ လမ်းပန်းဆက်သွယ်ရေးတချို့ ပြတ်တောက်ခဲ့ပေမယ့် ရန်ကုန်ကို ဆန်အဝင်လျော့နည်းတာ မရှိသေးတဲ့အပြင်  ပြည်တွင်းဆန်လက်ကျန်ကလည်း အများအပြား ရှိနေသေးတာကြောင့် ဆန်ဈေးနှုန်းမြင့်တက်မှာကို စိုးရိမ်ဖို့ မလိုဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။
“ပြည်တွင်းမှာ ဆန်စပါးနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံ ဖူဖူလုံလုံ ရှိတယ်။ နောက်တခုကလည်းပဲ ယခင်နှစ်ထက်စာရင် ပြည်ပတင်ပို့မှု ပမာဏလည်း အများကြီး လျော့ကျတာ ဖြစ်တဲ့အတွက် ဆန်လက်ကျန်တွေ ပြည်တွင်းမှာ များတယ်။ ဒီလို ရေကြီးနစ်မြုပ်မှုအပေါ်မှာ အခြေခံပြီးတော့မှ မလိုလားအပ်တဲ့ ကုန်ဈေးနှုန်း မြှင့်တင်တာမျိုးတွေ မဖြစ်အောင်တော့ ကျနော်တို့ ဆန်ကုန်သည်အသင်း အနေနဲ့လည်း ထိန်းကျောင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲတော့ နောက်တခါ စားသုံးသူဘက်ကလည်း ဒါကို စိုးရိမ်ပြီးတော့မှ မိမိလိုတာထက် ပိုပြီးတော့ မ၀ယ်ဖို့တော့ ဒါလေးပဲ ကျနော်တင်ပြချင်ပါတယ်။”

ရန်ကုန်မြို့အတွင်း ဆန်လိုအပ်ချက်က တနေ့ကို  ဆန်အိတ် ၄ သောင်းကနေ ၆ သောင်း  ရှိပါတယ်။
နိုင်ငံအတွင်း တချို့ဒေသတွေမှာ ရေကြီးနေပေမယ့် ဆန်ကြမ်းတအိတ်ကို ကျပ် ၅၀၀ လောက်ပဲ ဈေးတက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်ကုန်သည်တဦးဖြစ်တဲ့ ဒေါ်ချိုချိုလွင်က ပြောပါတယ်။
“အခု ပုံမှန် သူတို့ဝယ်နေတာကတော့ ရေကြီးလို့ တက်တာရယ်လို့ မရှိပါဘူး။ မတက်ပါဘူး။ တက်လည်း အချောကတော့ မတက်ဘူး။ အကြမ်းလောက်ပဲတက်တာ။ အချောကတော့ ဒီစားသုံးသူတွေစားတာ။ ရေကြီးလို့လှူလည်း သူတို့က အကြမ်းပဲလှူတာလေ။ အကြမ်းကတော့ လောလောဆယ်မှာ တအိတ်ကို ပြီးခဲ့တဲ့အပတ်ကနဲ့ အခုအပတ် ၅၀၀ လောက်ပဲ တက်သေးတယ်။”
ရန်ကုန် ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်ကို ဆန်အရောင်းအ၀ယ် လာရောက်ရောင်းချသူတွေဟာ ဧရာဝတီတိုင်းက အများဆုံး ဖြစ်ပါတယ်။
ရေဘေးသင့် ပြည်သူတွေအတွက် ပရဟိတအဖွဲ့တွေ အလှူရှင်တွေက  ဆန်ကြမ်းကိုပဲဝယ်ပြီး ပြန်လည်လှူဒါန်းနေတာကြောင့် ဆန်ကြမ်းဈေးနှုန်းပဲ ဈေးအနည်းငယ် တက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့က ဆန်အကျိုးဆောင် ဦးလှဌေးက ပြောပါတယ်။
“အခုဒီအထဲမှာတော့ သိပ်ပြီးတော့ မြင့်တက်မှုမရှိပါဘူး။ အကြမ်းဈေးကွက်ကသာ နည်းနည်း ၀ယ်လိုအားလေး များလာတယ်။ ဘာကြောင့်များလာလဲဆိုတော့ တချို့ အပေါ်မှာ ရေကြီးတာနဲ့ ပတ်သက်ပြီးတော့ လှူမယ့်တန်းမယ့် ပုဂ္ဂိုလ်တွေကလည်း ပရဟိတအဖွဲ့အစည်းတွေက နေပြီးတော့ လှူကြတယ်၊ တန်းကြတယ်။ အဲဒီအချိန်မှာ သူတို့ အကြမ်းကို ၀ယ်ပြီးတော့ လှူကြတယ်။ အချောကိုတော့ သိပ်မ၀ယ်ကြဘူး။ အကြမ်းဈေးနှုန်းကလည်း ၂ သောင်းအပေါ်မှာပဲ ရှိတာကိုး။ အချောကတော့ ၃ သောင်း အပေါ်မှာဆိုတော့ ဈေးများတယ်လေ။ များတဲ့အခါကျတော့ လှူမယ်ဆိုတော့ ဈေးနိမ့်တဲ့ နိုင်ငံနဲ့ပတ်သက်ပြီး အများစားသုံးတဲ့ အကြမ်းဈေးကွက်က အကြမ်းကိုပဲ သူတို့ ၀ယ်ပြီးတော့ လှူကြတယ်။ အဲဒါကြောင့် ၀ယ်လိုအားက အကြမ်းဈေးမှာ ၀ယ်လိုအား နည်းနည်းများလာတယ်။ များလို့ ဈေးလေးနည်းနည်းတက်လာတယ်။”
မြန်မာနိုင်ငံမှာ ဆန်စပါးစိုက်ဧက ၁၈ သန်းကျော်ရှိပြီး ဧရာဝတီတိုင်းက စိုက်ဧက အများဆုံးဖြစ်ပါတယ်။ တနိုင်ငံလုံးအနေနဲ့ တနှစ်ကို ဆန်တန်ချိန် ၁၅ သန်း ထွက်ရှိနေပါတယ်။
သတင်း –  သူဇာလင်း
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate