မြင့်မြတ်သောရခိုင်မြေ
Posted
on 3:42:00 PM by Arakan theGoldenland
Mg Zin
Myo ပြန်လည်ရှာဖွေ တင်ဆက်ပေးသည်။
MAP Radio FM 102.50 MHz ရခိုင်တိုင်းရင်းသားဘာသာ အစီအစိုင်မှာ ပြန်လည်
လွှင့်ပြီး - 2018 - Mg Zin Myo Arakan +66836643107 - Web – www.agyo.org
, E-mail – agyo.arakan@gmail.com
PDF ဖြင့် ယူရန်
၁၉၈၄ ခုနှစ်
ဒီဇင်လာလ ၂၆ ရက်နေ့တွင် သဲကုန်း သပိတ်အိုင်ဆရာတော် အရှင်ဉာဏိဿရနှင့် သံဃာတော်များ သည်
မြောက်ဦးမြို့သို့ ဘုရားဖူးရောက်ရှိခဲ့ကြသည်။ ထိုစဉ် ရခိုင်ပြည်နယ် သာသနာရေးကိစ္စနှင့်
ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းအား မေးခွန်းကြီး(၆) ခု မေးခဲ့ပါသည်။ ထိုမေးခွန်းများကို
ဆရာကြီးသည် တစ်နေရာတည်းမှနေပြီး ဖြေကြားခဲ့ပါသည်။
မေးခွန်း
ခြောက်ခု
ဆရာတော်ကြီး အရှင်ဉာဏိဿရသည် ဆရာကြီးအား
သာသနာရေးဆိုင်ရာ မေးခွန်း ခြောက်ခု ကိုမေးခဲ့ပါသည်။ ယင်းတို့မှာ-
၁။ ရခိုင်ပြည်နယ်
သာသနာသည် ထေရ၀ါဒဗုဒ္ဓသာသနာမှ ဆင်းသက်လာသောသာသနာမဟုတ်၊
မဟာယနဂိုဏ်းမှ ဆင်းသက်လာသော သာသနာဖြစ်သည်။ ဤအကြောင်းကို ဖြေရှင်းပေးပါ။
၂။ ဗုဒ္ဓ၏
ပါဠိတော် အဋ္ဌကထာ စသည်တွင်မပါရှိဘဲ မြတ်စွာဘုရားသည် ဓည၀တီပြည်သို့ ကြွရောက်လာခဲ့ပြီး
ကျောက်တော်တောင်၌ တန့်ရပ်ခဲ့သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။
၃။ ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာ စသည်တွင် မပါရှိဘဲ မြတ်စွာဘုရားသည် စန္ဒာသူရိယ
မင်းကြီးနှင့် တွေ့ဆုံပြီး မဟာမုနိဘုရားကို သွန်းလုပ်ခဲ့သည်ဟု
ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။
၎။ သံဂါယနာခြောက်တန်၌မပါဘဲလျက်
ရခိုင်ပြည်နယ် ဝေသာလီ ရွှေတောင်ကြီး၌ စတုထ္ထ သံဂါယနာကို တင်ခဲ့သည်ဟု ရေးသားပြောဆိုကြသည်။
ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။
၅။ ရခိုင်ပြည်နယ်ရှိ ဓာတ်တော်များကို ကျောက်ရိုးတော်ဓာတ်- ဦးရာဇ်တော်ဓာတ်- လည်ဦးတော်ဓာတ် စသည်ဖြင့် အမျိုးမျိုး အမည်ပေးထားကြသည်။
ဤအကြောင်းကိုလည်း ပါဠိတော် အဋ္ဌကထာ၌ မတွေ့ရ၍
ဖြေရှင်းပေးပါ။
၆။ ရခိုင်ပြည်နယ်တွင်
အသုံးပြုသော ပါဠိတော်များမှာ မြန်မာမူ ဖြစ်သလော၊ မည်သည့်မူနည်း ။
သံဂါယနာ ခြောက်တန်တွင်
ပါသောမူဖြစ်သလော ဖြေရှင်းပေးပါ။
ကတိနှစ်ခု
ပေးပါဘုရား
ယခု အရှင်ဘုရား တပည့်တော်အား မေးထားသော မေးခွန်းများကို
လွယ်ကူစွာဖြေရှင်းနိုင် ပါသည်ဘုရား။ သို့သော် အရှင်ဘုရားက တပည့်တော်အား ကတိနှစ်ခုကိုပေးရပါမည်။
သို့မှသာ တပည့်တော် ဖြေကြားပါမည် ဘုရား။ ကတိများကိုမယူဆိုပါလျှင် တပည့်တော်တစ်ခွန်းမျှ
ပြန်မဖြေပါဘုရား။ ဆရာတော်ကြီးကဘာကတိများလဲလို့ မေးသောအခါနံပါတ်(၁)ကတိမှာတပည့်တော် ပြောသောစကားများကို
တစ်လုံးမျှမယုံကြည်ပါဘူးဆိုသောကတိပါ။အဘယ်ကြောင့်ဤကတိမျိုးကို တောင်းရပါသလဲဆိုသည်ကိုဥပမာပြုပါမည်။
မြတ်စွာဘုရားသခင်သည် ကေသမုတိသုတ်တော်ကို ကာလာမပုဏ္ဏားရွာ၌ ယုံမှားသံသယများ ကင်းရှင်းရန်
ဟောခဲ့သည်။ ဆရာမိဘ အစရှိသောသူများ အစဉ်အဆက် မပြတ်သော စကားများကိုလည်း မယုံနှင့်၊ ငါဘုရား
ဟောသည်ဟူ၍လည်း မယုံနှင့်၊ စာအုပ်ကြီး၌ပါရှိသည် ဟူ၍လည်း မယုံနှင်၊့ အစရှိသည်အားဖြင့်
ဟောကြားခဲ့ပါသည်။ ငါဘုရား ဟောသည်ကိုလည်း မယုံနှင့်ဟုဆိုလျှင် အဘယ်ကို ယုံရပါမည်နည်းဟု
မေးစရာရှိပါသည်။ ဘုရားရှင်က ကျိုးကြောင်းစပ်ကယုံ၊ ကြောင်းကျိုးစပ်မှန်၍ မှန်ကန်သော
စကားမှာ ဘုရားစကားသာ ဖြစ်ပါသည်။ ဘုရားစကားသည် မှားသည်ဟူ၍မရှိပါ။ ယင်းအတွက်ကြောင့် တပည့်တော်ပြောသည့်
စကားများကိုလည်း ဤဥပမာလျှင်ရှိသော ယုတ္တိသုံးပါးနှင့်တကွ ဘုရားသခင်သည် နောက်ဆုံးပရိနိဗ္ဗန်မစမီ
သုဘဒ္ဒရဟန်းကြီးကို ဟောထားသည့်အတိုင်း မဟာပဒေသတရားနှင့် ပြည့်စုံလျှင် ယုံပါဆိုသော ကတိကို
ခံယူစေချင်၍ ပြောကြားခြင်းဖြစ်ပါသည် ဘုရား။ တပည့်တော်ပြောသောစကားရပ်များ၌ ဤအင်္ဂါရပ်များနှင့်
ပြည့်စုံမှသာယုံပါ။ မပြည့်စုံပါက မယုံပါနှင့်ဟု ဆိုလိုခြင်း ဖြစ်ပါသည် ဘုရား ၊ မကိုက်ညီလျှင်
မေးခွန်းထုတ်ပါ။ ထိုအခါ တပည့်တော်မှာ အကျိုးမဖြစ်ဘဲ အပြစ်သာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
တပည့်တော်သည် ဘုရားမဟုတ်သောကြောင့်ပါ ဘုရား။ ဗုဒ္ဓမှာ စကားတစ်ခွန်းတည်းနှင့် မှန်ပါသည်။
တပည့်တော်ပြောသောအခါ အမှားပါရှိပါမည်။ ယင်းအမှားများကိုထောက်ပြလျှင် တပည့်တော် အလွန်
ဝမ်းသာပါသည်။ ထို့ကြောင့် အရှင်ဘုရားသည် တပည့်တော်ပြောသော စကားများကို ယုတ္တိသုံးပါးနှင့်
မကိုက်ညီ၊ မဟာပဒေသ တရားလေးပါး နှင့် မကိုက်ညီလျှင် အရှင်ဘုရားထပ်၍ မေးခွန်းထုတ်ပါ။
တပည့်တော်စကားကို ထပ်၍မမေးလျှင် တပည့်တော်ပြောသောစကားကို အရှင်ဘုရား လက်ခံယုံကြည်သည်ဟု
မှတ်ယူပါမည်ဘုရား။ ဤကတိကို အရှင်ဘုရားတို့ထံမှ ရယူပါမည်။ ထိုအခါ စစ်ကိုင်း ဆရာတော်ကြီးက
အရှင်ဉာဏိဿရအား ကတိကို ခံယူရန် ပြောပါသည်။
ဒုတိယ ကတိမှာ ဤနေရာ၌ မပြောကောင်းသောစကားဖြစ်ပါသည်။
အရှင်ဘုရားတို့က ပြောသာပြောပါ ကိစ္စမရှိဟုဆိုလျှင် တပည့်တော်ပြောပါမည်။ ဆရာတော်ကြီးများက
ပြောပါဟုဆိုသဖြင့် ဆရာကြီးကပြောပါသည်။
သာမန် ဘုရင်များ
မတည်နိုင်
အရှင်ဘုရား ယခုထိုင်နေသော နေရာမှ နောက်သို့
ခဏပြန်ကြည့်လိုက်ပါ။ သျှစ်သောင်း ဘုရားကြီးရှိပါသည်။ ကျောက်တုံးကြီးများဖြင့် လိုဏ်အထပ်ထပ်
တည်ထားပါသည်။ ထိုဘုရား၏နောက်မှာ ထုက္ကန့်သိမ်ဘုရား၊ ရတနာပုံဘုရားနှင့် အံတော်သိမ်ဘုရားများကို
မြင်တွေ့ရလိမ့်မည်။ ယခုအချိန်ကဲ့သို့ မဖွံ့ဖြိုးဘဲ သေးငယ်သော အချိန်အခါက တည်ထားသော
အဆောက်အအုံများ မဟုတ်ပါ။ ဤကဲ့သို့ ကြီးကျယ်သော အဆောက်အအုံကို သာမန်ဘုရင်မျိုး မတည်နိုင်ပါ။
နန်းတော်ကုန်းကို တည်ဆောက်ထားသော ကျောက်တုံးများ ကိုလည်း အရှင်ဘုရားမြင်ပြီး ဖြစ်ပါသည်။
ယင်းကြောင့် အဆောက်အအုံ များကို တည်ထားခဲ့သောအချိန်သည် ရခိုင်၌ ကိုယ့်မင်းကိုယ့်ချင်း
ကိုယ့်ထီးနန်းနှင့် ကိုယ့်ဘာသာ သာသနာနှင့် ကြီးပွားထွန်းကားနေသော အချိန်ဖြစ်နေသည် ဆိုသည်ကို
အရှင်ဘုရားစိတ်မှာ မှတ်ထားရပါမည်။ သို့မှသာ တပည့်တော် ပြောသောစကား များကို သဘောပေါက်နားလည်ပါလိမ့်မည်။
ထို့ကြောင့် ရခိုင်တို့သည် ရှေးအခါက ခမ်းနားကြီးကျယ်ခဲ့သည်ကို စိတ်မှာမှတ်ထားရန် ကတိကိုခံယူပါဘုရား။
ထိုအခါ ဆရာတော်ကြီးများက ဒုတိယ ကတိကိုလည်း ခံယူကြောင်း ပြောပါသည်။
သာသနာ ညှိုးခဲ့
တပည့်တော်တို့ ရခိုင်ပြည်သည် သူတစ်ပါးလက်အောက်ကို
ကျရောက်သည့်နေ့ကစပြီး သာသနာညှိုးနွမ်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ သာသနာရေးဆိုင်ရာနှင့်
စာအုပ်တစ်အုပ်မျှ မထွက်ပါ။ ကိုလိုနီခေတ်အခါက စာပေ၀ါသနာပါသော လူများသည် စာပေများကို
တစ်ဆင့်ကူးယူပြီး စာမူ တစ်ခုကို ငါးစောင်၊ ဆယ်စောင် စသည်ဖြင့်ပွားများကြပါသည်။ ယခုအခါစာပုံနှိပ်စက်
ပေါ်လာသောအခါ ဟောင်းနွမ်းနေသော စာပေများကိုလည်း ထပ်မကူး ပုံနှိပ်စာအုပ်ကလည်း မထွက်သည့်အတွက်ကြောင့်
စာပေလည်းကွယ်ခဲ့ပါပြီ အဟောင်းဖြစ်သော စာပေများလည်းးကွယ်ပြီး အသစ်အသစ်စာအုပ်များလည်း
