ပအိုဝ်း ရိုးရာကထိန်
ကထိန်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား သည့် ပွဲတော်တစ်ခုဖြစ်ပြီး
ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်ဟု ဆိုရိုးရှိသည့်အတိုင်း ကထိန်သင်္ကန်းကို
လှူဒါန်း ရခြင်းသည် ထူးခြားမွန်မြတ်သော အလှူဖြစ်သည်။
ကထိန်ခင်းခြင်းဆိုသည်မှာ လူများက ခင်းခြင်းမဟုတ်ဘဲ ရဟန်းတော်များက
ခင်းရခြင်း၊ ကထိန်အလှူသည် သံဃိကအလှူဖြစ်၍ တစ်နှစ်လျှင် တစ်ကြိမ်၊
တစ်ကြိမ်လျှင် တစ်ကျောင်းသာ ရက်အကန့်အသတ်အတွင်း ဆင်ယင် ကျင်းပရခြင်း၊
ကထိန်အလှူကြောင့် ရဟန်းတော်များ၏ သီလကို ထောက်ပံ့ရာရောက်ခြင်းစသည့်
ထူးခြားလေးနက် သည့် ဝိသေသလက္ခဏာများနှင့် ပြည့်စုံခြင်းကြောင့်
ဗုဒ္ဓဘာသာဝင်တိုင်းသည် ကထိန်သင်္ကန်းကို သူ့ထက်ငါ အားကြိုးမာန်တက်
စုပေါင်းလှူဒါန်းကြခြင်း ဖြစ်သည်။
ယင်းတို့အနက်မှ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လုံးနဂါးပတ် ကျေးရွာတွင်
နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ရိုးရာကထိန်ပွဲကို
အမှတ်ရဖွယ်များစွာဖြင့် ကိုယ်တွေ့ကြုံခဲ့ ရသည်။ ဗုဒ္ဓဘာသာကို နက်ရှိုင်းစွာ
ယုံကြည်ကိုးကွယ်ကြ သည့် ပအိုဝ်းတိုင်းရင်းသားများ၏ ကထိန်ခင်းသည့်ဓလေ့ သည်
ထူးခြား၍ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါ သည်။
လုံးနဂါးပတ်ကျေးရွာ
လုံးနဂါးပတ်ကျေးရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တွင်တည်ရှိပြီး
နဂါးအမောက်သဏ္ဌာန် ကျောက်တုံးပေါ် တွင် တည်ထားသော စေတီကိုအစွဲပြုကာ
လုံးနဂါးပတ် ကျေးရွာဟု ခေါ်ဆိုခဲ့ကြောင်း သိရသည်။
ရွာ၏ဘေးပတ်လည်တွင် စိမ်းလန်းသော တောင်ကုန်း တောင်သွယ်များဖြင့်
ဝန်းရံနေပြီး အေးမြသော ရာသီဥတု ရှိသည့် ရွာလေးတစ်ရွာဖြစ်သည်။
ကျောက်တုံးကြီးများ ပေါ်တွင် ထူးခြားဆန်းကြယ်စွာ တည်ထားသော စေတီတော်နှင့်
ဆုတောင်းပြည့်သည်ဆိုသည့် ခရုဖင်ပြတ် ရေကန်ရှိခြင်းကြောင့် နှစ်စဉ်
လုံးနဂါးပတ်ကျေးရွာသို့ အနီး ဝန်းကျင်မှ ပအိုဝ်းတိုင်းရင်းသားများ
လာရောက်လည်ပတ် ကြသည်။ စုပေါင်းကာ ဗုဒ္ဓဘာသာပွဲလမ်းသဘင်များကို
စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ယခုနှစ်တွင်လည်း တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း
သဘာဝခေါ်သံဖောင်ဒေးရှင်း၏ မတည်မှုဖြင့် အနီးမှကျေးရွာများ စုပေါင်းကာ
ကထိန်ပွဲကြီး ကို ကျင်းပခဲ့သည်။ ထိုကထိန်ပွဲကြီးတွင် ပအိုဝ်းတိုင်းရင်း
သားများ၏ ဘာသာ သာသနာအပေါ်တွင် လွန်စွာရိုသေ ကိုင်းရှိုင်းမှု၊
စည်းလုံးညီညွတ်မှုများကို မြင်တွေ့ခဲ့ရသည်။ ထို့ပြင် ရိုးရာဝတ်စုံများကိုသာ
တူညီနှစ်သက်စွာ ဝတ်ဆင် ကြသည့် ပအိုဝ်းတိုင်းရင်းသားများ၏ ဖော်ရွေပျူငှာမှု၊
ယနေ့တိုင် ရိုးရာဓလေ့များကို ထိန်းသိမ်းနိုင်မှု၊ ကထိန် ပွဲတော်
ကျင်းပရာတွင်လည်း ပျော်ရွှင်တက်ကြွစွာ သီဆို ကခုန်ကြရင်း
ဆင်ယင်ကျင်းပခဲ့ပုံများကို မြင်တွေ့ခဲ့ရသည်။
မြတ်နိုးဖွယ်ရာ အစဉ်အလာ
ကထိန်ပွဲမကျင်းပမီ အကြိုညတွင် ကျေးရွာရှိ လူပျို ခေါင်း၏နေအိမ်၌ ရွာရှိ
အပျို၊ လူပျိုများအားလုံး စုရုံးကြရ ပြီး နောက်တစ်နေ့ နံနက်တွင်
ဘုရားရှင်အား ဆက်ကပ်မည့် ဆွမ်းတော်ပွဲများကို ပြင်ဆင်ကြရသည်။ ထိုသို့
ပြင်ဆင်ချိန် တွင် ပအိုဝ်းရိုးရာတေးသီချင်းများ သီဆိုကြရင်း လူပျိုများ က
အပျိုလေးများအား ချစ်ခွင့်ပန်နိုင်သည့် အခွင့်အရေး တစ်ရပ်ကို
ပအိုဝ်းရိုးရာဓလေ့တစ်ခုအဖြစ် အစဉ်အဆက် ဖန်တီးခဲ့ကြသည်။
ကာလသား လူပျိုများက မိမိချစ်ခင်နှစ်သက်မိသော အပျိုမိန်းကလေး၏ အနီးသို့သွား၍
စကားစမြည် ပြောဆို ရင်း ချစ်ခွင့်ပန်ရာတွင် မိန်းကလေးက သဘောတူနှစ်သက် ပါက
လူငယ်ကာလသားကို မိမိအိမ်၏ မီးဖိုခန်းတွင် အဖန် ရည်အတူသောက်သုံးရန်
ဖိတ်ခေါ်နိုင်ပြီး လွတ်လပ်စွာ စကားပြောဆိုနိုင်လေသည်။
အကယ်၍ မိန်းကလေးက သဘောမကျပါက ထို လူငယ် မိမိအိမ်သို့လာချိန်တွင်
အိမ်တံခါးကို ပိတ်ထားပြီး ငြင်းဆန်နိုင်ခွင့်လည်း ရှိသည်။ ယင်းဓလေ့ကို
မည်သည့် အချိန်မှ စတင်ခဲ့သည်ဟု မသိရှိရသော်လည်း ယနေ့တိုင် မြတ်နိုးဖွယ်ရာ
အစဉ်အလာတစ်ခုအဖြစ် ပအိုဝ်း တိုင်းရင်းသားများက လက်ခံကျင့်သုံးလျက်ရှိကြသည်။
ဆွမ်းတော်ပွဲ ပြင်ကြရာဝယ်
ဆွမ်းတော်ပွဲပြင်ရာတွင် ဒေသထွက် အသီးအနှံများ ပေါ်တွင် အလှဆင်၍
ခေတ်ပေါ်အစားအစာများ၊ အမွှေးတိုင်များကိုလည်း ထည့်သွင်းလေ့ရှိကြသည်။ ထိုသို့
ပြင်ဆင်ရာတွင် အများအားဖြင့် ပိုင်းဖြတ်ထားသော ဂေါ်ဖီ ထုပ်များ၊
