ငှက်ပစ်သူ ကရင်သုံးဦးအမှု ဘာသာစကားခက်ခဲ
| ကျေးငှက်သားကောင်များ ပစ်ခတ်ဖမ်းဆီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူထားသော ကရင်အမျိုးသား သုံးဦး ဖြစ်ပါသည်။ (ဝဲ မှ ယာ) ဆာဝါး (၆၀ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ပက်တီ ပူး (၅၄ နှစ်) |
မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးလ်မြို့ရှိ အများပြည်သူ ပန်းခြံတစ်ခုအတွင်း
လေးခွဖြင့် ငှက်ပစ်သောကြောင့် ဖမ်းဆီးအရေးယူခံထားရသော
ကရင်အမျိုးသားသုံးဦးအမှုသည် ဘာသာစကား အခက်အခဲကြောင့် တရားသူကြီးက
ကြားနာစစ်ဆေးမှုကို ရက်ရွှေ့ဆိုင်းလိုက်ရပါသည်။
အမှုဖြစ်ပွားပုံမှာ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့က
စပရင်းဖီးလ်မြို့၊ ဖောရက်စ်ပတ်ခ် အများပြည်သူပန်းခြံတွင်
အမျိုးသားသုံးဦးသည် ကျေးငှက်တိရစ္ဆာန်များကို လောက်လေးခွဖြင့်
ပစ်ခတ်သတ်ဖြတ်နေကြောင်း ပန်းခြံသို့ လာသူများက တွေ့ရှိသဖြင့် နေ့လယ် ၂း၁၅
နာရီတွင် ရဲထံ ဖုန်းဆက်တိုင်ကြားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန် ပြည်ထောင်စုသို့
ရွှေ့ပြောင်းလာသူများ ဖြစ်သော ပက်တီ ပူး (၅၄ နှစ်)၊ ခဲနီ မူး (၃၈ နှစ်)
နှင့် ဆာဝါး (၆၀ နှစ်) တို့ထံမှ လောက်လေးခွ၊ လောက်စာလုံးအဖြစ် အသုံးပြုသော
ကျောက်ခဲများ၊ မူလီခေါင်းများကို တွေ့ရှိသဖြင့် ရဲက ဖမ်းဆီးခဲ့ပါသည်။
၎င်းတို့၏ အိတ်များထဲတွင် လိပ်အသေများ၊ ဖားများနှင့် ငှက်များကို
တွေ့ရှိခဲ့သည်။
တိရစ္ဆာန်များကို ညှဉ်းပမ်းမှု၊ ငြိမ်သက်အေးချမ်းမှု ထိခိုက်အောင်
လေးခွလက်နက်ကိုင်ဆောင်မှု၊ အမဲပစ်လိုင်စင် ခွင့်ပြုချက်မရှိဘဲ
ကျေးငှက်သားကောင် ပစ်ခတ်ဖမ်းဆီးမှုတို့ဖြင့် ကရင်အမျိုးသား သုံးဦးကို ရဲက
အချုပ်ချ ဖမ်းဆီးခဲ့သည်။ စပရင်းဖီးလ်မြို့တွင် မည်သည့်နေရာမှာမှ သားကောင်
ပစ်ခတ်ဖမ်းဆီးခွင့် မရှိပေ။
နောက်တစ်နေ့တွင် ၎င်းတို့ သုံးယောက်အား တရားရုံးတင်၍
ဖမ်းဆီးချုပ်နှောင်ခွင့်ရရှိရန် ရဲက တင်ပြတောင်းဆိုခဲ့သည်။ သို့ရာတွင်
အမှုကို ကြားနာစစ်ဆေးရန် ကရင်စကားပြန် လိုအပ်သောကြောင့်
နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။
အခြားအရပ်ဒေသမှ ကရင်စကားပြန်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး
အမှုစစ်ဆေးရာမှာလည်း တယ်လီဖုန်းအသံ အလွန်တိုးပြီး မကြားရသောကြောင့် အခက်အခဲ
ဖြစ်နေပါသည်။
တရားသူကြီး ဝီလီယမ် ဘွိုင်းလ်က တရားခံများသည် မိမိတို့ဖာသာ
ရှေ့နေငှားနိုင်ကြောင်း၊ သို့မဟုတ် တရားရုံးက ခေါ်ယူတာဝန်ပေးမည်
ဖြစ်ကြောင်း၊ သို့မဟုတ် မိမိတို့ကိုယ်တိုင် ထုချေလျှောက်လဲနိုင်ကြောင်း
ရှင်းလင်းပြောပြပြီး ရွေးချယ်စေရာ ၎င်းတို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်၍
အဖြေမပေးနိုင်ဘဲ ဖြစ်နေ၏။
ကရင်အမျိုးသားသုံးဦး၏ အမှုကြားနာခြင်းသည် သာမန်အမှုထက် အချိန် ၅ ဆ
ပိုမိုကြာမြင့်ကာ အခြား အချုပ်တရားခံ ၁၂ ဦးလည်း စောင့်ဆိုင်းနေရသောကြောင့်
တရားသူကြီးက ဇွန်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ရသည်။ ထိုနေ့
ရုံးချိန်းတွင် တရားရုံးက ကရင်စကားပြန် ရှားထားရမည် ဖြစ်၏။
အမှုလိုက် ဥပဒေအကျိုးဆောင် ရှေ့နေက အာမခံငွေ တောင်းခံခြင်းမရှိဘဲ
နောက်ရုံးချိန်းအထိ လွှတ်ပေးရန် တင်ပြခဲ့သည်။ အမှုအတောအတွင်း
တရားခံသုံးဦးသည် စပရင်းဖီးလ်မြို့ရှိ မည်သည့် အများပြည်သူပန်းခြံသို့မှ
မသွားရန် တရားရုံးအမိန့်ဖြင့် တားမြစ်ထားသည်။
အခြားနိုင်ငံများသို့ ပြောင်းရွှေ့အခြေချသော မြန်မာများသည်
အလားတူအမှုမျိုးဖြင့် မကြာခဏ ဖမ်းဆီး အရေးယူခံကြရပါသည်။
အချို့ပြည်နယ်များတွင် ကျေးငှက်သားကောင်လေး တစ်ကောင် သေဆုံးဒဏ်ရာရရှိပါက
တစ်ကောင်လျှင် ဒေါ်လာ ၂,၅၀၀ အထိ ဒဏ်ငွေတပ်ရိုက်နိုင်သည်။
http://kabarthit.com/index.php?option=com_content&view=article&id=666:2015-05-30-01-26-57&catid=8:2013-10-13-17-09-02&Itemid=214
http://kabarthit.com/index.php?option=com_content&view=article&id=666:2015-05-30-01-26-57&catid=8:2013-10-13-17-09-02&Itemid=214


0 comments:
Post a Comment