မထွက်နိုင်သောကြောင့် ရခိုင်စာပေများ ကွယ်ပျောက်လုမတတ်ဖြစ်ခဲ့ပါသည် ဘုရား။
သုတေသနလုပ်ငန်း
နှစ်မျိုး
သို့သော်
ရခိုင်အမျိုးသား သုတေသီများက ရခိုင်တို့၏ သာသနာရေး ဘာသာရေး စာပေများကို သုတေသနလုပ်ခဲ့ကြပါသည်။
သုတေသနလုပ်နည်း နှစ်မျိုးရှိပါသည် ဘုရား။
တစ်မျိုးမှာ ၀ိဇ္ဇာနည်းဖြစ်၍ အခြားတစ်မျိုးမှာ သိပ္ပံနည်းဖြစ်ပါသည်ဘုရား ။ သိပ္ပံနည်းမှာ
ငွေကုန်များ၍မတတ်နိုင်ပါ။ ၀ိဇ္ဇာနည်းဖြင့်သာ သုတေသန လုပ်ခဲ့ရပါသည်။ တပည့်တော်တို့ ရခိုင်တွင်
ရခိုင်စကားဖြင့်မဆမ ခြီရာကောက်နည်း (မုဆိုးမခြေရာကောက်နည်း) ဟု ခေါ်ပါသည်။ ဤနည်းဖြင့်
သုတေသနပြုရှာဖွေရပါသည် ဘုရား။ ဤနည်းဖြင့် တပည့်တော်တို့
ရှာလိုက်သောအခါ ရခိုင်သမိုင်းမှာ မြောက်ဦးမြို့သည် နောက်ဆုံးဖြစ်ပါသည်။
မြောက်ဦးခေတ်မှသည်
ယခုအခါအရှင်တို့မြင်နေရသော ဘုရားစေတီများမှာ
မြောက်ဦးခေတ်က မင်းစောမွန် လက်ထက်ကစပြီး တည်ထားခဲ့သော ဘုရားစေတီများဖြစ်ပါသည်။ ဤသာသနာသည်
မြောက်ဦးခေတ်မှာ စခဲ့သလော သို့မဟုတ် မည်သည့်ခေတ်ကပင်ရှိခဲ့သည်ကို သိရန်အတွက် နောက်ကို
တစ်လှမ်းဆုတ်ကြည့် ပါသည်။ ထိုအခါ မြောက်ဦးခေတ်မကျမီ လေးမြို့ခေတ်ရှိကြောင်း သိရှိပါသည်။
ယင်းကြောင့် မြောက်ဦးခေတ် သည် လေးမြို့ခေတ်က ဆင်းလာကြောင်း သိရသည် အရှင်ဘုရား။ လေးမြို့ခေတ်
သာသနာကိုကြည့်သောအခါ ထိုခေတ်တစ်လျှောက် ဘုရင်များ၊ တည်ထားခဲ့သော စေတီဘုရားများစွာကို
တွေ့ရှိရပါသည်။ ထိုမင်းများ လေးမြို့ခေတ် အက္ခရာဖြင့် ရေးထိုးခဲ့သော ကျောက်စာများကိုပါ
သက္ကရာဇ် အတိအကျနှင့် တွေ့ရပါသည်။
ရက္ခ၀ဏ္ဏ အက္ခရာ
လေးမြို့ခေတ်သည် မည်သည့်ခေတ်မှ ဆင်းသက်လာသလဲဆိုပြီး
နောက်ကို တစ်လှမ်း ဆုတ်လိုက်သောအခါ ဝေသာလီခေတ်ကို တွေ့ရပါသည်။ ဝေသာလီခေတ်ရောက်သောအခါ
ရခိုင်စာပေအရေးအသားမှာ အက္ခရာများပြောင်းလဲလာပုံကို တွေ့ရှိရပါသည်။ လေးမြို့ခေတ်အစပိုင်းမှာ
ဝေသာလီခေတ်က ရွေ့လျားလာသော ရက္ခ၀ဏ္ဏအက္ခရာများကို အသုံးပြုရေးသားခဲ့ပါသည်။ ရခိုင်၏ လေယူလေသိမ်းများဖြင့်
ရေးသားထားသဖြင့် ရက္ခ၀ဏ္ဏအက္ခရာဟု ခေါ်ပါသည်။ ဝေသာလီခေတ်မှာ ပထမ၌ ဗြဟ္မီပွားအက္ခရာဖြင့်ရေးပြီး
ဘာသာရေးဆိုင်ရာစာပေများကို သက္ကတဘာသာဖြင့် ရေးသားကြောင်း တွေ့ရှိရပါသည်။ ဝေသာလီခေတ်နောက်ပိုင်းမှစ၍
ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရေးသားခြင်းကို တွေ့ရှိရပါသည်။
ဝေသာလီ-သက္ကတစာပေ
ထိုအချိန်ဖြစ်သော ခရစ်သက္ကရာဇ် သုံးရာစု
၊ လေးရာစု ငါးရာစုများမှာ သက္ကတဘာသာကို ယခုခေတ် အင်္ဂလိပ်စာကဲ့သို့ ကမ္ဘာတစ်ဝှမ်းလုံး အသုံးပြုနေကြပါသည်
ဘုရား ။ ယင်းကြောင့် ဝေသာလီခေတ် (လေးရာစုမှ
ရှစ်ရာစုထိ) မှာလည်း သက္ကတဘာသာဖြင့် ကျောက်စာ ပေစာများ ရေးသားထားသည်ကို တွေ့ရှိရပါသည်။
ထိုဝေသာလီခေတ်မှာလည်း ဘုရင်များသည် စေတီပုထိုးများစွာ
တည်ဆောက်ခဲ့သည်ကို ယနေ့တိုင် တွေ့နိုင်ပါသေးသည်။ ထိုခေတ်က ရေးထိုးခဲ့သော ကျောက်စာ ၊
ကြေးပြားစာ ၊ ဒင်္ဂါးစာများ ကိုလည်း တွေ့ရှိနိုင်ပါသေးသည်။ ဗုဒ္ဓစာပေများကို ပေထက်အက္ခရာ
ကျောက်ထက်အက္ခရာနှင့် ကြေးနီပြားတို့မှာ ရေးထိုးခဲ့သည်ကို ယနေ့ထိ တွေ့နိုင်ပါသေးသည်။
ယင်းကြောင့် ဝေသာလီခေတ်တွင်လည်း ဗုဒ္ဓသာသနာနှင့် စာပေမှာ အထင်အရှားရှိကြောင်း တွေ့ရပါသည်
အရှင်ဘုရား ။
ဓည၀တီခေတ်
ဝေသာလီခေတ်က နောက်ကို တစ်လှမ်းဆုတ်ကြည့်လိုက်သောအခါ
ဓည၀တီခေတ်ကို ရောက်ပါသည်ဘုရား။ ယင်း ဓည၀တီခေတ်မှာလည်း ဘုရင်နှင့် အသုံးပြုသော စာပေများရှိကြောင်း
တွေ့ရပါသည်။ ဤကဲ့သို့ မုဆိုးမခြေရာကောက်နည်းဖြင့် နောက်သို့ တစ်လှမ်းစီ တစ်လှမ်းစီ
ဆုတ်လိုက်သော အခါ ယခု ဓည၀တီခေတ်သို့ ရောက်ပါသည်။ ထိုခေတ်မှာလည်း သမိုင်းရုပ်ကြွင်း
ဖြစ်သော ကျောက်စာနှင့် ကျောက်ရုပ်ထုများကို တွေ့ရပါသည်။ ထိုသမိုင်းရုပ်ကြွင်းများမှာ
အစစ်အမှန် များဖြစ်နေပါ၍ တပည့်တော်တို့ ပိဋိကတ်စာမှာ ပုံနှိပ်စာအုပ်လည်းမရှိ စာပေများလည်း
ကွယ်ပျေက်နေပါသည်။ သို့သော် မကွယ်မပျောက် လက်တွေ့မြင်နိုင်သော အရာဝတ္ထုများ ဖြစ်နေပါ၏။
ပစ်ပယ်၍ မရကောင်းပါဘုရား။
ဓည၀တီခေတ်တွင် ထိုးထားခဲ့သော တောင်ပေါက်ကြီး
ကျောက်စာအကြောင်းကို ရှင်းလင်းတင်ပြသွားပါဦးမည်။
ယခု နိုင်ငံတော်က ထုတ်လုပ်ထားသော စွယ်စုံကျမ်းတွင် အက္ခရာ ဆင်းသက်လာပုံသမိုင်း ကို ရေးသားထားပါသည်။
အက္ခရာဆင်းသက်လာပုံကို ဗြဟ္မီအက္ခရာ ကတစ်ဆင့် ယခုခေတ်ထိ ဆင်းသက်လာပုံကို ရေးသားထားပါသည်။ မြန်မာအက္ခရာမှာ အိန္ဒိယတောင်ပိုင်း
ပလ္လ၀ ၊ ကဒမ္မ ၊ စာလုကျ ၊ တိလ္လိင်္က ဆိုသော အက္ခရာများမှတစ်ဆင့် ဆင်းသက်လာပြီးလျှင် မြန်မာစာဖြစ်လာပါသည်။
ဆရာကြီး ဦးသာမြတ် ရေးသောစာအုပ်တွင် ဗြဟ္မီ-မဂဓ ဂုတ္တ ကြန္မ ပလ္လ၀ ကဒမ္ပက နေပြီးလျှင် ရာမညတိုင်းသို့
ဆင်းသက်လာကြောင်း ရေးသားထားပါသည်။ တပည့်တော်တို့ ရခိုင်ဘက်မှာ ဓည၀တီခေတ်၌ ဗြဟ္မိအက္ခရာ
အသုံးပြုကြောင်း တွေ့ရှိပါသည်။ သို့သော် ရာစုနှစ် တစ်ခေတ်ပြီးတစ်ခေတ် လက်ရေးပြောင်းလာ
သည့်အတွက် အက္ခရာပုံမှာလည်း ပြောင်းလဲမှု ရှိခဲ့ပါသည် ဘုရား ။
ယင်းကြောင့် ဝေသာလီခေတ်မှာဆိုလျှင် ဗြဟ္မိအက္ခရာမှ
ဆင့်ပွားလာသော ဗြဟ္မိပွား အက္ခရာဖြင့် ရေးသားထားသည်ကို
တွေ့ရပါသည်။ ဓည၀တီခေတ်တွင် ကျမ်းဦးဂါထာတော်အဖြစ် နုမောတဿ ဂါထာတော်ကို ဗြဟ္မီအက္ခရာဖြင့်
ရေးထိုးပြီး ပါဠိ အသံထွက်အတိုင်း ဖြစ်ပါသည် ဘုရား။
ရခိုင်ပိဋကတ်ကိုဆက်ရန်
စာပေအကြောင်းကို
ခဏရပ်ထားပြီး ရခိုင်ပိဋကတ်အကြောင်းကို ဆက်ပြောပါမည် အရှင်
ဘုရား။ ပိဋကတ်ကို
ကျွမ်းကျင်သောပုဂ္ဂိုလ်ဖြစ်၍ ပိဋိကတ်ကိစ္စကို ပြောရာတွင် သည်းခံပြီး နားထောင်ပါဘုရား။
ဗုဒ္ဓဘာသာဝင်များ သိရှိကြသည့်အတိုင်း သာဝတ္ထိမြို့က ဥပတိဿနှင့် ကောလိတရွာသူကြီး သားနှစ်ဦးမှာ
နက္ခတ်သဘင်ပွဲကို ကြည့်ရှုနေကြစဉ် ပွဲကြည့်ပရိသတ်များကို ကြည့်ပြီး သည်လူများသည် နောက်နှစ်ပေါင်း
တစ်ရာအတွင်းမှာ အားလုံးသေပျောက်ကြလိမ့်မည်။ ငါတို့လည်း သေရ လိမ့်မည်။ ယင်းကြောင့် မသေသော
တရားရှာဖွေရန်အတွက် ရွာမှထွက်သွားကြလေသည်။ မကြားဖူးသော လူငယ်များသိရှိစေရန် အနည်းငယ်
အကျယ်ပြောပါရစေဘုရား။ ထိုကဲ့သို့ တရားရှာဖွေကြသောအခါ သိဉ္စည်းပုရဗိုဇ်ထံသို့ ရောက်သွားကြလေသည်။ သိဉ္စည်းပုရဗိုဇ်ထံ အတတ်ပညာများကို သင်ကြားသောအခါ
အားလုံးကို တတ်သိကြလေသည်။ ဆရာက သင်စရာကုန်ပြီဟုပြောသဖြင့် နောက်ထပ် သိဉ္စည်းဆရာထက် တတ်သိသော
ဆရာကို ရှာဖွေရန်သွားကြလေသည်။
ထိုကဲ့သို့ ခရီးဆက်လာကြသောအခါ ရာဇဂြိုဟ်မြို့သို့
ရောက်ရှိကြပါသည်။ ထိုစဉ်တွင် ဆွမ်းခံကြွလာသော အရှင်အဿဇိ မထေရ်ကို မြင်တွေ့ခဲ့ပါသည်။
ထိုအရှင်၏ သာမဏအိနြေ္ဒကို ကြည်ညိုသဖြင့် ငါ၏အရှင်ဆရာက မည်သူဖြစ်သနည်း အဘယ်တရားကို ဟောကြားပါသနည်း။
အကျွန်ုပ်တို့အား တစ်ခွန်းတစ်စမျှ ဟောကြားပါလော့ စသည်ဖြင့် မေးလျှောက်ခဲ့ပါသည်။ အရှင်အဿဇိက
အကျွန်ုပ်သည် ရဟန်းဖြစ်သည်မှာ မကြာသေးသဖြင့် တရားကောင်းကောင်းမပြောတတ်သေးကြောင်း သို့သော်
ကျွန်ုပ်၏ဆရာ ဘုရားသခင်ဟောကြားသော တရားထဲမှာ ကျွန်ုပ်မှတ်မိသည့် တရားဖြစ်သည့် ဤသည်သောဂါထာကို
ဟောကြားခဲ့ပါသည်။ ယင်းဂါထာတော်မှာ-
“ ယေဓမ္မ ဟေတုပဘ၀ါ တေသံဟေတု တထာကတောအဟ တေသဉ္စဟောနိရောဓော
ဧ၀ံဝါဒီမဟာသမဏော “ ဟု အဿဇိမထေရ်က ဥပတိဿအား ဟောကြားခဲ့ပါသည်။ အဓိပ္ပါယ်က မြတ်စွာဘုရားသည်
ရှေးကပြုခဲ့သော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတို့ကို ဟောတော်မူ၏။ တိုအကြောင်း
အကျိုးတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းရာကိုလည်း
ဟောတော်မူ၏။ ရဟန်းကြီးဖြစ်သောမြတ်စွာဘုရားသည်
ဤကဲ့သို့ အယူရှိတော်မူ၏ ဟု အဓိပ္ပါယ်ရပါသည်
။ အရှင်ဘုရားတို့ သိတော်မူသည့်အတိုင်းပါဘုရား။ နောက်ဆုံး သူငယ်ချင်းနှစ်ယောက်လုံးသည် မြတ်စွာဘုရားနှင့်တွေ့ရှိပြီး
ရဟန္တာများဖြစ်၍ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန် အဖြစ် ထင်ရှားခဲ့ပါသည်။
ဤတရားမှာ နှမ်းတစ်တောင်းကို ကြိတ်လိုက်သောအခါ
ဆီကြည်တစ်ပုလင်း နှစ်ပုလင်း ရရှိသကဲ့သို့ ကျောက်စရစ်ငါးတောင်းကို ကြိတ်သော်လည်း ဆီကြည်
တစ်ပေါက် တစ်စက်မျှ မရှိသကဲ့သို့ ပိဋကတ်ုသုံးပုံကို အဆီထုတ်လိုက်သောအခါ နိဗ္ဗာန်ဆိုသော
တရားတစ်လုံးသာ ရရှိပါသည်။ ယင်းတရားတစ်လုံးကို စိတ်ဖြာလိုက် သောအခါ ဓမ္မနှင့် ၀ိနယရရှိပါသည်။
နောက်ထပ်စိတ်ဖြာလိုက်လျှင် သစ္စာလေးပါး မဂ္ဂင်ရှစ်ပါး ဗောဓိပက္ခယတရား သုံးဆယ့်ခုနစ်ပါး
အစရှိသဖြင့် နောက်ဆုံး ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ပါရှိသော ပိဋကတ်သုံးပုံ ရရှိပါသည်ဘုရား။
သို့ဖြစ်ပါ၍ ယေဓမ္မဂါထာတော်သည် ပိဋကတ်သုံးပုံ၏ အဆီအနှစ်ဖြစ်ကြောင်းကို ဆရာတော်က တပည့်တော်ထက်
သိပါသည်အရှင်ဘုရား။ ဤယေဓမ္မတရားတော်သည် မဟာယနဂိုဏ်းသားများ အသုံးပြုသော ဂါထာဖြစ်ပါသလား။
အရှင်ဘုရားတွေ့ဖူးပါသလားဟု မေးသောအခါ ဆရာတော်သည် ဖြေကြားချက်မရှိဘဲ တိတ်တိတ်နေခဲ့ပါသည်။
ဤယေဓမ္မဂါထာတော်ကို မဟာယနဂိုဏ်းသားများ အသုံးပြုဖို့မထင်ပါ။ မဟာယနဂိုဏ်းသားများ အသုံးပြုသည်ကို
တွေ့ဖူးပါသလားဟု မေးသောအခါ ဆရာတော်မှာ တိတ်တိတ်နေခဲ့ပါသည်။ မဟာယနဂိုဏ်းသည် ရခိုင်ပြည်တွင်ဘယ်အချိန်၌
သာသနာပြုခဲ့ပါသလဲ ဘုရားဟု ထပ်၍မေးလျှောက်ခဲ့ပါသည်။ ဆရာတော်က တစ်စုံတစ်ခုမျှ မဖြေကြားခဲ့ပါ။
နောက်ထပ်ပြီး ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက်
နှစ်ပေါင်း ၂၁၈ နှစ်ကြာသောအခါ ပါဋလိပုတ်ပြည်ကို အစိုးရတော်မူသော သိရိဓမ္မသောကမင်းကြီးသည်
မိစ္ဆာဒိဋ္ဌိအယူမှ ဗုဒ္ဓဘာသာကို ယုံကြည်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင်
မင်းတစ်ပါးမှ မလုပ်ဆောင်နိုင်သော သာသနာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းမင်းနောက်
နှစ်ပေါင်းသုံးလေးရာလောက်မှာ အိန္ဒိယ၌ ဗုဒ္ဓဘာသာ ကွယ်ခဲ့ပါသည်။ သာသနာတော်မကွယ်မီ အိန္ဒိယနိုင်ငံ၌
ဂိုဏ်းတစ်ဆယ့်ရှစ်ဂိုဏ်းထိ ကွဲခဲ့ပါသည်။ ဂိုဏ်းတစ်ဆယ့် ရှစ်ဂိုဏ်း ကွဲသောနေရာ၌ မဟိ
ံသကဂိုဏ်း၊ သမ္ပတ္တိဂိုဏ်း ဆိုသောဂိုဏ်းများထဲ၌ ဗြဟ္မဏအယူအဆ ရောနှောပြီးလျှင် မဟာယဉ်ဂိုဏ်း တွန္ဒရာဂိုဏ်း မန္တရာဂိုဏ်းများ
ပေါ်ပေါက်လာပါသည်။ ထိုဂိုဏ်းများမှတစ်ဆင့် တပည့်တော်တို့ ရခိုင်ပြည်သို့ မဟာယနသာသနာ
ဝင်ရောက်လာပါသလား။ နောက်တစ်ချက်က အိန္ဒိယပြည်တစ်ခုလုံးကို မဂိုမင်း များ တိုက်ခိုက်သိမ်းယူပိုက်သောအခါ
ဗုဒ္ဓဘာသာဝင်မျာသည် သီရိလင်္ကာနိုင်ငံ တိဗက် ရခိုင်ပြည် မြန်မာပြည် များသို့ ထွက်ပြေးကြသောအခါ
မဟာယနဂိုဏ်းသည် ရခိုင်ပြည်သို့ရောက်ရှိလာပါသလား ဘုရား ဆရာတော်မှ မည်သို့မျှ မဖြေကြားပါ။
တိတ်တိတ်နေခဲ့ပါသည်။ သို့ဖြစ်လျှင် တပည့်တော်တို့ ရခိုင်ပြည် သာသနာသည် မဟာယနဖြစ်သည်ဟု
ဆရာတော်စွပ်စွဲသည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်ပါသလဲ ဘုရား။ တစ်ခုမျှ ပြန်မပြာခဲ့ပါ။
တောင်ပေါက်ကြီး
ကျောက်စာ
တပည့်တော် မြောက်ဦးခေတ်ကစပြီး ဓည၀တီခေတ်ထိတိုင်အောင်
သာသနာတော် ဆင်းသက်လာပုံကို ခြေရာကောက်ယူနည်းဖြင့် သုတေသနပြုလိုက်သောအခါ သာသနာသည် ဓည၀တီမှာ
ဆုံးနေပါသည် ဘုရား။ ဓည၀တီခေတ်မှာ နမောတဿ ဂါထာတော်ပါရှိသည့် ဗြဟ္မီအက္ခရာနှင့် ရေးထိုးထားခဲ့သော
တောင်ပေါက်ကြီးကျောက်စာ ရှိခဲ့ပါသည်။ ယင်းကျောက်စာကို ရေးထိုးထားသော အက္ခရာ စာလုံးများကို
ကြည့်လျှင် ဘီစီ ၃၀၀ ကျော်က အသောကမင်းကြီးရေးထိုးခဲ့သော
ကျောက်စာတွင် ပါရှိသည့် အက္ခရာစာလုံးများမှာ အတူတူဖြစ်နေသောကြောင့် တစ်ခေတ်တည်းတွင်
ရေးထိုးခဲ့သောကျောက်စာဖြစ်ကြောင်း လက်ရေးလက်သားကို လေ့လာသော ပညာရှင်များက သုတေသနပြုမှတ်ချက်ချခဲ့ကြပါသည်
အရှင်ဘုရား။ ယင်းကြောင့် ရခိုင်ပြည်နယ် ဓည၀တီခေတ်မှာ အိန္ဒိယမြောက်ပိုင်းက အသုံးပြုသည့်
ဗြဟ္မီအက္ခရာများ ၀င်ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည် ဘုရား။
သူရိယ မင်းဆက်
၊ စန္ဒြား မင်းဆက်
ထိုကဲ့သို့ ရခိုင်ပြည်နယ် ဓည၀တီကျောက်စာနှင့်
အန္ဒိယပြည် အသောကမင်းကျောက်စာနှင့် တည်နေရာပုံကို ထောက်ရှုသောအခါ ဘီစီ(၃)ရာစုမှာ ကျောက်စာများကို
ထိုးခဲ့လျှင် ထိုမရောက်မီ ဘီစီ(၅)ရာစု လောက်မှာ မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါသည်။
တပည့်တော်တို့ခြေရာကောက်နည်းဖြင့် ထပ်ပြီးကောက်ယူလိုက်လျှင် ရခိုင်ပြည်နယ်၌ မင်းဆက်(၂)ဆက်
ရှိခဲ့ပါသည်။ ပထမ မင်းဆက်မှာ သူရိယ မင်းဆက်ဖြစ်ပြီး ဒုတိယ မင်းဆက်မှာ စန္ဒြား မင်းဆက်
ဖြစ်ပါသည်။ သူရိယမင်းဆက် နောက်ပိုင်းတွင် စန္ဒြားမင်းဆက် ပေါ်လာခဲ့ပါသည်။ စန္ဒြားမင်း၏
ပထမဆုံးမင်းမှာ ရခိုင်သမိုင်းတွင် ထင်ရှားသော မဟာသူရိယတိုင်းစန္ဒြားမင်းကြီးဖြစ်ပါသည်။
သျှစ်သောင်းဘုရားကျောက်စာတွင် ဒြွေင်စန္ဒြားဟု သက္ကတအက္ခရာဖြင့်ရေးထိုးထားပါသည်။ သူရိယတိုင်းစန္ဒြား
နှင့် ဒြွေင်စန္ဒြားမင်းမှာ အတူတူဖြစ်ပါသည်။
အဓိပ္ပာယ်
ဖော်နိုင်ခဲ့
ထိုစန္ဒြားမင်း ရေးထိုးခဲ့သောကျောက်စာမှာ
မဟာမုနိကုန်း ဒုတိယပစ္စယံ အရှေ့မြောက်ဘက်၌ ရှိသော အရပ်၌ပါရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက
အမိုးအကာမရှိဘဲ ပက်လက်လှန်ပြီးလျှင် မိုးထဲရေထဲ ၌ရှိနေခဲ့ရပါသဖြင့် စာကြောင်းများမှာ ဖတ်မရနိုင်အောင်
ပျက်စီးခဲ့ပါသည်။ သို့သော် ကြိုးစား၍ မင်ကူး ကူးယူသောအခါ စာလုံးအနည်းငယ်ကိုဖတ်ပြီး
အဓိပ္ပာယ်ဖော်နိုင်ခဲ့ပါသည်။ ရေးထားသော အက္ခရာစာလုံးမှာ သက္ကတဖြစ်ပြီး “ မဟာသျှူရိယော
သျှန္ဒြရော ၊ နာမနေ သျှဗ္ဗဒါ နေပကာရတေ “ ဆိုသောစာကြောင်းပါဘုရား။
ပါဠိဘာသာဖြင့်ဆိုပါလျှင်
မဟာသူရိယော စန္ဒရော နာမနော သဗ္ဗဒါနေ ပကာရတေ လို့ရပါသည် ဘုရား အဓိပ္ပါယ်က “ မဟာသူရိယတိုင်း
စန္ဒြားမင်းကြီးသည် ဤကုန်းတော်၌ ဒါန၀တ္ထု အစုစုတို့ကို လှူဒါန်း၍ ပြီးပြည့်စုံပြီ “ ဟု
ဖြစ်ပါသည်။ ယင်းကြောင့် ဤစာထိုးထားသော ကျောက်စာပါ အရုပ်မှာ စန္ဒြားမင်းကြီး ကုသိုလ်ပြုစိုက်ထူခဲ့သော
အရုပ်ဖြစ်ကြောင်း သက်သေထူနေပါသည် ဘုရား။
ပိဋကတ်တော်လာ
သုတ္တန်
ထိုအရုပ်အောက်ပိုင်းတွင် စာငါးကြောင်းခန့်
ပါရှိသည်ဘုရား ထိုစာများမှာ အထက်က စာကြောင်းများ ပျက်ပြယ်နေသဖြင့် ကောင်းစွာဖတ်မရနိုင်ပါ။