ဂေါ်ရခါးသီးများပေါ်တွင် အမွှေးတိုင်များ၊ ချိုချဉ်သကြားလုံးများ၊
ပေါင်မုန့်များ၊ ဆေးလိပ်များကို တုတ်တံများဖြင့်သီ၍ အလှဆင်ထားကြသည်။
ထို့ပြင် ကွမ်းအစ်များ၊ သောက်တော်ရေများ၊ ရောင်စုံ ပန်းများကို
လင်ပန်းများနှင့် ကလပ်များပေါ်တွင် တင်ထား သည်။ ထိုသို့ လူပျိုခေါင်းအိမ်၌
လူပျို၊ အပျိုလေးများက ဆွမ်းတော်ပွဲအတွက် ပြင်ဆင်နေကြချိန်တွင် ကျောင်းဝင်း
အတွင်း၌ ရွာသူ၊ ရွာသားများ စုစည်းကာ အိုးစည် ဗုံမောင်းများ တီးမှုတ်၍
ပအိုဝ်းရိုးရာ တေးသီချင်းများ သီဆိုကာ ကခုန်နေကြလေသည်။
ဆွမ်းတော်ကပ်လှူပွဲ
နောက်တစ်နေ့ နံနက်စောစောတွင် ရွာသူ၊ ရွာသား များ အားလုံးသည်
ကထိန်ပွဲကျင်းပမည့် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ကြပြီး ရှေးဦးစွာ
ဆွမ်းတော်ကပ် လှူပွဲ ကျင်းပနိုင်ရန် ပြင်ဆင်ကြသည်။ ယခင်နေ့များက
ပြင်ဆင်ထားပြီးသော ဆွမ်းတော်ကြီးတင်လှူဖွယ်ပစ္စည်းများကို ယူဆောင်လာကြသည်။
ဆွမ်းတော်ကြီး လှည့်လည်ပူဇော်ရာတွင် ရှေ့ဆုံးမှ သာသနာ့အလံကို
ကိုင်ဆောင်ထားပြီး နောက်တွင် အိုးစည်ဗုံမောင်းများ တီးခတ်သော လူငယ်များက
လိုက်ပါလာသည်။
ယင်းတို့နောက်တွင် ကထိန်သင်္ကန်းကို ကနက္ကဒဏ် ထီးဖြူနှစ်လက်မိုး၍
ပင့်ဆောင်လာပြီး ဆွမ်းတော်ဗန်း များကို ကိုင်ဆောင်ထားသည့်
မိန်းကလေးများနှင့် ယောက်ျားလေးများက လိုက်ပါကာ လုံးနဂါးပတ် စေတီတော်အား
လှည့်ပတ်ပူဇော်ကြရသည်။ ရွာလမ်း တစ်လျှောက် လှည့်လည် ပူဇော်အပြီး
ဘုန်းတော်ကြီး ကျောင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ဆွမ်းတော်တင်မည့်
လှူဖွယ်ပစ္စည်းများကို ဗုဒ္ဓရုပ်ပွားတော်ထံ ဆက်ကပ်လှူဒါန်း ရမည်ဖြစ်သည်။
ထိုအချိန်တွင် ဆွမ်းတော်ဗန်း သယ်ဆောင်လာသူ မိန်းကလေးများက ကျောင်းဝ၌
တန်းစီရပ်နေသော အမျိုးသားလူငယ်များထံ လက်ဆင့်ကမ်းကြရသည်။ လက်ဆင့်ကမ်းရာတွင်
မိန်းကလေးများသည် ရိုသေစွာ ဒူးထောက်၍ မိမိလက်ဆင့်ကမ်းမည့်
လှူဖွယ်ပစ္စည်းအား နဖူးနှင့်တိုက်ပြီးမှ အမျိုးသားလူငယ်ထံ ပေးအပ်သည်။
ထိုအမျိုးသားမှတစ်ဆင့် အဆင့်ဆင့်လက်ဆင့်ကမ်း၍ ဘုရားခန်းတွင်
ပူဇော်ထားရှိသည့် ဗုဒ္ဓရုပ်ပွားတော်ထံ ကပ်လှူကြသည်။
