(၃)ရက်သားအရွယ် ကလေးငယ် ခိုးယူသွားသူကို အမြန်လမ်းမှာ ဖမ်းမိ
မြင်းခြံပြည်သူ့ဆေးရုံမှာ ပျောက်သွားတဲ့ (၃)ရက်သားကလေးငယ် ခိုးယူသွားသူကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ (၁၀)ရက် ညနေ(၃)နာရီက မြင်းခြံမြို့နယ် သိမ်ရွာကျေးရွာက ဦးခင်မောင်ဆင့်နဲ့ ဒေါ်ဝင်းစန္ဒာတို့ရဲ့ သားဖြစ်သူ အသက်(၃)ရက်အရွယ် မွေးကင်းစ ကလေးငယ်ဟာ အသားရောင်အသားဝါ ရောဂါကို ကာကွယ်ဖို့ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေရာက အမျိုးသမီးတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို မြင်းခြံမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး လိုက်လံစုံစမ်းရာ ဇွန်လ(၁၁)ရက် မနက် (၁)နာရီခန့်မှာ မသင်္ကာတဲ့ အမျိုးသမီးကို မြင်းခြံကနေ ရန်ကုန်ကို သွားတဲ့ ရွှေမန်းသူကားပေါ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။ မနက်(၈)နာရီ မှာတော့ ခိုးယူခဲ့သူအမျိုးသမီးနဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူကိုခေါ်ပြပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
ကလေးငယ်ကို ခိုးယူခဲ့သူဟာ မြင်းခြံမြို့ မီးရထားဝန်း အမှတ်(၁၇)မှာနေတဲ့ အသက်(၄၂)နှစ်အရွယ် ဒေါ်မြင့်မြင့်မော်ဆိုသူဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းက ဥပဒေအရ ဆက်လက်ဆောင်ရွက်နေပါတယ်။
သတင်း - ဘိုဘို(မလှိုင်)(5 Plus News)
https://www.facebook.com/5plusnews/
0 comments:
Post a Comment