အောက်ဆုံးစာတစ်ကြောင်းတည်းကိုသာ အသေအချာ ဖတ်ရပါသည်။ ထိုစာကြောင်းမှာလည်း သက္ကတဘာသာဖြင့်
“ ယက္ခသေနာပတိပနာဒေါ “ ဟု ရေးထိုးထားပါသည် အရှင်ဘုရားတို့။
ယခုမြန်မာနိုင်ငံ၌ နယုန်လပြည့်နေ့ကို မဟာသမယနေ့အဖြစ်သတ်မှတ်ပြီး
နှစ်စဉ်ကျင်းပနေကြ ပါသည်။ မဟာသမယနေ့၌ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားခဲ့သော မဟာသနယသုတ်တော်ကို
သံဃာတော်များ သံပြိုင်ရွတ်ဖတ်သည်ကို ထိုနေ့ရောက်တိုင်း ရေဒီယိုမှ ကြားနေရပါသည် အရှင်ဘုရား
ထိုမဟာသမယသုတ်တော်၌ နတ်မင်းများ၏အမည်ကို ဖော်ကျူးထားသော စကားများစွာရရှိပါသည်ဘုရား
ထိုနတ်များ၌ ပနာဒေါနတ်မင်းကို ဖော်ကျူးထားသောဂါထာတော်မှာ အပိုဒ် (၂၂)တွင် တွေ့နိုင်ပါသည်ဘုရား “ ပနာဒေါ-သြပပညောစ၊ ဒေ၀သူတောစမာတလိ ”ဟူသောဂါထာနှင့်တွေ့ရပါသည်ဘုရား
၊ဤမဟာသမယသုတ်တော်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့၏ ပိဋကတ်တော်လာ သုတ္တန်ဖြစ်ပါသည် ဘုရား။
ထေရ၀ါဒကို
ယုံကြည်သော မင်းများ
နောက်တစ်ချက်မှာ ဝေသာလီခေတ်တွင် အုပ်စိုးခဲ့သော
မင်းများဖြစ်ကြသည့် နီတိ စန္ဒြ၊ ၀ိရစန္ဒြ အစရှိသော မင်းများသည် သူတို့၏ ကုသိုလ်ပြုတည်ထားသော
စေတီများတွင် ယေဓမ္မဂါထာတော် ရေးထိုးထားသည့် ကျောက်တုံးများ စတုပါများကို ဌာပနာထည့်ထားခဲ့ကြပါသည်
အရှင်ဘုရား။ ထိုကျောက်တုံး နှင့် စတုပါများ၌ ရေးထိုးထားသော စာများကို ယခုတိုင် မြောက်ဦးမြို့ပြတိုက်တွင်
သိမ်းဆည်းထားရှိပါသည် ဘုရား ။ တပည့်တော် ရှင်းပြခဲ့သည့်အတိုင်း ဗုဒ္ဓတရားတော်၏ အဆီအနှစ်ဖြစ်သော
နိဗ္ဗာန်ကိုလက်ခံယုံကြည် သည့် ထေရ၀ါဒသာသနာကို ယုံကြည်သောမင်းများဖြစ်၍ ဤယေဓမ္မဂါထာတော်ကို
ဝေသာလီခေတ်မင်းများ အသုံးပြုနေခြင်းဖြစ်ပါသည် ဘုရား။ ယင်းကြောင့် မဟာတိုင်း စန္ဒြမင်းကြီးမှစ၍(ဝေသာလီခေတ်)အေဒီ
(၄)ရာစု စန္ဒြမင်းအဆက်ဆက်တို့ ကိုးကွယ်ယုံကြည်ခဲ့ကြသော သာသနာမှာ မဟာယနသာသနာ မဟုတ်ဘဲစစ်မှန်သော ထေရ၀ါဒသာသနာတော်သာ
ဖြစ်ကြောင်း မှတ်ယူရပါမည် ဘုရား။
ဓည၀တီသို့
ဘုရားရှင်ကြွခဲ့
ဓည၀တီခေတ်အကြောင်းကို ပြန်လည်ဆက်ပါမည်ဘုရား။
ဓည၀တီခေတ်၌ ဘီစီ (၃)ရာစုမှ သူရိယစက္ကမင်း ထီးနန်းစံလျက်ရှိပါသည်။ ထိုမင်းက နောက်သို့ဆုတ်၍
ရေတွက်လျှင် ခြောက်ဆက်တွင် စန္ဒသူရိယမင်းသို့ရောက်ရှိပါသည်။ ဘီစီ(၃)ရာစုမှ နောက်ဆုတ်ရေတွက်လျှင်
ဘီစီ(၅)ရာစုတွင် ကျရောက်ပါသည်။ ယင်းကြောင့် စန္ဒသူရိယမင်းသည် ဓည၀တီ၌ ဘီစီငါးရာစုတွင်
အုပ်ချုပ်ခဲ့ကြောင်း သိရပါသည်ဘုရား ယခုခြေရာကောက်နည်းဖြင့်တိုက်သောအခါ အတိအကျရရှိပါသည်
ဘုရား ။ ယင်းကြောင့် စန္ဒသူရိယမင်းနန်းစံ၍ နှစ်ပေါင်း(၂၅)နှစ်အကြာတွင် ဗုဒ္ဓရှင်တော်သည်
ဓည၀တီသို့ ကြွရောက်ခဲ့သည်ဟု ရခိုင်သမိုင်းအဆောင်ဆောင်တွင် ဖော်ပြထားပါသည် ဘုရား။ ယင်းကြောင့်
ဓည၀တီ၌ စန္ဒသူရိယမင်းအုပ်ချုပ်စဉ် တွင် မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွရောက်ခဲ့ခြင်း
ဖြစ်ပါသည် ဘုရား။
မြတ်စွာဘုရားကြွရောက်လာခဲ့သော အကြောင်းကို
ဓည၀တီမြို့၏ အနောက်ဘက် တောင်တန်း ကျောက်ဆောင်၌ သူရိယစက္ကမင်းကြီးသည် ဗြဟ္မိအက္ခရာဖြင့်
ရေးထိုးထားခဲ့ပါသည်။ တပည့်တော် ငယ်စဉ်က ဆရာကြီး ဦးစံရွှေဘုနှင့် ကူးယူခဲ့ပါသည်။ ထိုကျောက်ဆောင်မှာ
မဟာမုနိ ကျောက်တော်လမ်းကို လုပ်သောအခါ တူးပြိုသဖြင့် ပျက်ပြုန်းခဲ့ရပါသည်။ ထိုကျောက်စာ၌ ရေးထိုးထားသည်ကို ယခုခေတ် ပါဠိဘာသာဖြင့်
ပြန်ဆိုရေးလျှင် “ အထခေါ ဘ၀ါ ဘိက္ခု သံဃံပါသာဒံ အာရုဟာပေတွား ပဉ္စပါသာဒ သတပရိဂုတော ဓည၀တီရဋ္ဌံ
အာကာသမဂ္ဂေန စာရိကံ စရမာနော ဓည၀တီမဟာမဟာနဂရဿ ပစ္ဆိမဒိသာ ဘာဂေ ပစ္ဆာနဒီယာ ပုရိတ္တိ မတိရေသေလာဂီရိ
ပဗ္ဗတမုဒ္ဓမိသြရော ဟိတွာ ပတိဋာတိ ” ဖြစ်ပါသည်။
အဓိပ္ပါယ်အတိုကောက်မှာ
မြတ်စွာဘုရားသခင်သည် ကောင်းကင်ခရီးဖြင့် ပြဿဒ်ရုပ်ပျံ ငါးရာနှင့် ကြွရောက်ပြီးလျှင်
ဓည၀တီမြို့၏ အနောက်ဘက်ဖြစ်သော ဂစ္ဆပနဒီ ကုလားတန်မြစ်ကြီး၏ အရှေ့ဘက်ကမ်းခြေ ရှိ သေလာဂီရိမောရ
ပဗ္ဗတ အမည်ရှိသော တောင်ထိပ်၌ ရပ်တန့်တော်မူ၏။ ရပ်တန့်ပြီးလျှင် မြတ်စွာဘုရားသည် ဗျာဒိတ်တော်ပေးမည်
ဖြစ်ပါသည်။
ဤကျောက်စာကို
ထောက်ရှုခြင်း အားဖြင့် ရခိုင်ပြည်သို့ မြတ်စွာဘုရား ကြွရောက်ခဲ့သည်မှာ ထင်ရှားနေပါ
သည် ဘုရား။ ယင်းကြောင့် တပည့်တော်မှာ ခြေရာကောက်နည်းဖြင့် နောက်သို့တစ်လှမ်းစီဆုတ်ပြီး
တိုက်သောအခါ ဗုဒ္ဓသာသနာသည် ကွင်းဆက်မပြတ်ဘဲနှင့် ဓည၀တီခေတ်ထိ ရောက်ရှိပါသည် ဘုရား။
သမိုင်းရုပ်ကြွင်းက
သက်သေခံ
ယင်းကဲ့သို့ ကျောက်စာ ကျောက်ရုပ် ပေစာများ အတိအလင်းရှိသော်လည်း
ယခုခေတ် ရိုက်နှိပ်သော ပုံနှိပ်စာအုပ်တွင်မပါ၍ မယုံကြည် မှားယွင်းသည်ဆိုလျှင်လည်း မတတ်နိုင်ပါဘုရား
တပည့်တော်တို့ မှာ သမိုင်းရုပ်ကြွင်းဖြစ်သော ကျောက်စာ ကြေးပြားစာ ရွှေပြားစာ ငွေပြားစာတို့က
သက်သေခံနေသဖြင့် ယင်းစာများက မှားပြီး ယခုခေတ် စာပုံနှိပ်တိုက်မှ ရိုက်နှိပ်သော စက္ကူမှာ
ရေးသားထားသည့်စာက မှန်သည်ဟု ဆိုလျှင်လည်း တပည့်တော်ဖြေကြားစရာမလိုတော့ပါ ဘုရား ၊ သမိုင်းရုပ်ကြွင်းနှင့်
မှတ်တိုင်သာ အဓိက ဖြစ်ပါသည်။ ယင်းကြောင့် တပည့်တော်တို့မှာ ပါဠိ၊ အဋ္ဌကထာမှာပါရန် လိုအပ်ဖို့မထင်ပါ
ဘုရား၊ သက်သေခံ အထောက်အထားက ခိုင်မာနေပါပြီ ဘုရား။
မဟာယနဂိုဏ်း
စကားတစ်လုံးမတွေ့
မဟာတိုင်း စန္ဒြမင်းကြီးသည် သူနန်းတက်စချိန်၌သာ
ဝေသာလီဘုရားကြီးကိုတည်ပြီး ကျောက်စာရေးထိုးခဲ့ပါသည်။ အက္ခရာစာလုံးမှာ ဗြဟ္မီပွား ဖြစ်ပါသည်။
အကြောင်းအရာမှာ ယေဓမ္မဟေတုပဘ၀ါ ဂါထာတော် ဖြစ်ပါသည်။ သက္ကတအသံမထွက်ဘဲ ပါဠိဘာသာသက်သက် ဖြစ်ပါသည်။
ထိုစာ၏နောက်ပိုင်း၌ ရေးထိုးထားသော စာများမှာ သက္ကတအသံဖြင့် ရေးထိုးထားသည်ကို တွေ့ရပါသည်။
ယေဓမ္မာစာလုံးများ၌ “ မ ” အထက်တွင် ရေဖခေါ် “ ရကောက်” ကို တင်ထားပါသည်။ ယေဓမ္မာ( ယေဓရမ္မာ
) လို့ ဖတ်ရပါသည် ဘုရား၊ ဟေတုပဘာဝါစာတန်းမှာလည်း “ ပစောက် ” အထက်တွင် ရေဖတင်ထားပါသည်။
ဟေတုဘဂ၀ါ ( ဟေတုပြဘ၀ါ ) လို့ဖတ်ရပါသည် ဘုရား
၊ ယင်းကဲ့သို့ အဆင့်ဆင့် သုတေသနပြုလိုက်သောအခါ မဟာယနဂိုဏ်းက စကားတစ်လုံးလည်း မတွေ့ပါဘုရား။
သီဟိုဠ်
( သီရိလင်္ကာ ) နှင့် ၀ါဒချင်းတူ
တပည့်တော်ပထမရှင်းပြခဲ့သော ဥပတိဿနှင့် ကောလိတအကြောင်းတွင်
အရှင် အဿဇိမထေရ်ဟောကြားခဲ့သော ယေဓမ္မဂါထာတော်သည် ဝေသာလီသို့ရောက်ရှိခဲ့ပါသည်။ ယင်းနောက်
ဝေသာလီမင်းများသည် သီဟိုဠ်နိုင်ငံ ( သီရိလင်္ကာ ) နှင့် သာသနာရေးကိစ္စများကို အပြန်အလှန်သွားရောက်
ဆောင်ရွက်ကြောင်းနှင့် အာနန္ဒစန္ဒြမင်းသည် သီဟိုဠ် ( သီရိလင်္ကာ )သို့ အလှူပစ္စည်းများပို့သည်ဟု
ကျောက်စာတွင် တွေ့ရှိရပါသည်။ သီဟိုဠ်( သီရိလင်္ကာ )နှင့် ၀ါဒချင်းတူ၍သာ အချင်းချင်းဆက်ဆံနေခြင်း
ဖြစ်ပါသည်။ သီဟိုဠ်( သီရိလင်္ကာ )သာသနာမှ ထေရ၀ါဒဖြစ်၍ တပည့်တော်တို့ ဝေသာလီခေတ်တွင် ထေရ၀ါဒ
ထွန်းကားကြောင်း သိနိုင်ပါသည် ဘုရား ။ ယင်းကြောင့် တပည့်တော်တို့၏ ရခိုင်ပြည်နယ် သာသနာသည်
မဟာယနဂိုဏ်းမှ ဆင်းသက်လာသော မဟာယနဂိုဏ်းမဟုတ်ဘဲ ဓည၀တီခေတ် ဘုရားကိုယ်တော်တိုင်