ပအိုဝ်းရိုးရာကထိန် သို့မဟုတ် လုံးနဂါးပတ်ကထိန်
ဆွမ်းတော်လှည့်လည်ပွဲကြီး ကျင်းပပြီးနောက် ခေတ္တ နားကာ ကထိန်ပဒေသာပင်
လှည့်လည်ကျင်းပရန် ရွာသူ၊ ရွာသားများ စုပေါင်းကာ ပြင်ဆင်ကြတော့သည်။ ပအိုဝ်း
တိုင်းရင်းသားတို့၏ ကထိန်ပဒေသာပင်သည် မြေပြန့်နှင့် မတူ
တစ်မူထူးခြားလို့နေသည်။
အရှည် ၁၈ တောင်ခန့်ရှိသော ဝါးလုံးစိမ်းများကို ထောင်လျက်
စုစည်းချည်နှောင်ကာ အခြေတွင် ထမ်းစင် သဏ္ဌာန်ပြုလုပ်ကြသည်။ ဝါးဖြင့်
ပြုလုပ်ထားသော ယင်း ပဒေသာပင်၏ ထိပ်ဆုံးတွင် ဘုရားထီးတစ်လက် မိုးထား သည်။
ဘုရားထီး၏အောက်တွင် မြေပြန့်အခေါ်အရ ပန်းဆိုင်းလှည်း သုံးခုကို အပေါ်အောက်
အကွာအဝေး အနည်းငယ်စီခြားလျက် ဆင့်ထားသည်။ အောက်တွင် ဘုရားထီးတော်
ခြေပုံစံအဝိုင်းတစ်ခုကို အလှဆင်ထားပြီး လေးဘက်ပတ်လည်တွင်
လှူဖွယ်ပစ္စည်းမျိုးစုံကို ချိတ်ဆွဲ ထားသည်။
ကထိန်ပဒေသာပင် လှည့်လည်ရာတွင်လည်း ဆွမ်းတော်ကြီးလှည့်သကဲ့သို့ပင်
ရှေ့ဆုံးမှ သာသနာ့အလံ ကိုင်ဆောင်ထားသူက ဦးဆောင်ပြီး ကထိန်သင်္ကန်းကို
ထီးဖြူမိုးကာ နောက်မှ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် မိန်းကလေးများက
လိုက်ပါလာကြသည်။ ယင်းတို့နောက် တွင် ပဒေသာပင်ကို ပင့်ဆောင်လာကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ကထိန်ပဒေသာပင်သည် ဝါးလုံးများစွာဖြင့်
ပြုလုပ်ထားခြင်းကြောင့် အလွန်လေးလံ လှသဖြင့် အားကောင်းသော အမျိုးသား ၂ဝ မက
ထမ်းပိုး သယ်ဆောင်ကြရသည်။ ယင်းအမျိုးသားများသည် ထိုသို့ ပဒေသာပင်ကို
ထမ်းပိုးထားလျက်က ပအိုဝ်းရိုးရာ သီချင်းများ သီဆိုကာ
အပြိုင်အဆိုင်ကခုန်လျက် လိုက်ပါ လာကြသေးသည်။ ပဒေသာပင်နှစ်ခုကို
တစ်ခုနှင့်တစ်ခု ခေါင်းချင်းဆိုင်တိုက်၍သော်လည်းကောင်း၊ ရှေ့တိုး နောက်ဆုတ်
ရိုးရာသီချင်းများ သီဆိုအော်ဟစ်၍သော် လည်းကောင်း၊ ပဒေသာပင်ကို
ထမ်းထားလျက်က လှည့်ပတ် ကခုန်၍သော်လည်းကောင်း ပင့်ဆောင်လာကြသည်။
ပအိုဝ်းရိုးရာကထိန်တွင် မိန်းကလေးများသာသယ်ပိုးသည့် ပဒေသာပင်
ငယ်လေးများလည်း ပါရှိသည်ကို ထူးခြားစွာ တွေ့မြင်ရသည်။ ယင်းပဒေသာပင် များကို
မိန်းကလေး ရှစ်ဦးက အလှည့်ကျ ထမ်းပိုးလျက် အမျိုးသား ပဒေသာပင်
