စစ်တွေမြို့တွင် အလယ်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး

(အသက်ထင်ရှားနေစဉ်က မအေးအိနြေ္ဒ ဆုယူနေစဉ် )
စံမောင်သန်း- စစ်တွေ၊ ဇူလိုင် ၁
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဒြားချိတ်ရပ်ကွက်နေ ပဉ္စမတန်းကျောင်းသူတစ်ဦး ဇွန်လ ၂၇ ရက်နေ့နံနက်က ရေနစ်သေဆုံးကြောင်း သိရသည်။
သေဆုံးသူမှာ အဖဦးမောင်ကျန်ဌေး၊ အမိ ဒေါ်မမြင့်နိုင်တို့၏ သမီးကြီး အသက် ၁၂ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ မအေးအိနြေ္ဒဖြစ်ကြောင်းသိရသည်။
သေဆုံးပုံမှာ ဇွန်လ ၂၇ ရက်နေ့နံ ၉ နာရီခန့်တွင် သူမသည် အဖေါ်တစ်ဦးနှင့် အနီးအနားရေကန်မှ သောက်ရေသွားခပ်စဉ် ရေခဏဆင်းကူးမည်ဟု ပြောပြီး၊ ရေကူးရာမှ ရေနစ်ခဲ့သည်ဟု သိရသည်။
သူမ၏အဖေါ်မိန်းကလေးသည် အနီးအနားရှိ ဘုန်းကြီးကျောင်းမှ သူမသူငယ်ချင်း ရေနစ်နေသည့်အကြောင်း သွားပြောပြီး ကိုရင်လေးများရောက်သောအခါ ရေစပ်တွင် သတိမေ့ကို တွေ့ရကြောင်း မအေးအိနြေ္ဒ၏ ဆွေးမျိုးတစ်ဦးကပြောပြသည်။
သူမကို ချက်ချင်းစစ်တွေဆေးရုံကြီးသို့ ပို့ရာ ဆေးရုံသို့ ရောက်ပြီးမကြာမီ ကွယ်လွန်သွားသည်ဟု သူမ၏ဆွေမျိုးက ပြောပြသည်။
မအေးအိနြေ္ဒသည် စာတော်သည့် ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်တွေ အထက ၂ တွင် ပညာသင်ယူနေသော ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။
သူမကို ဇွန်လ ၂၇ ရက်နေ့ နေ့လည်ဘက်တွင် သေတမ်းစာဖတ်ပြီး သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။
သူမ၏ဖခင်သည် ရပ်ကွက်တွင်မီးစက်တစ်လုံးဖြင့် လျှပ်စစ်မီးပေးပြီး မုန့်ကြိတ်စက်တစ်လုံးဖြင့် မုန့်ကြိတ်သည့်အလုပ်ကို လုပ်ကိုင်ပြီး၊ မိခင်မှာ ကုန်စုံဈေးဆိုင်ငယ် ရောင်းသည်ဟု သိရှိရသည်။
“တခြား မိဘတွေကိုလည်း သားသမီးတွေကို ရေကြီးတဲ့ နေရာတွေကို မသွားစေဖို့ မှာကြားရှင်ပါတယ်။ ကျွန်တော့် သမီးလိုအဖြစ်မျိုး သူများတွေ မကြုံတွေ့ရပါစေနဲ့”ဟု ဖခင်ဖြစ်သူ ဦးမောင်ကျန်ဌေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

0 comments:
Post a Comment