ကျောင်းချိန်အတွင်း ရခိုင်ဘာသာစာပေကို သင်ကြားခွင့်မရသေး
မွန်ပြည်နယ် တွင် မွန်၊ ကရင်၊ ပအိုင်းစာပေများကို ကျောင်းချိန်အတွင်း လာမည့် ဇွန်လမှ စပြီး စတင် သင်ကြားတော့မည် ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ကျောင်းချိန်အတွင်း သင်ကြားရန် အစီစဉ် မရှိသေးကြောင်း သတင်း ရရှိသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်နယ် ရခိုင်ဘာသာ စာပေကို သင်ကြားနေတာ ၂ နှစ်ရှိပါပြီ။ ဒါပေမယ့် ကျောင်းချိန်အတွင်း မဟုတ်ပါဘူး။ ကျောင်းချိန်ပြင်ပမှသာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျောင်းချိန်အတွင်း သင်ကြားရန် အစီအစဉ် မရှိသေးပါ” ဟု ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေး ဦးမောင်သာက နိရဉ္စရာသို့ ပြောဆိုသည်။
တိုင်းရင်းသား မွန်၊ ကရင်နှင့် ပအိုင်းစာပေများကို မွန်ပြည်နယ်
စာသင်ကျောင်းများတွင် ကျောင်းချိန်အတွင်း ဇွန်လမှ စတင်သင်ကြားတော့မည် ဖြစ်ကြောင်း ဦးသက်ဝင်း ( ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး)မှ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာ စာပေ သင်ကြားရေး အစည်းအဝေး ပြောကြားခဲ့သည်။
ယင်းသတင်းကို ရရှိပြီးနောက် ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာနသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် လက်ထောက်ညွှန်ကြားရေးမှူးက ထိုသို့ ဖြေကြားသွားခြင်း ဖြစ်သည်။
တိုင်းရင်းသားဘာသာစာပေကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရဘဲ ကျောင်းချိန်ပြင်ပတွင် သင်ကြားပါ ထိရောက်မှု ရှိပါသလားဟု မေးမြန်းရာ လက်ထောက် ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးက ယခုလို ပြောဆိုသည်။
“ မိခင်ဘာသာစကားဆိုတော့ ကလေးတွေက စိတ်ဝင်စားကြပါတယ်။ တတ်မြောက်လွယ်တဲ့ အတွက် အကျိုးရှိပါတယ်။ လောလောဆယ်မှာတော့ ကျောင်းချိန်ပြင်ပ ကျောင်းချိန် မတိုင်မီ နံနက်ပိုင်း မဟုတ်ရင်၊ ညနေ ကျောင်းဆင်းချိန်ပြီးရင် သင်ကြားပေးပါတယ်။ သံတွဲတို့၊ ဂွမြို့နယ်တို့မှာလည်း သင်ကြားကြပါတယ်” ဟု ဆိုသည်။
ရခိုင်ဘာသာ စာပေကို ကျောင်းချိန်အတွင်း မသင်ကြားဘဲ ကျောင်းချိန်ပြင်ပတွင် သင်ကြားခြင်းမှာ တရားဝင် အသိအမှတ်ပြုရာ မရောက်သဖြင့် မွန်ပြည်နယ်မှာကဲ့သို့ ကျောင်းချိန်အတွင်း သင်ကြားရန် မဖြစ်နိုင်ပါလားဟု ဆက်လက် မေးမြန်းရာ ထိုကဲ့သို့ သင်ကြားမည်ဆိုလျှင် အထက် တာဝန်ရှိသူများနှင့် ဆွေးနွေးရန် လိုအပ်ကြောင်း ပြောဆိုသည်။
ရခိုင်ဘာသာစကား သင်ကြားရေးအတွက် အခုအခါ မူလတန်းအဆင့် ကျောင်းသုံးစာအုပ်များကို ပြုစု ပြဌာန်းထားပြီး ဖြစ်သော်လည်း သင်ကြားရေးအပိုင်းတွင် ကျောင်းချိန်ပြင်ပတွင် ဖြစ်နေသဖြင့် ၀တ်ကျေ တန်းကျေ သင်ကြားနေကြ၍ အောင်မြင်မှု မရဘဲ ဖြစ်နေသည်ဟု သတင်းများ ရရှိသည်။


0 comments:
Post a Comment