၂၀၂၀ ခုနှစ် အထည်ချုပ် ကဏ္ဍတွင် အလုပ်သမား ၁ သန်းမှ ၁.၅ သန်းထိ အလုပ် လုပ်ကိုင် နိုင်မည့် အခွင့် အလမ်းများ ပေါ်ပေါက် လာမည်ဟု ခန့်မှန်း
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)အထည်ချုပ်လုပ်ငန်း အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင် အသိပေးရှင်းလင်းပွဲအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံရုံးတို့ ပူးပေါင်း၍ ရန်ကုန်မြို့၌ ဧပြီ ၂၈ ရက်တွင် ကျင်းပခဲ့ရာတွင် ပြည်ထောင်စု ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ် အထည်ချုပ် ကဏ္ဍတွင် အလုပ်သမား ၁ သန်း မှ ၁.၅ သန်းထိ အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း များ ပေါ်ပေါက် လာမည်ဟု ခန့်မှန်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။
ထို့ အတူ ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ မှ ၁၀ ဘီလီယံထိ တိုးလာမည်ဟု ခန့်မှန်း ထားပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် အလေ့အထကောင်းများ အတိုင်း ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ် စွမ်းအားနှင့် အရည်အသွေး မြင့်တက် လာပြီး ဥရောပ၊ အမေရိကကဲ့သို့ နိုင်ငံတကာ ဈေးကွက်ကြီးများသို့ တိုးမြှင့် တင်ပို့နိုင်မည် ဖြစ်ကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။
အထည်ချုပ် လုပ်ငန်းများအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင်တွင် အထည်ချုပ် လုပ်ငန်းများ၌ အဓိကဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ၊ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမား များအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သင့်သည့် အချက်များ ဖော်ပြထားကြောင်း၊ အထည်ချုပ် လုပ်ငန်းများ သာမက အခြားလုပ်ငန်းများရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများပါ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ကိုးကားအသုံးပြုနိုင်သည့် လမ်းညွှန်စာစောင်ဖြစ်၍ များစွာ အကျိုးရှိစေမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။အထည်ချုပ် ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက် အကူပြုနေသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။(Xinhua)


0 comments:
Post a Comment