ရောက်ခဲ့သည့်မှစပြီး
ဖြစ်ပေါ်ဆင်းသက်လာသော ထေရ၀ါဒဗုဒ္ဓသာသနာ ဖြစ်ကြောင်း တပည့်တော် လျှောက်ထားပါသည် ဘုရား။ ဤကား နံပါတ်(၁) မေးခွန်းကို ဖြေကြားချက်ပါ အရှင်ဘုရား။
----------------------------------------------------------------------------------------------------------------
ထေရ၀ါဒ သာသနာ
ရခိုင်မှာ ထွန်းကာလာပုံ (၂)
မေးခွန်းနံပါတ်(၂)
ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာစသည်တို့တွင်မပါရှိဘဲ မြတ်စွာဘုရားသည် ဓည၀တီပြည် သို့ကြွရောက်ခဲ့ပြီး
ကျောက်တော်တောင်၌ ရပ်တန့်ခဲ့သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကို ရှင်းလင်းပေးပါ။
မေးခွန်းနံပါတ်(၃)
ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာစသည်တို့တွင်မပါရှိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယ မင်းကြီးနှင့်တွေ့ဆုံပြီး
မဟာမြတ်မုနိဘုရားသွန်းလုပ်ခဲ့သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။
အရှင်ဘုရား၏မေးခွန်းနံပါတ်(၂)နှင့်(၃)တို့ကို
တစ်ပေါင်းတည်းဖြေကြားလိုပါသည်။ မေးခွန်းများမှာ တစ်သဘောတည်းဖြစ်နေခြင်းကြောင့်ပါဘုရား၊
တပည့်တော်သည် ရခိုင်ပြည်သို့ ဗုဒ္ဓဘာသာရောက်လာခဲ့ပုံကို နံပါတ်(၁) မေးခွန်းအပေါ်အသေးစိတ်ရှင်းလင်းလျှောက်ထားပြီးဖြစ်ပါသည်
ဘုရား၊ နောက်ထပ်လျှောက်ထားပါ မည်ဘုရား တပည့်တော်တို့ ရခိုင်ပြည်နယ်တွင် ယခုကိုးကွယ်နေသော
ဗုဒ္ဓဘာသာမှာ မြောက်ဦးခေတ်ဘုရင်များ အုပ်စိုးခဲ့သော ကာလမှ ဆက်ခံယူခဲ့သော ဗုဒ္ဓအယူဝါဒ
ဖြစ်ပါသည်။
မြောက်ဦးခေတ်မတိုင်မီ
လောင်းကြက်မြို့ရှိခဲ့ပါသည်။ ထိုမြို့ကိုအုပ်စိုးခဲ့သောဘုရင်များမှာလည်း ဗုဒ္ဓဘာသာမင်းများဖြစ်ပါ၍
သာသနိကအဆောက်အဦးများစွာ တည်ဆောက်ခဲ့ပါသည်။ ရဟန်းပညာရှင်များ ထွန်းကားခဲ့ပါသည်။ ဤလောင်းကြက်ဘုရင်များသည်
ဗုဒ္ဓဘာသာကို နေရဉ္စရာမြို့တွင်အုပ်စိုးခဲ့သော ဘုရင်များ မှတဆင့် လက်ခံယူခြင်းဖြစ်ပါသည်။
နေရဉ္စရာမြို့တွင်ထွန်းကားခဲ့သော ဗုဒ္ဓသာသနာမှာ ပုရိန်မြို့မှဆင်းသက်လာ သော ဗုဒ္ဓသာသနာဖြစ်ပါသည်။
ပုရိန်မြို့တွင် အုပ်စိုးခဲ့သောဘုရင်များမှာ ပဉ္စာမြို့မှ ဗုဒ္ဓသာသနာကို တဆင့်လက်ခံယူခဲ့ကြပါသည်။
ပဉ္စာမြို့ ဗုဒ္ဓသာသနာမှာလည်း ဝေသာလီမြို့မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ဝေသာလီမြို့ကိုစတင်တည်ထောင်သော
မဟာတိုင်းစန္ဒြမင်းကြီးသည် မဟာမုနိဘုရားတွင် ကုသိုလ်ကောင်းမှု ပြုခဲ့ပါသည်။ သိမ်တော်နှင့်
ပလ္လင်တော်များကို အသစ်တဖန်တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများ၌ တွေ့ရပါသည်။ တပည့်တော်
ရှေ့ကလျှောက်ထားခဲ့သည့်အတိုင်း ထိုမင်းကြီး ကုသိုလ်ကောင်းမှုပြုခဲ့သည်ကို မဟာမုနိဘုရားကုန်းတော်
ဒုတိယအဆင့် အရှေ့တောင်ထောင့်ရှိ ယက္ခသေနာပတိ ပနာဒရုပ်တုတွင် စာရေးထိုးထားခဲ့ပါသည်။
အမှန်ရှိခဲ့သော
မြို့တော်
ဤကဲ့သို့ မဟာတိုင်းစန္ဒြမင်းကြီးသည် မဟာမုနိသိမ်တော်ကို
အသစ်တစ်ဖန်တည်ဆောက် ခဲ့သည်ဟု ဆိုသဖြင့် မဟာတိုင်းစန္ဒြမင်းကြီးမတိုင်မီကပင် သိမ်တော်အဟောင်းနှင့်
မဟာမုနိရုပ်ရှင်တော်မှာ ရှိနှင့်နေပြီဖြစ်ကြောင်း သိရှိရပါသည် ဘုရား။ ယင်းသို့ဖြစ်၍
ဝေသာလီခေတ်မတိုင်မီ မည်သည့်ခေတ်ရှိခဲ့သည်ကို ခြေရာကောက်နည်းအတိုင်းလိုက်ပါလျှင် ဓည၀တီခေတ်ကို
တွေ့ရပါသည် ဘုရား။ ဓည၀တီမြို့တော်မှာ စိတ်ကူးယဉ်ပြီးရေးသားခဲ့သောမြို့တော် မဟုတ်ကြောင်း
လေယာဉ်မှရိုက်ကူးသောဓါတ်ပုံကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်ဘုရား။ အမှန်တကယ်ရှိခဲ့သော
မြို့တော်ဖြစ်ကြောင်း ပြည်တွင်း ပြည်ပသမိုင်းပညာရှင်များက လက်ခံကြပါသည် ဘုရား။
သပ္ပဒါန ပကာရန
ကျမ်းမှာရှိ
တပည့်တော်တို့ သမိုင်းတွင်လည်း တတိယဓည၀တီမြို့တော်ကို
စန္ဒသူရိယမင်းတည်ခဲ့ ကြောင်းဖတ်ရှုရပါသည်။ ဤစန္ဒသူရိယဘုရင် ဓည၀တီ၌အုပ်စိုးစဉ်ကာလမှာ မြတ်စွာဘုရားရှင်
အနောက်မဇ္စျိမဒေသ၌ ရှိနေချိန်ဖြစ်ပါသည်။ တပည့်တော်လက်ထဲတွင်ရှိနေသော သပ္ပဒါနပကာရနကျမ်းတွင်
စန္ဒသူရိယမင်းလက်ထက် ဘုရားရှင်ကိုယ်တိုင် ဓည၀တီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကို
သွန်းခဲ့ကြောင်း အသေးစိတ်ရေးသားထားပါသည်။
ကျောက်စာက
သက်သေခံ
၎င်းပြင် တောင်ပေါက်ကြီးကျောက်စာကလည်း သက်သေခံနေပါသည်
ဘုရား။ မြတ်စွာဘုရား သည် စန္ဒသူရိယမင်းအား ဓမ္မစကြာတရားတော်နှင့် ရုပ်တုတော် ဆင်းတုတော်များကို
တည်ထားကိုးကွယ်ခြင်းဖြင့် ရရှိအပ်သော အကျိုးတရားများကို သတ္ထုဗိမ္ဗပူဇနိယနိသေသသုတ္တန်ဖြင့်
ဟောကြားခဲ့ပါသည်။ ဤသုတ္တန်မူရင်း ပေစာလည်း ရှိပါသေးသည် ဘုရား။
ဂုဏ်ပြုထားသည့်
ရုပ်တု
စန္ဒသူရိယမင်းအား မြတ်စွာဘုရား ဓမ္မစကြာတရားဟောကြားဟန်
ထုလုပ်ထားသော ကျောက်ပြားတစ်ချပ်ကိုလည်း တွေ့ရပါသည်။ ဝေသာလီမဟာတိုင်းစန္ဒြမင်းကြီးက စန္ဒသူရိယမင်းကြီးအား
ဂုဏ်ပြုထုလုပ်ထားသော ရုပ်တုဖြစ်ဟန်ရှိပါသည်။
မြတ်စွာဘုရားရှင်သည်
ရခိုင်ပြည် ဓည၀တီသို့ ကြွရောက်ခဲ့စဉ် သေလာဂီရိတောင်ပေါ်၌ ရပ်တန့်ခဲ့ပြီး ဗျာဒိတ်တော်
ချမှတ်ခဲ့ကြောင်း သပ္ပဒါနပကာရနကျမ်းတွင် အသေအချာ ဖော်ပြပါသည်။ ချစ်သား အာနန္ဒာ ငါသည် ဘုရားဖြစ်ရန်အတွက် ဆယ်ပါးသော
ပါရမီတော်ကြီးနှင့် သုံးဆယ်သော ပါရမီတော်ငယ်များကို
ဖြည့်ဆည်းခဲ့သောကာလ၌
ဤဓည၀တီပြည်တွင် အလီလီ လူအဖြစ်ကျင်လည်ခဲ့သည်။ ယခု ငါရပ်တန့်နေသော သေလာဂီရိတောင်၏ အနီးပတ်ဝန်းကျင်တွင်
ပန်းပွတ်သမားအဖြစ်နှင့် ငါနေထိုင်ခဲ့သည်။ ငါဘုရားပရိနိဗ္ဗာန်စံလွန် ပြီး နောက်ကာလ၌ ငါ၏ကျောရိုးတော်ဓာတ်ကို
ဌာပနာ၍ စေတီတော်တည်လတ္တံ။ ကျောရိုးတော်ဓာတ်စေတီ တွင်လတ္တံ့ ဟု ဗျာဒိတ်တော်ပေးခဲ့ပါသည်။
ထိုဓာတ်တော်ကို နောက်ကာလတွင် ကျောက်တော်ဓါတ်စေတီဟု ခေါ်တွင် ခဲ့ပါသည်။ ထိုနာမည်ကိုအစွဲပြု၍
မြစ်တစ်ဖက်ရှိမြို့ကိုလည်း ကျောက်တော်မြို့ဟု ခေါ်တွင်စေခဲ့ပါသည်။
ရုပ်ရှင်တော်
သွန်းကြောင်း ယုံကြည်
ဤကဲ့သို့ ဘုရားဗျာဒိတ်ဝင် ဓာတ်တော်စေတီ
၂၄၈ ဆူရှိခဲ့ပါသည်။ ဤဓာတ်တော်စေတီများကို ဝေသာလီပြည်ရှင် မဟာတိုင်းစန္ဒြမင်းတရားကြီးသည်
ပြန်လည်ပြုပြင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရပါ သည်။ ဤအကြောင်းကိုထောက်ရှု၍လည်း
ထိုစေတီများမှာ ဝေသာလီခေတ်မတိုင်မီကပင် ရှိနှင့်ခဲ့ပြီးကြောင်း သိရှိရပါသည်။ ရခိုင်သမိုင်းစာပေနှင့်လည်းကောင်း
ရုပ်ဝတ္ထုသက်သေဖြင့်လည်းကောင်း ကိုက်ညီနေပါ၍ စန္ဒာသူရိယမင်းလက်ထက် မြတ်စွာဘုရားရှင် ဓည၀တီသို့ကြွရောက်ပြီး
မဟာမုနိ ရုပ်ရှင်တော်ကို သွန်းလုပ်ခဲ့ကြောင်း ယုံကြည်ပါသည် ဘုရား။
မန္တလေး မဟာမုနိဘယ်ကရ
နောက်တစ်ချက်က ဆရာတော်တို့ မန္တလေးမြို့တွင်ရှိသော
မဟာမုနိဘုရားကို ဘယ်ကရယူခဲ့ သလဲဘုရား။ ဤမဟာမုနိဘုရားကို ဘိုးတော်ဘုရား၏ သားတော်ကြီး
ဥပရာဇာသည် ရခိုင်ပြည်က ပင့်ယူခဲ့ခြင်း မဟုတ်ပါလား ဘုရား။ ဤဘုရားကြီး၏သမိုင်းမှာလည်း
ရခိုင်ပြည်၊ ဓည၀တီပြည်ရှင် စန္ဒာသူရိယမင်း သွန်းလုပ်ခဲ့ ကြောင်း ရေးထားပါသည် ဘုရား။
သမိုင်းအစောင်စောင်၌လည်း မဟာမုနိဘုရားကို စန္ဒာသူရိယမင်း သွန်းလုပ်ခဲ့ ကြောင်းသာ တညီတညွတ်တည်း
ဖော်ပြထားကြပါသည ဘုရား။ ယင်းမြတ်စွာဘုရားကိုယ်တော်တိုင် ရခိုင်ပြည် သို့ကြွရောက်ခဲ့၍
သေလာဂီရိတောင်ပေါ်၌ တစ်ထောက်ရပ်တန့်ခဲ့ပြီး စန္ဒသူရိယမင်းလျှောက်ထားသဖြင့် နန်းတော်သို့ကြွရောက်
သီတင်းသုံးပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဖြေကြားလိုပါသည်။
----------------------------------------------------------------------------------------------------------------
မေးခွန်းနံပါတ်(၄)
သင်္ဂါယနာခြောက်တန်၌မပါဘဲလျှက် ရခိုင်ပြည် ဝေသာလီ ရွှေတောင်ကြီး၌ စတုတ္ထ သင်္ဂါယနာကို တင်ခဲ့သည်ဟု
ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။
ဤမေးခွန်းနှင့်ပတ်သက်၍
တပည့်တော် အရှည်ဖြေကြားရမည်ဖြစ်ပါသည် ဘုရား။ ဘုရားသခင် ပရိနိဗ္ဗာန်စံလွန်ပြီး မကြာမြင့်မီကာလတွင်
အဇာတသတ်မင်းကြီးသည် ပထမအကြိမ် သင်္ဂါယနာကို တင်ခဲ့ပါသည်
ဘုရား။ တင်ရသော
အကြောင်းရင်း၊ တင်ခဲ့သောနေရာနှင့် တိုင်းပြည်၊တင်ရာ၌ အားပေးအားမြှောက်ပြု ပေသော ဘုရင်၊
တင်ရာ၌ပါဝင်သော ရဟန္တာများ၊ ဦးဆောင်သော ရဟန္တာ၊ ရည်ညွှန်းသော ဂါထာပုဒ် ပါဠိတော် စသည်အားဖြင့်
အင်္ဂါဆယ်တန်နှင့် ပြီးအောင်တင်ခဲ့ကြောင်း ဖတ်ရှုရပါသည် ဘုရား။
ပဉ္စမ သင်္ဂါယနာတင်
တပည့်တော်တို့ ရခိုင်ပြည်နယ်ဘက်က စာပေတို့မှာ
သင်္ဂါယနာအကြောင်းနှင့် ပတ်သက်၍ သင်္ဂါယနာကြီး သင်္ဂါယနာချေ (ငယ်) ဟူ၍ နှစ်မျိုးနှစ်စား တွေ့ရှိရပါသည်။
သင်္ဂါယနာကြီးများကို နံပါတ်စဉ်အတိုင်း ရေတွက်ပြီးလျှင် သင်္ဂါယနာငယ်များကိုတော့ မိမိတို့တိုင်းပြည်အတွင်း၌
နံပါတ်စဉ်တပ်ထားခဲ့ကြပါသည်။ လေးမြို့ခေတ် ပဉ္စာမြို့၌ ဘုရင်မင်းရင်ဖြူသည် ဧကဒသမမြောက်
သင်္ဂါယနာကိုတင်၏ဟူ၍ ရေးသားချက်ကို တွေ့ရပြီးလျှင် ပဉ္စမမြောက် သင်္ဂါယနာကိုလည်းတင်၏ဟု ရေးသားထားပါသည်။
ဘုရင်တစ်ပါးသည် သင်္ဂါယနာ (၂) ကြိမ်တင်ကြောင်း သိရှိရပါသည်။ ဤသို့ဖြစ်လျှင် မင်းရင်ဖြူသည်
သင်္ဂါယနာကြီးကို ပဉ္စမအကြိမ်တင်ပြီးလျှင် သင်္ဂါယနာငယ်ကို တစ်ဆယ့်တစ်ကြိမ်မြောက်တင်မည်ဟု
မှတ်သားရပါသည် ဘုရား။
သမိုင်းမှတ်တမ်းမှာတွေ့
သင်္ဂါယနာတင်ခြင်းဆိုင်ရာ ရခိုင်ပြည်သို့စီးဆင်းလာသော
ရေစီးကြောင်း ကိုသာ တပည့်တော် လျှောက်ထားပါသည် ဘုရား။ တပည့်တော် ရှေ့ကလျှောက်ထားခဲ့သည့်အတိုင်း
တပည့်တော်ကို့ ရခိုင်တွင် မိမိတို့၏ သာသနာဆိုင်ရာ ဆင်းသက်လာပုံသည်လည်းကောင်း၊ မိမိလူမျိုးဆင်းသက်လာရာလည်းကောင်း
မြို့ပြအုပ်ချုပ်ရေး ရှင်ဘုရင်မင်းဆက်များ စဉ်ဆက်ဆင်းသက်လာပုံကို သီးခြားတွေ့ရှိရပါသည်။
ဤအကြောင်း များကို သမိုင်းမှတ်တမ်းများမှာသာ တွေ့ရှိရမည်ဖြစ်ပါသည် ဘုရား။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးနောက်
မကြာမီကာလတွင် ပထမအကြိမ် သင်္ဂါယနာကို ရာဇဂြိုဟ်ပြည်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဇာတသတ်မင်းကြီးက
အထောက်အကူပြုပြီး အရှင်မဟာကဿပ ဦးဆောင်ခဲ့ပါသည်။အရှင်မဟာကဿပမေးသမျှ အရှင်အာနန္ဒာကဖြေကြားပြီး
နှုတ်ထက်ရွတ်၍ သင်္ဂါယနာတင်ခဲ့ ပါသည်။ အဘယ်ကြောင့် သင်္ဂါယနာတင်ခဲ့ပါသည်ဆိုသော် မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံလွန်သောအခါ အလောင်းတော်ကိုနံ့သာထင်းများစုပြီး မီးသဂြိုဟ်ရန် မီးရှို့သော်လည်း ထင်းများမှာ မီးမလောင်ပါဘုရား။
အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏ တပည့်ကြီးဖြစ်သော
အရှင်မဟာကဿပ မရောက်သေးသောကြောင့်ပါ ဘုရား။
တပည့်ငါးရာနှင့် လမ်းခရီးမှာ ရှိနေပါသေးသည်။ အရှင်မဟာကဿပ၏ တပည့်ရဟန်းများမှာ ပုထုဇဉ်များဖြစ်ကြသည့်အတွက်
ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီးနောက် ကြွင်းကျန်ရစ်သော ဓာတ်တော်များကိုသာမြင်ရလျှင်
ဘုရား၏ကိုယ်မှဖြစ်သော ဓာတ်တော်များကို ယုံမှားသံသယဖြစ်ဖွယ်ရှိပါသည် ဘုရား။ မိမိမျက်မြင်ကိုယ်တိုင်တွေ့မှသာ
မြတ်စွာဘုရား၏ ကိုယ်ကာယတော်မှ ဓာတ်တော်များ ကြွင်းသည်ကို ယုံကြည်သည်ဖြစ်ပါသည်ဘုရား။
နောက်တစ်ချက်က ရဟန်းတော်များသည် အသက်ရှင်စဉ်က ဖူးမျှော်ရသော်လည်း ပရိနိဗ္ဗာန်စံလွန်သော
အလောင်းတော်ကို ဖူးမျှော်ရလျှင်လည်း ဘုရားရှင်အပေါ် ပိုမိုကြည်ညို သဒ္ဓါပွားများစေရန်အတွက်
မီးမလောင်ခြင်းဖြစ်ပါသည် ဘုရား။
အရှင်မဟာကဿပနှင့် ရဟန်းတော်များ ကုဿိနာရုံပြည်သို့လာရာလမ်းတွင်
တစ်ခုသော သစ်ပင်ရင်း၌ နားနေတော်မူပါသည်။ ထိုအချိန်၌ တက္ကတွန်းတစ်ယောက်သည် မန္ဒာဝရနတ်ပန်း
ကို ထီးလုပ်၍ ဆောင်းပြီးလျှင် ကုဿိနာရုံပြည်ဘက်မှ ပါဝါပြည်ဘက်သို့လာနေုသည်ကို အရှင်မဟာကဿပမြင်ခဲ့ပါသည်။
ထိုတက္ကတွန်း၏ ပြောပြချက်အရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ကြောင်း ကြားသိခဲ့ရပါသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ လွန်ကြောင်း ကြားသိရသောအခါ အရှင်မဟာကဿပနှင့်ပါလာသော သုဘဒ္ဒရဟန်းသည်
ဘုရားပရိနိဗ္ဗာန်စံလွန် သဖြင့် ငိုကြွေးနေသော ရဟန်းတို့အား မငိုကြရန်ပြောပြီး ဂေါတမမြတ်စွာဘုရားသည်
ရဟန်းများကို ဤသည်သော အရပ်ကို မရပ်ရ။ ဤသည်သော အကျင့်ကို မကျင့်ရာစသည်ဖြင့် ငါတို့အား
ချုပ်ချယ်ခဲ့သည်။ ယခု ငါတို့ပြုလိုရာ ပြုနိုင်ပြီဟု ဆိုခဲ့ပါသည်။
ပထမ သင်္ဂါယနာတင်
ထိုသုဘဒ္ဒရဟန်း၏ စကားကိုကြားမိသော
အရှင်မဟာကဿပသည် များစွာတုန်လှုပ်မိပါသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်သည်မှာ ခုနှစ်ရက်
တစ်ပတ်သာရှိသေးသည်။ ဘုရားဟော တရားတော်များနှင့် ၀ိနည်းတော်များကို မျက်ကွယ်ပြုမည့်
အရိပ်အရောင်ပေါ်နေပြီ သာသနာတော် ဆုတ်ယုတ်ရန်အကြောင်းများ ပြန်ပေါ်လာနိုင်သည်ဟု စိတ်မှာ
မှတ်သားမိခဲ့ပါသည် ဘုရား။ ယင်းကြောင့် ဘုရားဟောသမျှကို ရဟန်းတော်များ မှ စုပေါင်း၍
ပြန်လည်ရွတ်ဆိုသင်္ဂါယနာတင်ရန် အကြံဖြစ်ခဲ့ပါသည် ဘုရား။ ယင်းကြောင့် အရှင်မဟာကဿပ အမှူးပြုသော
ရဟန္တာငါးရာတို့သည် ပထမသင်္ဂါယနာကို တင်ခဲ့ပါသည် မဟုတ်ပါလား ဘုရား။
ဒုတိယ သင်္ဂါယနာတင်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ၍ နှစ်ပေါင်းတစ်ရာခန့်ကြာသောအခါ ၀ိဇ္ဇိတိုင်းသား ရဟန်းတို့သည်
ဝိနည်းသိက္ခာပုဒ်တော်များ၌
ပြင်ဆင်ချက် ၁၀ ချက်ကို ပြုလုပ်ခဲ့ပါသည်။ ဘုရားရှင်၏
ဝိနည်းတော်ကို ဖီဆန်၍လာခဲ့ကြပါသည်။ ယင်းကြောင့် ဝေသာလီပြည်တွင် ကာလာသောကမင်းကြီး တကာပြု၍ အရှင်မဟာကဿပအမှူးပြုကာ ရဟန္တာ ( ၇၀၀
) တို့သည် ဒုတိယသင်္ဂါယနာကို တင်ခဲ့ကြပါသည် ဘုရား။
တတိယ သင်္ဂါယနာတင်
တတိယအကြိမ် သင်္ဂါယနာကို ပါဋလိပုတ်ပြည့်ရှင်
အသောကမင်းကြီး ဒကာပြု၍ ရဟန္တာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီး အမှူးပြုလျှက် ရဟန်းတစ်သောင်းဖြင့်
တင်ခဲ့ပါသည်။ ဤသည်တို့မှာ မဇ္ဈိမဒေသ၌ တင်ခဲ့သော သင်္ဂါယနာ သုံးတန်ဖြစ်ပါသည်။
စတုတ္ထ သင်္ဂါယနာတင်
တပည့်တော်တို့ ဝေသာလီတွင် စတုတ္ထအကြိမ်
သင်္ဂါယနာတင်ခဲ့ကြောင်းကို လျှောက်ထား ပါမည် ဘုရား။ ဝေသာလီခေတ်သည် အေဒီ လေးရာစုမှ ကိုးရာစုအထိ