များနှင့်အပြိုင် သီဆိုကခုန်ကာ ပင့်ဆောင်သယ်ယူလာကြသည်။
ထိုမျှမကသေး လှည့်လည်ပြီး၍ လှူဒါန်းမည့်ကျောင်းသို့ ရောက်ရှိ လာချိန်တွင်
ပဒေသာပင်များကို ထမ်းပိုးလျက်ပင် ကျောင်းဝင်းအတွင်း
ရွာသူရွာသားအားလုံးနှင့်အတူ ပျော်ရွှင်စွာ ကခုန်ကြလေသည်။ ကခုန်ချိန်တွင်
နေပူဒဏ်ကို ဂရုမပြုဘဲ ပျော်ရွှင်စွာပင် ပအိုဝ်းရိုးရာတေးသီချင်းများကို
သီဆို၍ အိုးစည်ဗုံမောင်းများ တီးခတ်ကခုန်ကြသည်။
ဂမုန်းရွက်ရှည်များဖြင့် လက်အုပ်ချီ
ဆွမ်းတော်ကြီးလှည့်ပွဲနှင့် ကထိန်လှည့်ပွဲပြီးမြောက်၍ ကထိန်အနုမောဒနာ
တရားတော်နာယူရန် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများသည် ဘုန်းတော်ကြီး
ကျောင်းတွင် စုစည်းရောက်ရှိနေကြသည်။ တရားတော်ကို ပအိုဝ်းဘာသာ၊
မြန်မာဘာသာများဖြင့် ကြည်ညိုစွာ နာယူကြသည်။ တရားနာယူနေချိန်တွင်
ဂမုန်းရွက်အရှည်များကို ကိုင်ဆောင်လျက် လက်အုပ်ချီထားကြသည်။
ထိုမြင်ကွင်းကို မြင်တွေ့ရသည်မှာ ဘုရားရှင်အား ပန်းဖြင့်ကြည်ညိုစွာပူဇော်
သည်ဟု ယူဆနိုင်ဖွယ်ရှိပါသည်။
ယင်းကြောင့်ပင် ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာအပေါ် အလွန်ပင်
ကြည်ညိုကိုင်းရှိုင်းကြပြီး ဗုဒ္ဓ၏တရားတော်များကို သဒ္ဓါတရား ထက်သန်စွာဖြင့်
အလေးအနက်ထား အာရုံစူးစိုက်ကာ နာယူကြသူများ ဖြစ်ကြ သည်ကို မြင်တွေ့ခဲ့ရသည်။
ထို့ပြင် လုံးနဂါးပတ်ကျေးရွာတွင် ဗုဒ္ဓဘုရားရှင်မှလွဲ၍ အခြားသော
နတ်ကိုးကွယ်မှုများ မရှိကြောင်းကိုလည်း သတိပြုမိခဲ့သည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာကထိန်ပွဲတော်သည် ဒေသအလိုက် ပြင်ဆင်ပုံ
ကွာခြားနိုင်ကြသော်လည်း ပအိုဝ်းတိုင်းရင်းသားတို့၏ အချင်းချင်း
စည်းလုံးညီညွတ်မှု၊ ရိုးရာဓလေ့များကို ယနေ့တိုင်
ထိန်းသိမ်းထားနိုင်စွမ်းရှိမူ၊ ဗုဒ္ဓဘာသာအပေါ် သဒ္ဓါကြည်ညိုထက်သန်မှု၊ ဘာသာစကား
မပေါက်သော် လည်း ရိုးသားဖြူစင်စွာ ဖော်ရွေပြောဆို ဆက်ဆံမှုများကို
ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်မှာ စိတ်ဝယ် ဖရဏာပီတိ ဂွမ်းဆီထိမျှ
ကြည်နူးခဲ့ရပါတော့ သည်။ ။
ခင်ဇာလီ၊ ဓာတ်ပုံ-မီချီကိုဟန်
The Mirror Daily




0 comments:
Post a Comment