ထိုင်းငါးဖမ်း လုပ်ငန်းတွင် အထောက်ထားမဲ့ အလုပ်သမား ၇၀၀၀၀ ကို မှတ်ပုံတင် စာရင်းကောက်
![]() |
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃
ပင်လယ်စာ တင်ပို့မှုကို ဥရောပက တားမြစ် ပိတ်ပင် လာနိုင်သည့် အခြေအနေအား လျော့ပါး သွားအောင် လုပ်ဆောင်မှု တစ်ရပ်အဖြစ် ထိုင်း အာဏာပိုင် များက ငါးဖမ်း လုပ်ငန်းမှ သက်သေ အထောက် အထားမဲ့ အလုပ်သမား ၇၀၀၀၀ ကျော်ကို မှတ်ပုံတင် စာရင်း သွင်းပေး ခဲ့သည်။
ငါးဖမ်းလုပ်ငန်းတွင် တရားမ၀င်မှောင်ခိုမှုများ၊ စည်းမျဉ်းစည်းကမ်းမလိုက်နာမှုများကို ရေတပ်၊ ငါးလုပ်ငန်းနှင့် အလုပ်သမားရေးရာတာဝန်ရှိသူများက ဖြိုခွင်းလျက်ရှိနေကြောင်း နိုင်ငံခြား သတင်းထောက်များနှင့် တွေ့ဆုံရာ၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အမျိုးသား လုပ်ငန်းစဉ် တစ်ရပ်အနေနဲ့ ၀န်ကြီးချုပ်က ဒီလို ငါးဖမ်း လုပ်ငန်းက ပြဿနာတွေကို လုံးလုံး သည်းမခံကြောင်း ဖိအားပေး လုပ်ဆောင်နေ ပါတယ်။”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဆက်ဝန်နာမီသီက ပြောသည်။
မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ အများစုဝင်ရောက်ခြင်းဖြစ်သည့် ငါးဖမ်းလုပ်ငန်းများမှ တရားမ၀င်အလုပ်သမားကို သက်သေခံအထောက်အထားထုတ်ပေးခြင်းက အလွဲသုံးစားမှုများ သံသရာကို ရပ်တန့်အောင် ကူညီပေးလိမ့်မည်ဖြစ်ကြောင်းလည်း အစိုးရက ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံငါးဖမ်းလုပ်ငန်းတွင် အထောက်အထားမဲ့ လုပ်ကိုင်နေသည့် အလုပ်သမားအင်အား နှစ်သိန်းကျော်ထက်မနည်းရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး လက်ရှိတွင် ၇၀၀၀၀ ကို မှတ်ပုံတင်ပြီးဖြစ်ကြောင်း ရေတပ် ဦးဆောင်သည့် မှောင်ခိုနှိမ်နှင်းရေးလုပ်ငန်းစဉ်တပ်ဖွဲ့မှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ပီယန်နန်က ပြောခဲ့သည်။
ငါးလုပ်ငန်းစက်ရုံများမှ ၅၀၀၀၀ ကို အထောက်အထားထုတ်ပေးပြီး ကျန်း ၂၀၀၀၀ က ငါးဖမ်းလှေသင်္ဘောများမှ အလုပ်သမားများဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းသို့ အထောက်အထားရရှိသူများအနေဖြင့် ဆက်လက်၍ အလုပ်လုပ်ကိုင်ခွင့် အနည်းဆုံး နှစ်နှစ် တရားဝင်ရရှိမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောထားသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/11125

0 comments:
Post a Comment