ထွန်းကားခဲ့သော ခေတ်ဖြစ်ပါသည်။ ထိုဝေသာလီမင်းများသည် ထေရ၀ါဒဘာသာဝင်များဖြစ်သဖြင့် သီဟိုဠ်နိုင်ငံနှင့်
လူမှုရေးအရသော်လည်းကောင်း ဘာသာရေးအရသော်လည်းကောင်း ဆက်ဆံမှုရှိခဲ့ပါသည်။ ယင်းကြောင့်
ဝေသာလီဘုရင် သီရိစန္ဒြမင်း ( သီရိဓမ္မ၀ိဇယမင်း)
သည် သီဟိုဠ်မှ ရဟန်းသံဃာတော် တစ်ထောင်ကိုပင့်ဆောင်ပြီး ရခိုင်မှ ရဟန်းသံဃာ တစ်ထောင်၊
သံဃာတော်နှစ်ထောင်တို့ဖြင့် စတုတ္ထသင်္ဂါယနာကို ဝေသာလီ ရွှေတောင်ကြီးတွင် တင်ခဲ့ပါသည်။
မေဓပညာ မော်ကွန်းမှာ
အကြီးအမှူးပြုသောပုဂ္ဂိုလ်မှာ စူဠရေ၀ရဟန္တာမထေရ်ကြီးဖြစ်ပါသည်။
သုံးနှစ်ကြာအောင် ကြေးပြားငါးထောင်ပေါ်တွင် ရေးသားပြီး သင်္ဂါယနာတင်ခဲ့ကြောင်း မေဓပညာမော်ကွန်းစာတွင်
တွေ့ရပါသည် ဘုရား၊ သံဃာတော်များ သီတင်းသုံးနေထိုင်ရန်အတွက် ရွှေတောင်ကြီးကို ညီညာစွာညှိပြီး
ကျောင်းတော်ကြီး ငါးဆောင် ဆောက်လုပ်ခဲ့ကြောင်း ထိုမော်ကွန်းအရ သိရှိရပါသည်။ ယနေ့တိုင်
ကျောင်းတော်ရာများကို တွေ့နိုင်ပါသည် ဘုရား၊ မဇ္စျိမဒေသတွင် အသောကမင်းကြီးတင်ခဲ့သော
သင်္ဂါယနာမှာ တတိယအကြိမ်ဖြစ်သဖြင့် ထိုတတိယအကြိမ်မှ ဆက်လက်ရေတွက်ခဲ့သောကြောင့် ဝေသာလီတွင်
တင်ခဲ့သော သင်္ဂါယနာမှ စတုတ္ထအကြိမ် ဖြစ်ပါသည် ဘုရား။
သင်္ဂါယနာကြီး
သင်္ဂါယနာတင်ရာတွင် ဘုရား၏ ပိဋကတ်တော်များကို
သိကျွမ်းနိုင်သော ရဟန္တာများ ပါဝင်သော အထမြောက်ကြောင်း သိရှိရပါသည် ဘုရား။ ယင်းကဲ့သို့
ရဟန္တာများပါဝင်၍ တင်ခဲ့သော သင်္ဂါယနာကို ရခိုင်တို့က သင်္ဂါယနာကြီးဟု ခေါ်ပါသည်။ ဝေသာလီတွင်
တင်ခဲ့သော သင်္ဂါယနာနှင့် ရခိုင်ပြည်မှ ၀ိပဿနာဓူရ ရဟန်းငါးရာပါဝင်ပြီး သီဟိုဠ်ကလည်း ထိုအတိုင်း ပါဝင်ကြောင်း
မော်ကွန်းအရ သိရှိရပါသည်ဘုရား။ ဤအကြောင်းများကို တပည့်တော်တို့မှာ ဆင်းရဲမွဲတေနေ၍ ပုံနှိပ်ထုတ်ဝေဖို့
မတတ်နိုင်သေးပါ။ ရေးသားနိုင်သော ပုဂ္ဂိုလ်များ ရှိပါသေးသည် ဘုရား။ ယင်းကဲ့သို့ စာပုံနှိပ်ပြီး
မထုတ်ဝေနိုင်သဖြင့် သိရှိသူနည်း ပါးနေပါသည်။ ရှိလျှက်နှင့် နည်းနေခြင်းသာဖြစ်ပါသည်။
တစ်ချိန်ချိန်မှာ ထွက်ပေါ်လာပါလိမ့်မည်။
သင်္ဂါယနာတင်သည့်ကိစ္စနှင့်
တပည့်တော် တစ်ခုလျှောက်ထားလိုပါသည် ဘုရား။ သင်္ဂါယနာတင်ခြင်း မှာ မြတ်စွာဘုရား သဗ္ဗညုတရွှေဉာဏ်တော်ရသည်မှစပြီး
ဝါဆိုကာလကပင် ပရိနိဗ္ဗာန်စံသည့်ကာလအထိ လေးဆယ့်ငါးဝါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို
သင်္ဂါယနာတင်ခဲ့ပါသလား။ သို့မဟုတ် သီရိဓမ္မသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာတော်ကို သန့်စင်ခဲ့သည့်
အကြောင်းများကိုပါ တတိယအကြိမ် သင်္ဂါယနာတင်ခဲ့သည်မှာ ထည့်သွင်းပါသလား ဘုရား။ ထိုနည်းတူ
သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာ တင်ခဲ့သော ၀ဋ္ဋဂါမဏိမင်းကြီး၏ ဆောင်ရွက်ချက်များကိုပါ စတုတ္ထသင်္ဂါယနာတွင်
ရေးသားမှတ်တမ်းတင်ခဲ့ပါသလားဘုရား။ တပည့်တော်တို့ ဝေသာလီတွင်တင်ခဲ့သော သင်္ဂါယနာအကြောင်းကို
စာပေများ၌်လည်းကောင်း သမိုင်းရုပ်ကြွင်း အထောက်အထားများဖြင့် လည်းကောင်း တွေ့ရှိရပါ၏။
တပည့်တော်တို့နှင့်တကွ နိုင်ငံခြားသုတေသီတို့ လက်ခံထားပါသည် ဘုရား။
----------------------------------------------------------------------------------------------------------------
မေးခွန်း
နံပါတ် (၅) ရခိုင်ပြည်နယ်ရှိ ဓာတ်တော်များကို ကျောရိုးတော်ဓာတ် ဦးရာဇ်တော်ဓာတ် လည်ရိုးတော်ဓာတ်
စသည်ဖြင့် အမျိုးမျိုးအမည်ပေးကြသည် ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ပါဠိတော်
အဋ္ဌကထာတွင် မတွေ့ရ၍ ဖြေရှင်းပေးပါ။
ဘုရားသခင်
ပရိနိဗ္ဗာန်စံလွန်၍ မီးလောင်ကျွမ်းသောအခါ ဓါတ်တော်မွေတော် နှစ်မျိုးကြွင်းကျန်ပါသည်။ အသမ္ဗိန္နဓာတ်တော်နှင့် သမ္ဗိန္နဓာတ်တော်များဖြစ်ပါသည်
ဘုရား။ အသမ္ဗိန္နဓာတ်တော်မှာ နဖူးသင်းကျစ် တော်တစ်ဆူ ညှပ်ရိုးတော်နှစ်ဆူ စွယ်တော်လေးဆူဖြစ်ပါသည်။
သမ္ဗိန္နဓာတ်တော်မှာ အရောင်သုံးမျိုးနှင့် အရွယ်အစားသုံးမျိုးကြွင်းကြောင်း ရခိုင်ဓာတ်တော်ကျမ်း၌
ရေးသားထားပါသည်။ မြတ်စွာဘုရား၏တကိုယ်လုံးမှ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကြွင်းပါသည်။ ကွမ်းစားအားဖြင့်
တစ်ဆယ့်ခြောက်ကွမ်းစားဖြစ်ပါသည်။ အရောင်အဆင်းအားဖြင့် ရွှေရောင်ပွင့်သစ် ခရုသင်းရောင်
ချရားစေ့အရောင်တို့ဖြစ်ပါသည်။ ဘုရားရှင်၏ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို နှစ်ပြည်ထောင်မင်းတို့အား
ဒေါနပုဏ္ဏားက ဝေပေး၏။ မိမိတို့အရပ်ဒေသ များတွင် ကိုးကွယ်ခဲ့ကြပါသည်။ ထိုဓာတ်တော်များကို
မကြာမီ အဇာတသတ်မင်းသည် တိုက်ယူပြီး ရာဇဂြိုဟ်ပြည် မှာ မြေထဲစေတီတည်၍ ထားခဲ့ပါသည်။ ဓာတ်တော်အကြောင်း
ဤနေရာတွင်ဆုံးနေပါပြီ။ ဤသည်ကား ပေါင်တော်ဓာတ် မျက်လုံးတော်ဓာတ် လည်ရိုးတော်ဓာတ် စသည်ဖြင့်
အဋ္ဌကထာတွင် မပါရှိပါ။
ဓာတ်တော်များ
ရောက်ရှိပုံ
သို့သော် ထိုဓာတ်တော်များမှာ ယနေ့ထိ ရခိုင်ပြည်၌
အမည်နာမနှင့်တကွ တည်ရှိနေ သေးသည်။ ဤဓာတ်တော်များ ရခိုင်ပြည်သို့ အဘယ်ပုံရောက်ရှိလာပုံကို
ရှင်းလင်းလျှောက်ထားပါမည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်း နှစ်ရာတစ်ဆယ့်ရှစ်နှစ်ကြာတွင်
ပါဋလိပုတ်ပြည်၌ သီရိဓမ္မာသောက မင်းကြီးသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကိုရည်စူးပြီး
စေတီတည်လိုသဖြင့် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ရှာဖွေခဲ့ပါသည်။ အဇာတသမင်းမြှုပ်ထားခဲ့သော
ဓာတ်တော်များကို တူးဖော်ယူခဲ့ပါသည်။ ထိုဓာတ်တော်များမှာ ရွှေပန်းကန်တွင် အားလုံး တစ်စုတစ်ပေါင်းတည်း
ဖြစ်နေပါသည်။ ထိုဓာတ်တော်များကို အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသားမှဖြစ်သောဓာတ် အရိုးမှဖြစ်သောဓာတ်
အသွေးမှဖြစ်သောဓာတ် စသည်ဖြင့် ခွဲခြားခဲ့ပါသည်။ အသေးစိတ်အားဖြင့် ဦးခေါင်းတော်ဓာတ်
ဦးနှောက်တော်ဓာတ် မျက်လုံးတော်ဓာတ် စသည်ဖြင့် မြတ်စွာဘုရား၏ အင်္ဂါကြီးငယ်ဖြစ်သောဓာတ်တော်များကို
တစ်ခုချင်းခွဲခြမ်းပြီး သီရိဓမ္မသောကမင်းကြီး အား ပေးခဲ့ပါသည်။
သီရိဓမ္မသောကမင်းကြီးသည် ဓာတ်တော်များကို
ရရှိသောအခါ ဌာပနာတည်၍ စေတီ တည်ရမည့် နေရာဒေသများကို
အရှင်မောဂ္ဂလိပုတ္တတိဿအား မေးလျှောက်ခဲ့ပါသည်။ ထိုအခါ အရှင်မောဂ္ဂလိပုတ္တတိဿက “ တကာတော်မင်းကြီး
ဤဓာတ်တော်များကို စေတီတည်ရန် နေရာဒေသများမှာ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်က ဗျာဒိတ်တော်ချမှတ်ခဲ့သော
နေရာတိုင်းတွင် စေတီတည်ရမည်ဟု “ ပြောခဲ့ပါသည်။ ထိုနေရာများသို့ စေတီတည်ရန်အတွက် ဓါတ်တော်များ
ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း မိန့်မြွက်ခဲ့ပါသည်။ ထိုအခါ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည်
အရှင် ဗာဟုလမထေရ်နှင့် အရှင်တိဿမထေရ်တို့အား မြတ်စွာဘုရား ဗျာဒိတ်တော်ချမှတ်ခဲ့သည့်
ရခိုင်ပြည်ရှိနေရာများတွင် စေတီတည်ရန် ဓာတ်တော်များကို ပို့စေခဲ့ပါသည်။
သူရိယစက္ကမင်းလက်ထက်မှာ
ထိုအရှင်တို့သည် ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ကြွရောက်ခဲ့ပါသည်။
ယင်းအချိန်တွင် ရခိုင်ပြည် ဓည၀တီတွင် သူရိယစက္ကမင်းကြီး မင်းပြုလျှက်ရှိပါသည်။ ထိုဓာတ်တော်များကို
အသျှင်ရှစ်ပါးသည် သူရိယစက္ကမင်းကြီးအား ပေးအပ်ပြီး စေတီတည်သည့်အရပ်ဒေသများကိုလည်း ပြောခဲ့ပါသည်။
သူရိယစက္က မင်းကြီးသည် ဓာတ်တော်များကိုလက်ခံပြီး မှူးကြီးမတ်ကြီးများ စစ်သူကြီးများကို
စေတီတည်ရန်အတွက် ဓာတ်တော်များကို ပေးအပ်ပြီး မြတ်စွာဘုရား ဗျာဒိတ်တော် မြွက်ဆိုခဲ့သည့်
- နေရာတိုင်းသို့ သွားရောက်၍ စေတီကို တည်စေပါသည် ဘုရား။ မြတ်စွာဘုရား ရခိုင်ပြည်သို့
ကြွရောက်ခဲ့သောအခါ ရပ်တန့်တော်မူပြီး ဗျာဒိတ်ပေးခဲ့သော သေလာဂီရိတောင်တော်၌ ကျောရိုးတော်ဓာတ်
ကို ဌာပနာပြီး စေတီတည်ခဲ့ပါသည်။ မဉ္ဇူပဗ္ဗတထောင်တွင် ချက်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ခဲ့ပါသည်။
တစ်ပြည်လုံးမှာ
ဤသို့ဖြင့် ရခိုင်ပြည်တစ်ခုလုံးတွင် ဗျာဒိတ်တော်ဝင်စေတီ
၂၄၈ ဆူကို တည်ခဲ့ပါသည်။ ဓာတ်စေတီများကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးမှ လာတည်ရခြင်းဖြစ်သောကြောင့်
မြတ်စွာဘုရားသည် ဓာတ်တော်များကို ဤသည်က ဦးခေါင်းတော်ဓာတ် ဤသည်ကား ဦးနှောက်တော်ဓာတ်
ပေါင်တော်ဓာတ် ခြေသလုံးတော်ဓာတ်စသည်ဖြင့် ခွဲခြမ်းဟောကြားခြင်းကို မပြုနိုင်တော့ပါ
ဘုရား။ ယင်းကြောင့် ဘုရားဟော ပါဠိတော် အဋ္ဌကထာ စသည်တို့မှာ မပါရှိခြင်း ဖြစ်ပါသည် ဘုရား။
အမှန်တည်သော
ဓာတ်တော်များ
အဋ္ဌကထာစသည်တို့မှာ မပါရှိသော်လည်း ယနေ့တိုင်
ကျောရိုးတော်ဓာတ် လည်ရိုးတော်ဓာတ် ချက်တော်ဓာတ် လျှာတော်ဓါတ် စသည်ဖြင့် တည်ရှိနေပါသည်။
ဤဓာတ်တော် အမည်များကို လည်း ဓည၀တီခေတ်မှစပြီး ခေတ်အဆက်ဆက်၏ဘုရင်များ ပြန်လည်ပြုပြင်ခဲ့သည်ကို
ကဗ္ဗည်းကျောက်စာ ထိုးထားခဲ့ပါသည် ဘုရား။ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်တို့မှာ
မပါသော်လည်း အမှန်စစ်စစ်တည်ရှိသော ဓာတ်တော်မွေတော်များဖြစ်ကြောင်း လျှောက်ထားပါသည်
ဘုရား။ ဓာတ်တော် မွေတော် စေတီတော်များမှာ ကစ္စပနဒီခေါ် ကုလားတန်မြစ်၏ ၀ဲယာတစ်လျှောက်၌လည်းကောင်း
အဉ္ဇနနဒီခေါ် လေးမြို့မြစ်၏ ၀ဲယာတစ်လျှောက်၌လည်းကောင်း သရီရနဒီခေါ် သရီချောင်း၏ ၀ဲယာတစ်လျှောက်၌
လည်းကောင်း ရန္နနဒီခေါ် ရမ်းချောင်း၏ ၀ဲယာတစ်လျှောက်၌လည်းကောင်း ရမ်းဗြဲကျွန်း ဖရုံကာကျွန်း
သံတွဲစသော နေရာဒေသအနှံ့ ရခိုင်တစ်ပြည်လုံးတွင် မြတ်စွာဘုရား၏ တစ်ကိုယ်လုံးရှိ ဓာတ်တော်များ
တည်ရှိခဲ့ပါ၏။ ဗုဒ္ဓ၏ ဓာတ်တော်နိုင်ငံဟုလည်း ခေါ်သင့်ပါသည်။
---------------------------------------------------------------------------------------------------------------
မေးခွန်းနံပါတ်(၆)
ရခိုင်ပြည်နယ်အတွင်း အသုံးပြုသော ပါဠိတော်မှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူနည်း၊ သင်္ဂါယနာခြောက်တန်တွင်
ပါသော မူဖြစ်သလော ဖြေရှင်းပေးပါ။
တပည့်တော်တို့ ရခိုင်ပြည်နယ်တွင် အသုံးပြုခဲ့သော ပိဋကတ်ကို ကြိုးတန်းပိဋကတ်တော် ဟုခေါ်သည်။ မြန်မာနိုင်ငံကို
ရောက်ရှိသော ပိဋကတ်တော်မှာ သထုံမှတစ်ဆင့် အနော်ရထာမင်း ယူခဲ့သော ပိဋကတ်ဖြစ်ကြောင်း
သိရှိရပါသည်။ သထုံပိဋကတ်မှာလည်း သီဟိုဠ်မှတစ်ဆင့် ရောက်လာသော ပိဋကတ်ဖြစ်၍ သီဟိုဠ်ပိဋကတ်ခေါ်ကြောင်း
သိရပါသည် ဘုရား ။ သီဟိုဠ်မှာလည်း သျှင်မဟာဗုဒ္ဓဃောဿပိဋကတ် နှင့် သီဟိုဠ်နိုင်ငံသားတို့အခေါ်
စရိယပိဋကတ်ဟူ၍ ရှိခဲ့ပါသည် ဘုရား ။ ထိုင်း ဗီယက်နမ် လာအိုတို့မှာရှိသော ပိဋကတ်ကို ဇင်းမယ်ပဏ္ဏသ
ပိဋကတ်တော်ဟု ခေါ်ကြောင်း သိရှိရပါသည်။
ကြိုးတန်း
ပိဋကတ်
တပည့်တော်တို့ရခိုင်ပိဋကတ်တော်ကို အဘယ်ကြောင့်
ကြိုးတန်းပိဋကတ်ဟုခေါ်ရခြင်းကို ရှင်းပြပါမည် ဘုရား၊ ပထမအကြိမ် သင်္ဂါယနာမူအတိုင်း ဒုတိယအကြိမ်
သင်္ဂါယနာတင်ပါသည်။ ဒုတိယအကြိမ် သင်္ဂါယနာမူအတိုင်း တတိယအကြိမ် သင်္ဂါယနာတင်ခဲ့ပါသည်။ရခိုင်ပြည်တွင်လည်း
စတုတ္ထအကြိမ် သင်္ဂါယနာတွင် တတိယအကြိမ်ကမူအတိုင်း သင်္ဂါယနာတင်ခဲ့ပါသည် ဘုရား ။ ဤကဲ့သို့
မူရင်းအတိုင်း အဆင့်ဆင့် စတုတ္ထအကြိမ် ဆင်းသက်လာသော်လည်း ပိဋကတ်တော်များကို ဖြည့်စွက်ခြင်း
ပြင်ဆင်ခြင်း နုတ်ပယ်ခြင်း လုံးဝမပြုဘဲ တစ်သဝေမတိမ်း ရခိုင်အခေါ် စာမျဉ်းအချွတ်ပင်လျှင်
မှန်ကန်သော ပိဋကတ်တော် ဖြစ်ပါသည် ဘုရား။ စာမျဉ်းဆိုသည်မှာ မျဉ်းကြောင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ရှေးစကားမှာ မျဉ်းကြောင်းကို ကြိုးတန်းဟု ခေါ်ပါသည်။ ဥပမာအားဖြင့် သစ်တုံးတစ်တုံးကို
လွှဆရာက ဗဟိုခွဲလိုလျှင် သစ်တုံး၏ခေါင်းမှနေ၍ မီးသွေးသုတ်လိမ်းထားသော ကြိုးကို အလယ်ကျအောင်ထားပြီး
အခြားတစ်ဖက်မှ လူတစ်ဦးက ကြိုးကိုဆွဲရိုက်ရ ပါသည်။ ထိုအခါ မီးသွေးသုတ်လိမ်းထားသော ကြိုး၏အကြောင်းသည်
သစ်တုံးပေါ်၌ ထင်ရှားစွာပေါ်နေပါသည်။ လုံးဝကောက်ကွေ့ခြင်းမရှိပါ။ ထိုနည်းတူ ရခိုင်ပြည်ရှိ
ပိဋကတ်တော်များမှာလည်း ကြိုးတန်းသည် အကောက်အကွေ့မရှိသကဲ့သို့ ပြုပြင်ခြင်း ပြင်ဆင်ခြင်း
နုတ်ပယ်ခြင်းတည်းဟူသော ချို့ယွင်းချက် အကောက်အကွေ့မပါရှိသဖြင့် ကြိုးတန်းပိဋကတ်ဟု အမည်ပေးထားပါသည်
ဘုရား။
ပိဋကတ်တိုက်
လေးဆယ်ရှစ်ခု
ရှေးရခိုင်ဘုရင်အုပ်စိုးသောခေတ်က မြောက်ဦး၏ပတ်ဝန်းကျင်တွင်
သံဃာတစ်ထောင် ဆံ့သော ကျောင်းတော်ကြီး သုံးဆယ့်ခြောက်ကျောင်း ရှိခဲ့ကြောင်း မှတ်သားရပါသည်။
ထိုကျောင်းတော်ကြီးများ၌ ဗုဒ္ဓစာပေကို သင်ကြားနေသော သံဃာတော်များ သည်ကြိုးတန်းပိဋကတ်တော်ကို
စံထား၍ လေ့လာကြပါသည်။ ထိုပိဋကတ်တော်များ ထားရှိရန်အတွက် ပိဋကတ်တိုက်ခေါ် ပုထိုးများကို
မြောက်ဦးမြို့ နေရာအနှံအပြားတွင် တွေ့ရပါသည်။ သမိုင်းအဆိုအရ ပိဋကတ်တိုက်ပေါင်း လေးဆယ်ရှစ်ခုရှိကြောင်း
သိရပါသည်။ ယခုအခါ ပြိုပျက်သွားသဖြင့် တချို့တ၀က်သာ ရှိပါသည်။ ယခုထက်တိုင် အကောင်းပကတိတွေ့ရသော
ပိဋကတ်တိုက်မှာ ချိန်ကိုက်ပိဋကတ်တိုက် ဘက်တော် ပိဋကတ်တိုက် မယ်တော်ကူ ပိဋကတ်တိုက်တို့
ဖြစ်ပါသည်။
ယင်းကြောင့် ရှေးခေတ် ရေးသားသောစာပေများ၌
ဝေသာလီတွင် သင်္ဂါယနာတင်ခဲ့စဉ်က မူအဖြစ်ထားခဲ့သော ကြိုးတန်းပိဋကတ်တော်မှ တစ်ဆင့်ရေးကူးခြင်း
ဖြစ်ကြောင်းကို ပေစာ၏အဆုံး၌ ကြိုးတန်း ပိဋကတ်တော်အတိုင်း ရေးကူးခြင်းဖြစ်ပါသည်ဟု ရေးသားထားသည်ကို
ယနေ့တိုင် ပေစာများတွင် တွေ့ရှိနိုင်ပါသေးသည် ဘုရား။
တပည့်တော်သည် အရှင်ဘုရား၏ မေးခွန်းများကို
ရှင်းလင်းဖြေဆိုခဲ့သည်မှာ လေးနာရီခန့် ကြာမြင့်ခဲ့ပါပြီ တပည့်တော်၏ ရှင်းလင်းဖြေဆိုချက်များကိုလည်း
သဘောပေါက်လက်ခံလိမ့်မည် ထင်ပါသည်။ အရှင်ဘုရားတို့ မှာ ဘုရားဖူးရန်လည်း ရှိပါသေး၍ တပည့်တော်၏
ရှင်းလင်းဖြေဆိုချက်များကို အဆုံးသတ်ခွင့်ပြုပါဘုရား။
ဆရာကြီး၏ ဖြေကြား လျှောက်ထားချက်အပေါ် အရှင်ဉာဏိဿရ
ဆရာတော်ကြီးက နောက်ထပ် မေးမြန်း ခြင်းမပြုတော့ဘဲ ဘုရားဖူးရန်အတွက် ညနေ ၅ နာရီခန့်တွင်
ရှစ်သောင်းပုထိုးတော်ကြီးမှ ကြွသွားခဲ့ပါသည်။
0 comments:
Post a Comment