Saturday, 6 August 2016

အစေခံကောင်းများသာ ထုတ်လုပ်နိုင်သည့် ကျွန်နိုင်ငံသာဖြစ်နေဟု ဒုဝန်ကြီး ဦးထွန်းဝင်းပြော

မြန်မာနိုင်ငံသည် သယံဇာတ အလွန်ပေါသည့်နိုင်ငံဟု စကားလုံးဖြင့် ပျော်မွေ့နှစ်ခြိုက်နေပြီး အမှန် တကယ်တွင် အရှေ့တောင်အာရှ၌ အစေခံကောင်းများသာ ထုတ်လုပ်ပေးနိုင်သည့် ကျွန်နိုင်ငံဖြစ် နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ဇူလိုင် ၃၁ ရက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင်ပြောသည်။

၎င်းက ''အရှေ့တောင်အာရှမှာမွှေးတဲ့ ဂုဏ်သတင်းကတော့ Myanmar Made ကောင်းတယ်ဆိုပြီး ဖြစ်လာတယ်။ အားလုံးကတော့ ချီးကျူးတယ်ထင်တာ ပေါ့။ မြန်မာမိတ်ဆိုတဲ့နေရာမှာ Made ကို ဘာနဲ့ပေါင်းသလဲဆိုရင် Maid နဲ့ စာလုံးပေါင်းထားတယ်။ Myanmar Maid is good ဆိုတာ မြန်မာအစေခံ၊ အိမ်စေကျွန်တွေဟာ အရှေ့တောင်အာရှမှာ နာမည်ကြီးနေတာ အကောင်းဆုံးဖြစ်နေတာ။ ကျွန်တော်တို့တွေက အစေခံအဆင့်လောက်ပဲထုတ်တဲ့ ကျွန်နိုင်ငံဖြစ်နေတယ်။ ဗိုလ်ချုပ်ပြောတဲ့ ကျွန်နိုင်ငံပါပဲ။ တကယ့် ကျွန်နိုင်ငံ ပါပဲ''ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ၂၀၁၄ လူဦးရေနှင့် သန်းခေါင်စာရင်း မကောက်ယူရသေးချိန်က လူဦးရေ ၆၂ သန်းဖြင့် တွက်ချက် ခဲ့ကြသော်လည်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူပြီးချိန်၌ ၅၂ သန်းသာရှိသည်ဟု ၎င်းက ဆိုသည်။

''စောစောက ကျွန်တော်ပြောတဲ့ ၁၀ သန်း ဘယ်ရောက်သွားလဲဆိုရင် ကျွန်တွေဖြစ်သွားတယ်။ ပတ်ဝန်းကျင် နိုင်ငံမှာ ကျွန်အမျိုးစားပေါင်းများစွာ လုပ်ငန်းပေါင်းများစွာမှာ လုပ်နေရတာပဲ။ ထိုင်း၊ မလေး ရှားတွေမှာ မြန်မာက လေးပုံသုံးပုံလောက်ရှိတယ်။ မွေးမြူရေးလုပ်ငန်းတွေ ကျွန်တော်တို့ဆီမှာရှိသော်လည်း ဖောင်စီးရင်း ရေငတ်နေတယ်။ ကမ္ဘာမှာ နာမည်အကြီးဆုံး မြစ်ဝကျွန်းပေါ်ကိုပိုင်ထားတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ချဉ်သီးပင် အောက် ချဉ်သီးရှားနေတယ်''ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ သယံဇာတပေါကြွယ်ဝသည်ဆိုသည့် စကားလုံးဖြင့် ၅၄ နှစ်ကျော် နေလာခဲ့ပြီး တချိန်က အရှေ့တောင်အာရှ၌ နံပါတ်(၁)ဖြစ်ခဲ့သည့် နိုင်ငံသည် ဆန်စပါးထုတ်လုပ်မှုမှ စတင်ပြီး စီးပွားရေးတွင် နံပါတ်(၁၀)၏ နောက်ဆုံးတွင်သာရှိနေသည်ဟုဆိုသည်။ ယင်းအပြင် သယံဇာတပေါကြွယ်ဝ သည်ဟုသာ ပြောဆိုနေခဲ့သော်လည်း ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းနှင့် ဆန်ချောဈေးသည်ပင် ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ဈေးကြီးပေး၍ စာသုံးနေရသည် ဟု ဆိုသည်။

အရှေ့တောင်အာရှတွင် မြေသယံ ဇာတအပေါကြွယ်ဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက မြေသယံဇာတ အပေါကြွယ်ဝဆုံးဖြစ်သော်လည်း ပြည်တွင်း၌ အကျိုးရှိအောင် အသုံးပြုသည့် ပမာဏသည် ၂၀ ရာခိုင်နှုန်းသော မြေသယံဇာတကိုသာ အသုံးပြုနိုင်သေးသည်ဟုဆိုသည်။

ယခင်အစိုးရ ၅ နှစ် သက်တမ်းအတွင်း စပ်မျိုးစပါးဖြင့်သာ အချိန်ကုန်ခဲ့ပြီး စိုက်ပျိုးသူတွက်ချေမကိုက်သကဲ့သို့ စားသုံးသူလည်းမရှိဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ၁၉၉၀ ကျော်နှစ်များက ၂ ဒသမ ၅ သန်းထုတ်လုပ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင်လည်း ၂ ဒသမ ၅ သန်းသာ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့်တိုး၍ ထုတ်လုပ်နိုင်ခြင်းများ မရှိဟုဆိုသည်။

''ထိုင်းနဲ့ ဗီယက်နမ်က ၈ သန်းနဲ့ ၆ သန်းသွားနေတယ်။ သူတို့ထက် လူဦးရေသန်း ၁၃၀၀ ရှိတဲ့ အိန္ဒိယက ၁၂ သန်းနဲ့ ကမ္ဘာ့ဆန်အများဆုံးပို့တဲ့နိုင်ငံစာရင်းမှာ ရှိတယ်''ဟု ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို နောက်ကျောဓားဖြင့်ထိုးမည့် အဓိကစိန်ခေါ်မှုသည် ရာသီဥတုပြောင်းလဲမှုဖြစ်နေသည်ဟု ဆိုသည်။ သစ်တောသယံဇာတပြုန်းတီးမှုများကြောင့် မိုးရွာလျှင် ရေကြီးနေသည့်အခြေအနေကို ယခင်နှစ်မှ စတင်ရင်ဆိုင်နေရပြီး ယခင်နှစ်က ရေကြီးရေလျှံမှုများကြောင့် ပုစွန် ကန် ခြောက်သိန်း၊ ငါးကန် သုံးသိန်းခွဲရေမြုပ်ခဲ့ရသည်ဟု ဆိုသည်။


ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate